CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄

အမျိုးသားရေး အားမာန်ခမ်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏ အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြ မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့က ကျင်းပခဲ့ သော (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားသွားခဲ့သည်။

မြန်မာလူမျိုးများသည် ရှည်လျားသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဘာသာတရားဆိုင်ရာ အဆုံးအမများ၊ အဆင့်အတန်းမြင့်မားသည့် ယဉ်ကျေးမှုထုံးဓလေ့များ၊ သိမ်မွေ့နက်နဲသည့် အနုသုခုမ ပညာရပ်များနှင့် ကိုယ် ပိုင် အမျိုးသားယဉ်ကျေးမှုကို ခြေခြေမြစ်မြစ် ထူထောင်ခဲ့ကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစွာ နေထိုင်လာခဲ့ ကြသည့် လူမျိုးဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားပါက နိုင်ငံနှင့်လူမျိုးအပေါ် အထင်ကြီး လေးစားမှုလျော့နည်းပြီး အမျိုးသားရေး အားမာန်များ ခမ်းခြောက်လာမည်၊ အမျိုးသားရေး အားမာန်ခမ်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏ အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြ မည်၊ ထို့ကြောင့် နိုင်ငံတိုင်းက မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ၊ အမျိုးသားရေး စံ နှုန်းများနှင့် အမျိုးသားရေး အနှစ်သာရများ မှေးမှိန်တိမ်ကော ပျောက်ကွယ်သွားခြင်းမရှိရအောင်၊ အမျိုးသားရေး စိတ်ဓာတ် ခိုင်မြဲအောင် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်လျက်ရှိနေကြသည်ကို တွေ့မြင်ကြရမည်”ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ကောင်းမြတ်သည့် ဂုဏ်ဒြပ်နှင့် အစဉ်အလာ၊ အမျိုးသားရေးစံနှုန်းများကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့နေစေဖို့ ရည်မှန်းပြီး အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းများကို နိုင်ငံတော်က အလေးထားကြိုးပမ်း ဆောင် ရွက်ပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းများအနက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ ကျင်းပခြင်းသည်လည်း တစ်မျိုးသားလုံး ပါဝင်ဆောင်ရွက်ကြသည့် အဆင့်အမြင့်ဆုံး အမျိုးသားရေး အားထုတ်မှု တစ်ရပ်ဖြစ်သည်”ဟု ပြောသည်။

မြန်မာတို့၏ ထူးခြားမြင့်မြတ်သည့်အစဉ်အလာများနှင့် အမျိုးဂုဏ် ဇာတိဂုဏ် ပိုမိုထွန်းတောက်ရေး၊ နိုင်ငံ တကာ အလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဝင့်ဝင့်ထည်ထည် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ မြဲမြံစွာဖြင့် မြန်မာ့အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင် ထိန်း သိမ်း သွားကြရန် နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။