CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀

မြောက်ပိုင်းမဟာမိတ်(ညီနောင်) ၃ ဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ (NSPNC) တို့ နောက်ထပ် ဆွေးနွေးပွဲ ဖြစ်နိုင်ခြေ နည်းပါးကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်း က CNI သတင်းဌာနသို့ ပြောသည်။

ညီနောင် ၃ ဖွဲ့နှင့် NSPNC တို့သည် ဆွေးနွေးပွဲကို လိုလိုလားလားဖြင့် ဆွေးနွေးခဲ့ကြခြင်း မဟုတ်ကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် ဆက်ဆံရေးအရ အပြုသဘောဆောင် ဆွေးနွေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးဖေသန်းက “အစကတည်းက မသက်သာလို့ မလွဲသာလို့ တစ်ဖက်နဲ့ တစ်ဖက် ဆက်ဆံရေးအရတာ အပြ သဘောနဲ့ သွားပြီးတော့ ဆွေးနွေးခဲ့တာလို့ ယူဆတယ်၊ ဥပမာ နှစ်ဖွဲ့ပေါ့နော် စစ်ကောင်စီနဲ့ ဒီမဟာမိတ် ၃ ဖွဲ့က အချင်းချင်း ညှိနှိုင်းပြီးတော့ ငါတို့ဆွေးနွေးချင်တာဆိုတဲ့ ကမ်းလှမ်းချက်မျိုးတွေ ဒီဖက်က မဟာမိတ် ၃ ဖွဲ့ကလည်း စစ်ကောင်စီကို အဲဒီလို တောင်းဆိုမှုတွေ မရှိဘဲနဲ့ ကြားက တရုတ်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ လုပ်ခဲ့ရတဲ့ ပွဲဖြစ်လို့ စကတည်းက ဒီပွဲက သိပ်ပြီးတော့ အသက် မဝင်ဘူးပေါ့နော်၊ သိပ်ပြီးတော့ လိုလိုလားလား ဆန္ဒရှိရှိနဲ့ ဆွေးနွေးခဲ့ တာ မဟုတ်တဲ့အတွက် နောက်တစ်ကြိမ် ဆွေးနွေးမယ်ဆိုရင်လည်းပဲ ဒါကတော့ ဖြစ်နိုင်ခြေကတော့ အကြောင်း က နည်းပါတယ်၊ တရုတ်က ပြန်ပြီးတော့ စေ့စပ်ပေးရဦးမှာပေါ့၊ နဂိုကတည်းက သူတို့အချင်းချင်း မဟုတ်ဘဲ တရုတ်က ကြားဝင်စေ့စပ်ပေးမှုကြောင့်သာ သူတို့ ဆွေးနွေးခဲ့တာ ဖြစ်တယ်၊ ဒါကြောင့် ‌နောက်တစ်ကြိမ် တရုတ် က အဲဒီလို ဖိအားပေးပြီးတော့ ကမကထပြုပြီးတော့ ထပ်ပြီးတော့ တောင်းဆိုဦးမလား ဆွေးနွေးဖို့ ပြောဦးမလား တော့ ကျနော်တို့ မပြောနိုင်ဘူးပေါ့နော်၊ သူတို့အချင်းချင်းတော့ ဘယ်လိုမှ ဆွေး‌နွေးဖို့ဆိုတာ လောလောဆယ် ဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကိုတွေ့ရစဉ်

အဆိုပါ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/ MNDAA)၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တို့ဖြင့် ဖွဲ့စည်းထားသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင် ၃ ဖွဲ့နှင့် NSPNC တို့သည် မိုင်းလားမြို့မှာ ဇွန်လ ၁ ရက်က စတင် ဆွေးနွေးခဲ့သော်လည်း ဆွေးနွေးမှု အဆင်မပြေ၍ ပျက်သွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြကြသည်။

NSPNC နှင့်နီးစပ်သူများကတော့ ဆွေးနွေးပွဲ ပျက်ခဲ့ခြင်းမဟုတ်ပဲ ပထမဆုံး ပြန်တွေ့ခြင်းဖြစ်၍ မြောက်ပိုင်းသုံးဖွဲ့ ဘက်က NSPNC ဘက်က ဆွေးနွေးလိုသည့် အကြောင်းအရာများအပေါ် ပြင်ဆင်လာခြင်း မရှိ၍ မဆွေးနွေးဖြစ်ဘဲ နောက်တစ်ကြိမ် ပြန်ဆွေးနွေးရန် သဘောတူညီခဲ့ကြကြောင်း၊ ဒုတိယအကြိမ် တွေ့ဆုံသည့်အခါ ဆွေးနွေးမည့် အကြောင်းအရာများကိုလည်း အသိပေး ရှင်းပြခဲ့ကြောင်း ပြောသည်။
ဇွန်လ ၁ ရက်က ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်‌ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော်နိုင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု နစကမှ ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း အဆိုပါ အကြောင်းအရာများကို ဆွေးနွေးခြင်း မရှိဘဲ ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်‌ ရေးကိစ္စ၊ မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စ၊ မိုခါမုန်တိုင်းသင့် ပြည်သူများထံ လူသားချင်း စာနာ ထောက်ထား မှုဆိုင်ရာ အကူအညီများ ရောက်ရှိနိုင်ရေးကိစ္စများကိုသာ ဆွေးနွေးခဲ့သည်ဟု ညီနောင် ၃ ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

ဆွေးနွေးပွဲ တစ်ခုစတင်ရန် ယုံကြည်မှုနှင့် ရင်းနှီးမှု လိုအပ်ကြောင်း၊ မဖြစ်နိုင်သည့် တောင်းဆိုမှုများကြောင့် ဆွေးနွေးပွဲ ဆက်သွားရန် ခက်ခဲကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

NSPNC နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တွေ့ဆုံရေး ကြိုးပမ်းပေးသူ တရုတ်ကိုယ်စားလှယ်ကိုတွေ့ရစဉ်

၎င်းက “အဲဒါကတော့ စောင့်ကြည့်ရမယ့် အနေအထား၊ ခက်တာက ကျနော်တို့ ခုနပြောတယ်၊ EAO အဖွဲ့တွေ ကြားထဲမှာ ခုနက NCA ကို လက်ခံခြင်း လက်မခံခြင်းဆိုတာက တစ်ပိုင်းရှိတယ်၊ တစ်ချက်ပေါ့နော်၊ နောက် တစ်ချက်က NCA ကို လက်ခံပြီးသွားရင်တောင်မှ သူတို့ ဘာတွေလိုလဲဆိုတာ နိုင်ငံရေးဆိုင်ရာ နောက်ထပ် ဆွေးနွေးချက် အများကြီးလာဦးမှာ၊ ကျနော်တို့က ဆွေး‌နွေးပွဲလေး တစ်ခုဖြစ်ဖို့တောင်မှ တော်တော်လေး ကြိုး စားရတာ ဒါပေမဲ့ အဲဒီဆွေးနွေးပွဲတစ်ခု စဖြစ်တဲ့အချိန်မှာ အရင်ဆုံး ရင်းနှီးမှုနဲ့ ယုံကြည်မှု တည်ဆောက် ရမှာပေါ့၊ အဲဒီအပိုင်းကို မဆုတ်ကိုင်နိုင်သေးဘူးဆိုရင်တော့ ကျနော်တို့ သီအိုရီအရတော့ ဆွေးနွေးပွဲတွေ ဆက် သွားဖို့တော့ နည်းနည်းခက်လိမ့်မယ်၊ အဓိက ဆွေး‌နွေးပွဲတွေ တဆင့်ချင်း တဆင့်ချင်း သွားနေတယ်ဆိုတာ ယုံ ကြည်ချက်နဲ့ ရင်းနှီးမှုပေါ့၊ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ကြတယ်၊ တစ်ယောက်ကို တစ်ယောက် ပြန်လည်ပြီး ညှိယူ ရတာ၊ အဲဒီတော့ စစချင်း လုပ်တဲ့ ဆွေးနွေးပွဲမှာပဲ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေ ချက်ချင်းလုပ်လို့ မရနိုင်တဲ့ဟာ မျိုးတွေ ရှေ့တန်း အရမ်းရောက်လာရင်တော့ ဒီလိုမျိုး ဆွေးနွေးပွဲတွေက ရှေ့ဆက်သွားဖို့က ခက်ပါလိမ့်မယ်၊ လောလောဆယ်တော့ ကျနော် အဲဒီလိုပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် AA၊ TNLA၊ MNDAA တို့သည် နိုင်ငံရေး၊ စစ်ရေးတို့ကို အတူပူးတွဲ လှုပ်ရှားနေ သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည်။