CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀

ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို တက်ရောက်ကြည့်ရှုမယ့် ပရိသတ်တွေအနေနဲ့ ကာကွယ် ဆေးထိုးထားတဲ့အခြေအနေနဲ့ မသက်ဆိုင်ဘဲ ကိုဗစ်မရှိကြောင်း စစ်ဆေးမှုကို ပြသရမယ်လို့ ပြိုင်ပွဲ ကျင်းပရေးက ပြောပါတယ်။

အသက် ၆ နှစ်နဲ့အထက် လာရောက်ကြည့်ရှုသူအားလုံးဟာ ၄၈ နာရီအတွင်း PCR စမ်းသပ်စစ်ဆေးမှု ကနေ ကိုဗစ်မရှိကြောင်း ပြသရမှာပါ။ပရိသတ်တွေအနေနဲ့ ကိုဗစ်လက္ခဏာတွေ မပြသဘူးဆိုရင် ကာတာနိုင်ငံမှာ နောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။

အသက် ၁၈ နှစ်နဲ့ အထက် ဧည့်သည်တွေကတော့ အစိုးရက ခြေရာခံမယ့် Ehteraz app ကို ဖုန်းထဲမှာ ထည့်သွင်းဖို့ လိုတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ပရိသတ်တွေအနေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ နှာခေါင်းစည်းတွေ တပ်ဆင်ထားဖို့ လိုအပ် ပေမယ့် ကာကွယ်ဆေးထိုးဖို့တော့ မလိုအပ်ပါဘူး။ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံ အတွင်းကို ဧည့်သည်အရေအတွက် ၁.၂ သန်း ဝင်ရောက်လာမယ်လို့ မျှော်လင့်ထားကြတာပါ။

“ကာတာမှာ ရှိနေတဲ့အချိန် ကိုဗစ်ရှိတဲ့သူ ဘယ်သူမဆို ပြည့်သူကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက် နဲ့အညီ သီးခြားခွဲထားဖို့ လိုအပ်တယ်”လို့ ပြိုင်ပွဲကျင်းပရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ကာတာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၄၄၀,၀၀၀(လေးသိန်းလေးသောင်း)ကျော်နဲ့ သေဆုံးသူ ၆၉၂ ဦး အထိ ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ သိရပါတယ်။နိုင်ငံအတွင်းမှာ လူဦးရေ ၂.၈ သန်းရှိပြီး ကာတာနိုင်ငံသားတွေက ၃၈၀,၀၀၀(သုံးသိန်းရှစ်သောင်း) သာ ရှိပါတယ်။

ကာတာနိုင်ငံအတွင်းမှာ အခုအချိန်ထိ စုစုပေါင်း ကာကွယ်ဆေး ၇,၄၈၇,၆၁၆ လုံးကို ထိုးနှံပေးထားပြီး ဖြစ်တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။