CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃

ဂီရောဒ့်ဟာ သြစတြီးယားအသင်းကို အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ ဂိုးသွင်းယူပြီးနောက် ပြင်သစ် အသင်းရဲ့ အသက်အကြီးဆုံးဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ ပြင်သစ်အသင်းဟာ သြစတြီးယားအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂီရောဒ့်နဲ့ ဘတ်ပီ တို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာပါ။အေစီမီလန်တိုက်စစ်မှူးဟာ သြစတြီးယားဘက်ကို ဂိုးသွင်းယူချိန်မှာ အသက် ၃၅ နှစ်နဲ့ ၃၅၇ ရက်ရှိနေပြီး အရင်စံချိန်တင်ထားတဲ့ မာချီက ၃၅ နှစ်နဲ့ ၂၈၇ ရက် ဖြစ်ပါတယ်။ အဲဒါကြောင့် ဂီရောဒ့်ဟာ ပြင်သစ်အသင်းရဲ့ အသက်အကြီးဆုံး ဂိုးသွင်းရှင်ဖြစ်လာခဲ့တာပါ။ ဒီပွဲမှာ သွင်းယူတဲ့ဂိုးကြောင့် ဂီရောဒ့်ဟာ ပြင်သစ်အတွက် ၄၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ပြင်သစ်အသင်းအတွက် ၅၁ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ အွန်နရီ ရဲ့ စံချိန်ကို လိုက်မှီဖို့ ဂီရောဒ့်အတွက် သွင်းဂိုး ၂ ဂိုးသာ လိုတော့တာပါ။

ဂီရောဒ့်ဟာ ဒီရာသီမှာ အေစီ မီလန်အတွက် ခြေစွမ်းပြသနေသလို အဓိကတိုက်စစ်မှူး ဘန်ဇီမာ ဒဏ်ရာရနေတာကြောင့် ပြင်သစ် လက်ရွေးစင်အသင်း လူစာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။အာဆင်နယ်နဲ့ ချယ်လ်ဆီး တိုက်စစ်မှူးဟောင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားရခဲ့တုန်းကလည်း ပြင်သစ်အတွက် ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဂီရောဒ့်ဟာ တိုက်ပွဲဝင်စိတ်ဓါတ်အပြည့်ရှိတဲ့သူလို့ လက်ရွေးစင်အသင်းဖော် ကလောစ့်က ချီးကျူးသွားခဲ့ ပါတယ်။ “ဂီရော့ဒ်ဟာ သူ့ကိုယ်သူသစ္စာရှိပါတယ်။သူဟာ ကွင်းထဲမှာဆို အသင်းအတွက် အရာအားလုံး ကို ပေးစွမ်းနိုင်တဲ့သူပါ။ကျနော်သူ့ကို ချီးကျူးဂုဏ်ပြုရမှာပါ။ဒါဟာ မလွယ်ကူပါဘူး။သူ့ဆီမှာ တိုက်ပွဲဝင် စိတ်ဓါတ်အပြည့်အဝရှိတယ်”လို့ ကလော့စ်က ပြောခဲ့တာပါ။

ဂီရောဒ့်ဟာ ပြင်သစ်အသင်းနဲ့အတူ ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် တတိယ အကြိမ်မြောက်အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ပြင်သစ် အသင်းအတွက်တော့ သြစတြီးယားကို အနိုင်ရတဲ့ပွဲဟာ နေးရှင်းလိဂ် ၅ ပွဲကစားအပြီးမှာ ပထမဆုံးရခဲ့တဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။

ပြင်သစ်အသင်းဟာ စက်တင်ဘာလ ၂၆ ရက်မှာ နေးရှင်းလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒိန်းမတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal