CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂

ရုရှားနိုင်ငံဖွား နှစ်ယောက်တွဲ တင်းနစ်မယ် ဒီဇလာမစ်ဇီဟာ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲက ရုရှားနဲ့ ဘယ်လာရုစ် ကစား သမားတွေကို ပြိုင်ပွဲဝင်ခွင့် မပိတ်ပင်ခင်မှာ ဂျော်ဂျီယာနိုင်ငံသူအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောလိုက်ပါတယ်။

ဒီဇလာမစ်ဇီက “ယူကရိန်းမှာဖြစ်နေတဲ့ အခြေအနေတွေကို ကျမ လုံးဝ ဆန့်ကျင်ပါတယ်။ ဒါပေမယ့် ကျမရဲ့ ကစားသမား ဘဝကို အာရုံစိုက်ပြီး အိုလံပစ် အားကစားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ရချင်တာကြောင့် ဒီဆုံးဖြတ်ချက်ကို ချခဲ့ရတာပါ။ ဒါက လွယ်ကူတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လွယ်ကူတဲ့အချိန် မဟုတ်လို့ပါ။ မတ်လကတည်းက WTA နဲ့ ဆွေးနွေးခဲ့တာပါ။ ဝင်ဘယ်လ်ဒန် ကစားဖို့ အခွင့်အရေး ရခဲ့မယ်ဆိုရင် ဂျော်ဂျီယာနိုင်ငံအတွက် ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဝင်ဘယ်လ်ဒန် မတိုင်ခင်မှာ ကတည်းက ဒါကို ဆုံးဖြတ်ခဲ့တာပါ။ ဒီလိုအချိန်မျိုးမှာ လုပ်ဖို့ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါ ဘူး”လို့ The Times ကို ပြောခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားရဲ့ လုပ်ရပ်ကြောင့် ဝင်ဘယ်လ်ဒန်အိုးပန်းက ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၄၃ မှာ ရပ်တည်နေတဲ့ ဒီဇလာမစ်ဇီဟာ ပြီးခဲ့တဲ့လက ပြင်သစ်အိုးပန်း ပြိုင်ပွဲမှာ ကြားနေ အလံအောက်မှာသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တားမြစ်ပိတ်ပင်မှုကို ရှောင်ရှားနိုင်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ယောက်တွဲ တင်းနစ်ပြိုင်ပွဲမှာ တွေ့ရတဲ့ ဒီဇလာမစ်ဇီ (Daily Post)

အသက် ၂၉ နှစ်အရွယ်ရှိ သူမရဲ့ နိုင်ငံပြောင်းလဲမှုကို WTA က ဇွန်လ ၆ ရက်နေ့က ခွင့်ပြုပေးခဲ့တာကြောင့် ဂျော်ဂျီယာနိုင်ငံသူ အဖြစ်နဲ့ ဝင်ဘယ်လ်အိုးပန်း ပြိုင်ပွဲဝင် စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

သူမကို ရုရှားနိုင်ငံသူ မိခင်နဲ့ ဂျော်ဂျီယာနိုင်ငံသား ဖခင်တို့က မွေးဖွားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက နိုင်ငံသားကတ် ကို ကိုင်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇလာမစ်ဇီဟာ ဆားဘီးယားနိုင်ငံသူ ခရူနစ်နဲ့ အခုနှစ် ဝင်ဘယ်လ်ဒန်အိုးပန်း ပြိုင်ပွဲရဲ့ နှစ်ယောက်တွဲ ပြိုင်ပွဲကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဒီဇလာမစ်ဇီက “ ပြိုင်ခွင့်မရခဲ့တဲ့ ရုရှား အားကစားသမားတွေ အားလုံးအတွက် အလွန်စိတ်ပျက်မိပါတယ်။ အခြားတင်းနစ်ပွဲ တွေနဲ့ စစ်တုရင်က လွဲပြီး အားကစားပွဲ အများစုက ရုရှားနိုင်ငံသားတွေကို တားမြစ် ပိတ်ပင်ထားပါတယ်။ သူတို့ဟာ ဘာမှ မလုပ်ခဲ့တဲ့အတွက် မျှတမှု မရှိဘူးလို့ ထင်ပါတယ်။

ဒါက ပရော်ဖက်ရှင်နယ် အားကစားသမားတွေရဲ့ အမှားမဟုတ်ပါဘူး။ အားကစားသမားအနေနဲ့ ကျမဟာ ယူကရိန်းနိုင်ငံသားတွေနဲ့ အမြဲတမ်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ လူတွေက ကျမတို့ ဆီကနေ တစ်ခုခုကို ကြားချင်နေကြပါတယ်။ ဒါပေမယ့် ဒီအခြေအနေ အပေါ်မှာ ကျမတို့ လွှမ်းမိုးနိုင်မှု မရှိပါဘူး”လို့ ပြောခဲ့ပါ တယ်။

ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲကို ဇွန်လ ၂၇ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး ဇူလိုင်လ ၄ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

Source: Daily Mail