CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆

နာဒယ်လ်ဟာ ကတ်စပါရုဒ်ကို အနိုင်ရပြီး ပြင်သစ်အိုးပန်း ချန်ပီယံဆုကို စံချိန်တင် ၁၄ ကြိမ်မြောက်အဖြစ် ရယူ နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပြင်သစ်အိုးပန်းဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ နာဒယ်လ်ဟာ ကတ်စပါရုဒ်ကို ၆-၃၊ ၆-၃၊ ၆-၀ နဲ့ အနိုင်ရရှိခဲ့တာ ပါ။နာဒယ်လ်ဟာ ပဲရစ်မြေစေးကွင်းမှာ ကစားခဲ့တဲ့ ၁၁၅ ပွဲမှာ ၁၁၂ ပွဲအထိ အနိုင်ရခဲ့ပြီး မြေစေးကွင်းဘုရင်အဖြစ် သတ်မှတ်ခြင်းခံထားရတာလည်းဖြစ်ပါတယ်။

နာဒယ်လ်ဟာ ပြီးခဲ့တဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာလည်း ဗိုလ်စွဲ နိုင်ခဲ့တဲ့အတွက် ဂရမ်းဆလမ်းဆုဖလားကို စံချိန်တင် ၂၂ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာပါ။

နာဒယ်လ်ဟာ ပြိုင်ဘက်ကြီးတွေဖြစ်တဲ့ ဖက်ဒဲရားနဲ့ ဂျိုကိုဗစ်တို့ထက် ဂရမ်းဆလမ်းဆုဖလား ၂ ကြိမ် အသာရရှိ သွားခဲ့တာလည်းဖြစ်ပါတယ်။

စပိန်တင်းနစ်ကစားသမားဟာ အသက် ၃၆ နှစ်အရွယ်မှာ ပြင်သစ်အိုးပန်း ချန်ပီယံဆု ကို ရယူနိုင်ခဲ့တာကြောင့် အသက်အကြီးဆုံး ပြင်သစ်အိုးပန်းပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း ချန်ပီယံလည်း ဖြစ်လာ ခဲ့တာပါ။ကတ်စပါရုဒ်ကတော့ တင်းနစ်ကစားသမားဘ၀ ပထမဆုံးအကြိမ် ဂရမ်းဆလမ်းဗိုလ်လုပွဲကို တက်နိုင်ခဲ့ တာဖြစ်ပါတယ်။

နာဒယ်လ်က “ဆက်သွားနိုင်ဖို့အတွက် စွမ်းအင်တွေအများကြီးလိုပါတယ်။အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာမသိပေမယ့် ကျနော်ကတော့ ဆက်ပြီးကြိုးစားသွားမှာပါ”လို့ ဆုဖလားရယူအပြီးမှာ ပြောခဲ့တာပါ။

နာဒယ်လ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် ဘယ်ဘက်ခြေထောက် နာကျင်မှုတွေကို ခံစားနေရတာဖြစ်ပါတယ်။ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ နာဒယ်လ်ဟာ ဆေးတွေအများကြီးထိုးပြီး ယှဉ်ပြိုင်ခဲ့ရတာပါ။

ခြေထောက်ကို ဆေးတွေထပ်ထိုးဖို့ လိုအပ်မယ်ဆိုရင် ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ နာဒယ်လ်က ပြောခဲ့တာဖြစ်ပါတယ်။

နာဒယ်လ်က “ခြေထောက်တွေကို ထုံစေဖို့အတွက် အာရုံကြောတွေကို ဆေးထိုးပြီး ကစားနေတာကြောင့် ဒီ နှစ်ပတ်အတွင်းမှာ ကစားနိုင်ခဲ့ပါတယ်။ ကျနော့်ဆရာဝန်တွေက အာရုံကြောတွေကို ထုံဆေးထိုးပေးနေတဲ့ အတွက် ခြေထောက်မှာ ဘာခံစားချက်မှုမှ မရှိပါဘူး။ကျနော့် ခန္ဓာကိုယ်က ဝင်ဘယ်လ်ဒန်အတွက် အဆင့်သင့် ဖြစ်တယ်ဆိုရင်တော့ သွားမှာပါ။ဝင်ဘယ်လ်ဒန်ကို ဘယ်သူကမှ မလွဲချော်ချင်ပါဘူး။ဒါပေမယ့် ထုံဆေးတွေထိုးပြီး တော့ မယှဉ်ပြိုင်ချင်ဘူး”လို့ ပြောခဲ့ပါတယ်။

Source:BBC