CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၂၇

လီဗာပူးလ်နဲ့ ရီးရယ်လ်အသင်းတိုက်စစ်မှူးဟောင်းဖြစ်တဲ့ မိုက်ကယ်အိုဝင်က အခုနှစ်ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးလ်က ရီးရယ်လ်ကို အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

မိုက်ကယ်အိုဝင်က “ကျနော်ကတော့ လီဗာပူးလ်အသင်းဟာ ရီးရယ်လ်အသင်းထက် ပိုကောင်းတယ်လို့ ထင်ပါတယ်။သူတို့ဟာ ရီးရယ်လ်အသင်းကို ထိုးနှက်နိုင်ပါတယ်။ ၃ ဂိုး - ဂိုးမရှိ ဒါမှမဟုတ် ၃ ဂိုး - ၁ ဂိုးက ကျနော့်ရဲ့ခန့်မှန်းချက်ပါ”လို့ ဒေးလီးမေးလ်ကို ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ခဲ့ရပေမယ့် အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ရယူထားတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကိုပါ ရယူပြီး တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ရီးရယ်လ် အသင်းကတော့ လာလီဂါဖလားကို ရယူထားပြီး ချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ်မြောက် ရယူနိုင်ဖို့ ယုံကြည်မှုတွေ အပြည့်ရှိနေတာဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်က “ရီးရယ်လ်အသင်းဟာ ဗိုလ်လုပွဲ တက်နိုင်ဖို့ အံမခန်းကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့တာပါ။အုပ်စုအဆင့်ကို ဖြတ်ကျော်ပြီးကတည်းက သူတို့ရဲ့ နာမည်က ဆုဖလားပေါ်မှာ ရောက်နေပါပြီ။ဒါပေမယ့် လီဗာပူးလ်အသင်းက အလွန်အတွေ့အကြုံရှိပြီး အလွန်ကောင်းမွန် တယ်လို့ ကျနော်ထင်ကြောင်း” ပြောခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ပြီး အဲ့ဒီတုန်းက ရီးရယ်လ် အသင်း က ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ဒီပွဲဟာ မကျေပွဲအဖြစ် ပြန်တွေ့တဲ့ပွဲလည်းဖြစ်ကာ ဆာလတ်ကတော့ ရီးရယ်လ်ကို ပြန်လက်စားချေဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။လီဗာပူးလ် နည်းပြ ကလောပ့်ကတော့ ဒီပွဲဟာ ၂၀၁၈ ကို ပြန်ပြီး လက်စားချေတဲ့ ပွဲမဟုတ်ဘူးလို့ ပြောထားခဲ့တာပါ။

ကလောပ့်က “ကျနော်ကတော့ လက်စားချေတာကို မယုံကြည်ပါဘူး။လက်စားချေတယ်ဆိုတာ ကောင်းတဲ့အကြံ လို့တော့ မထင်ပါဘူး။ဆာလတ်ပြောတာကို ကျနော်နားလည်ပါတယ်။ဒီတစ်ကြိမ် အနိုင်ရဖို့ အခွင့်အရေး ရခဲ့ရင် တော့ ဒါဟာ အလွန်ကောင်းမွန်တဲ့ ဇာတ်လမ်းဖြစ်မှာပါ။ဒါပေမယ့် ၂၀၁၈ မှာ ဖြစ်ပျက်ခဲ့တာကြောင့်တော့ မဟုတ်ဘူးလို့” ပြောခဲ့တာဖြစ်ပါတယ်။

ပဲရစ်မှာ ယှဉ်ပြိုင်မယ့် အခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မေလ ၂၉ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီ မိနစ် ၃၀ အချိန်မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Source:Mirror