CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၁

ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က အသင်းရဲ့ ကစားသမားအချို့ဟာ လုံလောက်အောင် ကောင်းမွန်မှု မရှိသလို အချို့ကို ပိုပြီးပေးခဲ့ရတယ်လို့ BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်က “ကျနော်တို့ အန်တိုနီ၊ ကတ်စီမီရို၊ အိုနာနာ၊ ဟော့ဂျ်လန်းနဲ့ ဆန်ချိုတို့ကို ဝယ်ယူခဲ့ပါ တယ်။ ဒီဝယ်ယူမှုတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အတိတ်မှာဖြစ်ခဲ့တဲ့ အရာတွေပါ။ ဆန်ချို ဆိုရင် ချယ်လ်ဆီးမှာ ကစားနေပေမယ့် ကျနော်တို့ဟာ သူ့ရဲ့လုပ်ခတစ်ဝက်ကို ပေးချေနေရပါတယ်။ နွေရာသီမှာ သူ့ကိုဝယ်ဖို့ ကျနော်တို့ဟာ ပေါင် ၁၇ သန်း ပေးချေနေရပါတယ်။ ကစားသမားအချို့ဟာ လုံလောက်အောင် ကောင်းမွန်မှု မရှိသလို အချို့ဆိုရင် ပိုပြီးပေးခဲ့ရပါတယ်။ ကျနော်တို့ဟာ အသင်းကို ပုံသွင်းနိုင်ဖို့အတွက် အချိန် ယူရပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်း၊ အန်တိုနီအတွက် ပေါင် ၈၁ သန်း၊ ကတ်စီမီရိုအတွက် ပေါင်သန်း ၇၀၊ ဟော့ဂျ်လန်းအတွက် ပေါင် ၇၂ သန်း၊ အိုနာနာအတွက် ပေါင် ၄၇ သန်းသုံးစွဲပြီး ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းကို တွေ့ရစဉ်

မန်ချက်စတာကလပ်ဟာ ဆန်ချိုကို ရာသီအကုန်မှာ အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ချယ်လ်ဆီး အသင်းထံ အငှားချခဲ့ပြီး အန်တိုနီကို ဘက်တစ်အသင်းထံ အငှားချခဲ့တာပါ။ 

ဆာဂျင်ရက်ကလစ်ဖ် မရောက်လာခင်မှာ ဝယ်ယူခဲ့တဲ့ ဒီကစားသမားတွေ အားလုံးဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ 

ဆာဂျင်ရက်ကလစ်ဖ်က ယူနိုက်တက်အသင်းမှာ ဘရူနိုဖာနန်ဒက်စ်လို ကောင်းမွန်တဲ့ ကစားသမားအချို့ ရှိတယ်လို့လည်း ပြောခဲ့တာပါ။

ဒါအပြင် ဆာဂျင်ရက်ကလစ်ဖ်က ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ အသင်းမှာ အချိန်အကြာကြီး ရှိမယ်လို့ ထင်ကြောင်းလည်း ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းရဲ့ အမာခံ ပရိသတ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ဟာ ကလပ်ရဲ့ရှယ်ယာ ၂၈.၉၄ ရာခိုင်နှုန်း အတွက် ပေါင် ၁.၃ ဘီလီယံ သုံးစွဲခဲ့ပြီးနောက် သူ့ရဲ့ INEOS ဟာ ကလပ်ရဲ့ ဘောလုံးလည်ပတ်မှုတွေကို ထိန်းချုပ်ခဲ့တာပါ။

ဆာဂျင်ရက်ကလစ်ဖ်ဟာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် ဝန်ထမ်း အများအပြား လျှော့ချတာတွေ အပါအဝင် အသုံးစရိတ်တွေကို ကန့်သတ်နေတာကြောင့် ဝေဖန်မှုတွေလည်း ခံနေရပါတယ်။

ထောင်နဲ့ချီတဲ့ ယူနိုက်တက်အသင်း ပရိသတ်တွေဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲမတိုင်ခင်က အသင်း ပိုင်ရှင်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

Source:CNA