CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄

အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်ဟာ ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာရဲ့နေရာမှာ အစားထိုး ဝင်ရောက်ဖို့ နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

ပဲလေ့စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၈ ပွဲကစားအပြီးမှာ နိုင်ပွဲတစ်ပွဲမှ မရသေးဘဲ ရမှတ် ၃ မှတ်သာရရှိကာ အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေတာပါ။ 

ပဲလေ့စ်အသင်းတာဝန်ရှိသူတွေဟာ အသင်းဆိုးရွားတဲ့ ရာသီစတင်မှုနဲ့ ကြုံတွေ့နေရပြီးနောက် နည်းပြ ဂလက်စ်နာရဲ့အနာဂတ်ကို စဉ်းစားမှုတွေပြုလုပ်နေတာပါ။ 

အဲဒါကြောင့် ပဲလေ့စ်အသင်းဟာ နည်းပြသစ်ရှာဖွေမှုတွေပြုလုပ်နေပြီး ဆောက်ဂိတ်ဟာ သူတို့ရဲ့ နည်းပြလောင်း စာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ပဲလေ့စ်အသင်းမှာ ၁၉၈၈ ကနေ ၁၉၉၅ ခုနှစ်အထိ ပွဲပေါင်း ၁၉၀ ကျော်ပါဝင်ကစားကာ အသက် ၂၃ နှစ်အရွယ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာပါ။ 

ပဲလေ့စ်အသင်းဟာ နည်းပြ ဂလက်စ်နာကို ရာထူးကနေထုတ်ပယ်ခံရမယ်ဆိုရင် သူတို့ရဲ့ကစားသမားဟောင်းကို နည်းပြအဖြစ်ခန့်အပ်ဖို့ စဉ်းစားနေသလို သူတို့ရဲ့နည်းပြလောင်းစာရင်းထဲမှာ ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာနဲ့ ဝက်စ်ဟမ်းအသင်း နည်းပြဟောင်း ဒေးဗစ်မိုယက်စ်တို့လည်း ပါဝင်နေပါတယ်။ 

ဆောက်ဂိတ်ဟာ ယူနိုက်တက်အသင်းနည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေလည်း ခံထားရပေမယ့် သူကတော့ နည်းပြလောကထဲကို လာမယ့်နှစ်အထိ ပြန်ဝင်ရောက်မှာမဟုတ်ဘူးလို့ ပြောထားတာပါ။ 

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၆ ကနေ ၂၀၂၄ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ယူရိုဗိုလ်လုပွဲကို ၂ ကြိမ်ဆက် ပို့ဆောင်ပေးခဲ့ ပေမယ့် ဒုတိယတွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

ပဲလေ့စ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲမရယူနိုင်ရင် နည်းပြ ဂလက်စ်နာဟာ ရာထူးကနေ ထုတ်ပယ်ခံရမယ်လို့ သိရပါတယ်။ 

Source:Goal