CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇

ရီးရယ်လ်အသင်းကြယ်ပွင့် ဗီနီစီးယက်စ်ဟာ ဒဏ်ရာကြောင့် ပီရူး၊ချီလီအသင်းတို့နဲ့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေကို လွဲချော်မယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။ 

ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းက ဗီလာရီးရယ်လ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ လည်ပင်းဒဏ်ရာရရှိခဲ့တာပါ။ 

အဲဒါကြောင့် ဗီနီစီးယက်စ်ဟာ အနားယူရမှာဖြစ်လို့ ဘရာဇီးလ်ဘောလုံး အဖွဲ့ ချုပ်ဟာ သူ့ရဲ့နေရာမှာ ဖူလ်ဟမ်အသင်းကွင်းလယ်လူ ပါရဲရားကို အစားထိုးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

ဘရာဇီးလ် အသင်းဟာ ဗီနီစီးယက်စ်မတိုင်ခင် ကစားသမား ၃ ဦးရဲ့နေရာမှာလည်း အစားထိုး ခေါ်ယူခဲ့တာပါ။ 

ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ဘရီမာ၊လီဗာပူးလ်အသင်းဂိုးသမား အယ်လီဆန်နဲ့ မင်နဲရိုးကစားသမား အေရာနာတို့ဟာ ဒဏ်ရာရခဲ့တာကြောင့် ဘရာဇီးလ်အသင်းဟာ သူတို့ရဲ့နေရာမှာ ပီအက်စ်ဂျီအသင်းက ဘီရယ်လ်ဒို၊ပါလ်မီးရက်စ်အသင်းက ဝီဗာတန်နဲ့ ဘိုတာဗိုဂိုအသင်းက တယ်လ်လက်စ်တို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

ဘရာဇီးလ်အသင်းအတွက်တော့ အရေးကြီးတဲ့ ခြေစစ်ပွဲတွေမှာ အဓိက ကစားသမားတွေကို ဒဏ်ရာကြောင့် ဆုံးရှုံးရတာဟာ ကြီးမားတဲ့ထိုးနှက်ချက်လို ဖြစ်ခဲ့တာပါ။ 

ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ ၈ ပွဲ ကစားထားပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

ဒါပေမယ့် ဘရာဇီးလ်အသင်းဟာ အဆင့် ၆ နေရာက ဗင်နီဇွဲလား အသင်းနဲ့ ရမှတ်တူ၊အဆင့် ၇ နဲ့ ၈ နေရာက ပါရာဂွေး၊ဘိုလီးဗီးယားအသင်းနဲ့ ရမှတ် ၁ မှတ်သာ ကွာဟတာကြောင့် လာမယ့်ခြေစစ်ပွဲတွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့ လိုအပ်နေပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင် အမေရိကဇုန်က ထိပ်ဆုံး ၆ သင်းတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ အသင်းက ပလေးအောဖ့်ယှဉ်ပြိုင်ရမှာပါ။ 

ဘရာဇီးလ်အသင်းဟာ ချီလီအသင်းနဲ့ အောက်တိုဘာ ၁၀ ရက် အဝေးကွင်း၊ပီရူးအသင်းနဲ့ အောက်တိုဘာ ၁၅ ရက် အိမ်ကွင်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:ChannelNewsAsia