CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁

အိုင်ယာလန်ဖိုက်တာ မက်ဂရီဂေါဟာ ဇွန်လ ၂၉ ရက်မှာ ချန်ဒလာနဲ့ ထိုးသတ်ပြီး UFC ပြိုင်ပွဲကို ပြန်လာမယ်လို့ ကြေညာလိုက်ပါတယ်။

မက်ဂရီဂေါက “ကျနော် UFC ပြိုင်ပွဲကို ပြန်လာမယ့်ရက်ကို ကြေညာချင်ပါတယ်။ ပြိုင်ပွဲကို ဇွန်လ ၂၉ ရက် လက်စ်ဗီးဂတ်စ်မှာ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ဘက်ကတော့ မိုက်ကယ်ချန်ဒလာပါ”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ဗွီဒီယိုဖိုင်တင်ခဲ့တာပါ။

UFC ဖယ်သာဝိတ်နဲ့ လိုက်ဝိတ်ချန်ပီယံဟောင်း မက်ဂရီဂေါဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက ဒက်စတင်ပိုရီရာကို အရေးနိမ့်တဲ့ပွဲမှာ ခြေထောက်ကျိုးပြီးကတည်းက ပြိုင်ပွဲတွေနဲ့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။

မက်ဂရီဂေါနဲ့ချန်ဒလာကို တွေ့ရစဉ်

အသက် ၃၅ နှစ်အရွယ်ရှိ မက်ဂရီဂေါဟာ ဒီပွဲဟာ သူရော၊ ချန်ဒလာရော ထိုးသတ်ခဲ့ဖူးခြင်းမရှိတဲ့ မစ်ဒယ်ဝိတ် တန်းမှာ ထိုးသတ်မှာလို့ ပြောပါတယ်။ 

UFC အဖွဲ့အစည်းကတော့ မက်ဂရီဂေါရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

မက်ဂရီဂေါနဲ့ ချန်ဒလာတို့ဟာ UFC ရဲ့ TV Series ဖြစ်တဲ့ The Ultimate Fighter မှာ နည်းပြတွေအဖြစ် ပါဝင် ထားကြပါတယ်။ 

အသက် ၃၇ နှစ်အရွယ်ရှိ ချန်ဒလာဟာ UFC မှာ နောက်ဆုံးပွဲအဖြစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က ဒက်စတင် ပိုရီရာနဲ့ ထိုးသတ်ထားပြီး အရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ 

ချန်ဒလာဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ MMA ပွဲပေါင်း ၃၁ ပွဲအထိ ထိုးသတ်ထားပြီး ၂၃ ပွဲအနိုင်ရ ကာ ၈ ပွဲရှုံးနိမ့်ထားတာပါ။

မက်ဂရီဂေါကတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ MMA ပွဲပေါင်း ၂၈ ပွဲ ထိုးသတ်ထားတာမှာ ၂၂ ပွဲ အနိုင်ရပြီး ၆ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

Source: BBC