CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂

အာဂျင်တီးနားနည်းပြ စကာလိုနီဟာ ဘရာဇီးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်)ပွဲစဉ်အပြီးမှာ နိုင်ငံအသင်းကနေ ထွက်ခွာနိုင်တယ်လို့ ပြောလိုက်ပါတယ်။

စကာလိုနီက “ကျနော်ဘာတွေ လုပ်မလဲဆိုတာကို အများကြီး စဉ်းစားရပါမယ်။ စဉ်းစားဖို့ အချိန်လိုအပ်ပါတယ်။ အာဂျင်တီးနား အသင်းအတွက် စွမ်းအင် အများအပြားပေးနိုင်တဲ့ နည်းပြလိုအပ်ပါတယ်။ ဒါက နှုတ်ဆက်တာ တော့ မဟုတ်ပါဘူး။ အာဂျင်တီးနားအသင်းရဲ့ တောင်းဆိုမှုက မြင့်မားနေပြီး ရှေ့ဆက်သွားဖို့ ခက်ခဲသလို အနိုင် ယူဖို့လည်း ခက်ခဲတာကြောင့် စဉ်းစားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

အာဂျင်တီးနားအသင်းဟာ ဘရာဇီးလ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစစ်ပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၄၅ နှစ်အရွယ်ရှိ စကာလိုနီဟာ အာဂျင်တီးနားအသင်းကို ၂၀၁၈ ခုနှစ်က စပြီးတာဝန်ယူခဲ့ကာ ၂၀၂၁ ကိုပါအမေရိကဖလား၊ ၂၀၂၂ Finalissima ဆုဖလားနဲ့ ၂၀၂၂ ကမ္ဘာဖလား ချန်ပီယံဆုတို့ကို ရယူနိုင်ပေးနိုင်ခဲ့တာပါ။ 

စကာလိုနီကို တွေ့ရစဉ်

စကာလိုနီနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်း နောက်ခံလူ ရိုမဲရိုးကတော့ စကာလိုနီဟာ အသင်းကို ဆက်ပြီးကိုင်တွယ်မယ်လို့ မျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ရိုမဲရိုးက “ကျနော်တို့ကတော့ သူသေချာပေါက် ဆက်ရှိမယ်လို့ မျှော်လင့်ပါတယ်။ သူ့အတွက် စဉ်းစားဖို့ အချိန်ရ ပါလိမ့်မယ်။ သူဟာ ဒါနဲ့ပတ်သက်ပြီး အဝတ်လဲခန်းထဲမှာ ဘာမှမပြောပါဘူး။ ကျနော်တို့ သူ့ကို ဆက်ရှိအောင် စည်းရုံးနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၅ မှတ် နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ဘရာဇီးလ်အသင်းကတော့ ရမှတ် ၇ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေ တာ ဖြစ်ပါတယ်။

Source: Daily Mail