CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂

ဝါရင့်ဂိုးသမားကြီး ဘူဖွန်ဟာ စီးရီးဘီကလပ် ပါးမားအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချူပ်ကို ဖျက်သိမ်းပြီး ၂၈ နှစ်ကြာ ဘောလုံးသမားဘဝကနေ အနားယူဖွယ်ရှိတယ်လို့ သိရပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိ ဘူဖွန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကစားသွားဖို့ ရည်ရွယ်ထားသလို ပါးမား အသင်းနဲ့လည်း စာချုပ်ကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ်အထိ ဆက်ကစားဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် အနည်းငယ်က ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သူ့ရဲ့ အနာဂတ်ကို ပြန်လည်စဉ်းစားဖို့ လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါ တယ်။ 

Sky Sports က ဘူဖွန်ရဲ့အေးဂျင့်ဖြစ်သူဟာ ကစားသမားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖို့အတွက် လာမယ့်ရက်အနည်းငယ်အတွင်းမှာ ပါးမားအသင်းနဲ့ တွေ့ဆုံမယ်လို့ ဖော်ပြထားတာပါ။ ဘူဖွန်ဟာ စီးရီး ဘီ ကလပ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးရင် အီတလီလက်ရွေးစင်အသင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တာဝန်ကို တာဝန်ယူရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ 

ဘူဖွန်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ခဲ့တဲ့ ပါးမားအသင်းထံ ၂၀၂၁ ခုနှစ်က ပြန်လည် ရောက်ရှိ လာခဲ့တာပါ။ သူဟာ ပါးမားအသင်းကို စီးရီးအေပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးချင်တဲ့ မျှော်လင့်ချက်နဲ့ ပြန်လာ ခဲ့ပေမယ့် နောက်ဆုံး နှစ်ရာသီအတွင်းမှာ အသင်းဟာ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။

ဘူဖွန်ဟာ ပါးမားကစားသမားဘ၀ ဒုတိယသက်တမ်းမှာ ပြိုင်ပွဲစုံ ၄၅ ပွဲပါဝင်ကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရတာပါ။ အီတလီဂိုးသမားဟောင်းဟာ ပြီးခဲ့တဲ့ရာသီက တံကောက်ကြောနဲ့ ခြေ သလုံးဒဏ်ရာတွေကြောင့် ၁၉ ပွဲသာပါဝင်ကစားခဲ့ရပြီး အနားယူနေခဲ့ရတာဖြစ်ပါတယ်။ 

ဘူဖွန်ဟာ ကစားသမားဘဝတစ်လျှောက်မှာ ကလပ်အသင်းတွေနဲ့ စီးရီးအေချန်ပီယံဆု ၁၀ ကြိမ်၊ ကိုပါ အီတာ လီယာနဲ့ စူပါကိုပါအီတာလီယာဖလား ၆ ကြိမ်စီ၊ လီဂူးဝမ်းဖလား ၁ ကြိမ်ရယူခဲ့ပါတယ်။

ဘူဖွန်ဟာ အီတလီလက်ရွေးစင်အသင်းနဲ့ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး စီးရီးအေပြိုင်ပွဲမှာ ၆၅၇ ပွဲပါဝင်ကစားခဲ့ကာ ပွဲအရေအတွက် အများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။

Source:DailyMail