CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅

ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ၂၀၂၃-၂၄ ရာသီသစ်အတွက် ပွဲစဉ်ဇယားတွေကို ထုတ်ပြန်လိုက်ရာ အဖွင့်ပွဲစဉ်မှာ အသင်းကြီးနှစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ အဖွင့်ပွဲစဉ်မှာ အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီ ကိုင်တွယ်နေတဲ့ ဘန်လေအသင်း အိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ရာသီသစ်ပွဲစဉ်ကို ဒီပွဲနဲ့ စတင်မှာပါ။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ အာဆင်နယ်အသင်းက နော်တင်ဟမ်ဖောရက်စ်နဲ့ အိမ်ကွင်း၊ ယူနိုက်တက်က ဝုလ်ဗ်စ်အသင်းနဲ့ အိမ်ကွင်း၊ နယူးကာဆယ်အသင်းက အက်စတွန်ဗီလာအသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
 
တခြားပွဲစဉ်တွေကတော့ ဘုန်းမောက်နဲ့ ဝက်စ်ဟမ်း၊ ဘရိုက်တန်နဲ့ လူတန်၊ အဲဗာတန်နဲ့ ဖူလ်ဟမ်၊ ရှက်ဖီး ယူနိုက်တက်နဲ့ ပဲလေ့စ်၊ ဘရန်ဖိုဒ့်နဲ့ စပါးတို့ ထိပ်တိုက်တွေ့ဆုံနေကြတာပါ။ အဖွင့်ပွဲစဉ်တွေကို သြဂုတ်လ ၁၁ ရက်မှာ စတင်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်မှာ ပြိုင်ပွဲအဆုံးသတ်မှာဖြစ်ပါတယ်။ ကိုဗစ်နဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေက မရှိခဲ့တဲ့ ရာသီလယ်အားလပ်ရက်ဟာ အခုနှစ်ရာသီမှာ ပြန်လည်ရရှိမှာပါ။

 

လာမယ့်ရာသီ ပထမဆုံးမန်ချက်စတာဒါဘီပွဲစဉ်ကို အောက်တိုဘာ ၂၈ ရက် အိုးထရက်ဖိုဒ့်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မတ်လ ၂ ရက်မှာတော့ မန်စီးတီးအသင်းက အိမ်ရှင်အဖြစ် ကျင်းပသွားမှာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ စပါးအသင်း တို့ရဲ့ ပထမဆုံးမြောက်လန်ဒန်ဒါဘီပွဲစဉ်ကို စက်တင်ဘာ ၂၃ ရက် အီးမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်သွားမှာပါ။

၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းက ဒုတိယနေရာက အာဆင်နယ်အသင်းကို ၅ မှတ် အသာရပြီး အမှတ်ပေးချန်ပီယံဆုကို ၃ နှစ်ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို တစ်ရာသီအတွင်း ရယူနိုင်ခဲ့ပြီး သမိုင်းဝင် အောင်မြင်မှု ရရှိခဲ့ပါတယ်။

Source:BBC