CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၈

ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)ရဲ့ လောင်းကစား စည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့အတွက် ၈ လကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အိုင်ဗန်တိုနေးဟာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်ကနေ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်ကြားထဲမှာ လောင်းကစား စည်းမျဉ်းချိုးဖောက်မှု ၂၃၂ ခုရှိခဲ့တာကို ဝန်ခံခဲ့တဲ့အတွက် အက်ဖ်အေရဲ့ အရေးယူမှုကို ခံခဲ့ရတာပါ။

အဲဒါကြောင့် အင်္ဂလန်တိုက်စစ်မှူးဟာ ဘောလုံးနဲ့ ပတ်သက်ခွင့် ၈ လကြာ ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး ဒါဟာ ချက်ချင်း အကျိုးသက်ရောက်မှု ရှိမှာဖြစ်လို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်အထိ ဘောလုံးပြန်ကစားခွင့်ရမှာ မဟုတ်ပါဘူး။

ဒါအပြင် အိုင်ဗန်တိုနေးဟာ ဒဏ်ကြေးငွေ ပေါင် ၅၀,၀၀၀ ချမှတ်ခံခဲ့ရပြီး အနာဂတ် အပြုအမူအတွက် အက်ဖ်အေ ရဲ့ သတိပေးခြင်းကိုလည်း ခံခဲ့ရတာပါ။

ဘရန်ဖို့ဒ် တိုက်စစ်မှူးဟာ ဒီပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး အယူခံဝင်လို့ရပေမယ့် အင်စတာဂရမ်မှာ တင်ထားတဲ့ သူ့ရဲ့ကြေညာချက်မှာတော့ အယူခံဝင်ဖို့ အစီအစဉ်ရှိ၊ မရှိကို ဖော်ပြထားခြင်းမရှိပါဘူး။

အင်္ဂလန်အသင်းမှာ ကစားနေတဲ့ အိုင်ဗန်တိုနေးကို တွေ့ရစဉ်

အိုင်ဗန်တိုနေးက “ကျနော့်ကို ဘောလုံးနဲ့ ပတ်သက်ခွင့် ၈ လကြာ ပိတ်ပင်ထားတဲ့ အကြောင်းကြားစာကို ရရှိထား ပါတယ်။ ၈ လကြာ ဘောလုံး မကစားနိုင်တော့တဲ့အတွက် သဘာဝအတိုင်း စိတ်ပျက်မိပါတယ်။ ဒီအချိန်မှာ ကျနော် ဘာမှတ်ချက်မှ မပေးချင်ပါဘူး။ အခုအချိန်မှာတော့ ကျနော်ချစ်တဲ့ ပွဲတွေကို နောက်ရာသီမှာ ပြန်ကစား နိုင်ဖို့အတွက်သာ အာရုံစိုက်ထားတယ်”လို့ ရေးသားထားပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ အိုင်ဗန်တိုနေးဟာ ဒီရာသီမှာ ဘရန်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၃၃ ပွဲ ပါဝင်ကစားထားပြီး ဂိုး ၂၀ အထိ သွင်းယူထားကာ အသင်းကို အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည် နိုင်အောင် စွမ်းဆောင်ပေးထားတာပါ။

အိုင်ဗန်တိုနေးဟာ ပွဲပယ်ကြောင့် ဒီရာသီ ဘရန်ဖို့ဒ်အသင်းရဲ့ လက်ကျန်ပွဲစဉ်တွေဖြစ်တဲ့ စပါး၊ မန်စီးတီး အသင်းတို့ နဲ့ပွဲစဉ်မှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

အိုင်ဗန်တိုနေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ဆောက်ဂိတ်ရဲ့ လူစာရင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး မတ်လက ယူကရိန်းကို အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အင်္ဂလန်အတွက် ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ခွင့် ရခဲ့ တာပါ။

အိုင်ဗန်တိုနေးရဲ့ အင်္ဂလန်အသင်းဖော် ထရစ်ပီယာဟာ စပါးကနေ အသလက်တီကိုအသင်းထံ ပြောင်းရွှေ့မယ့် အပြောင်းအရွှေ့ကို လောင်းကြေးထပ်နိုင်ဖို့ အခြားသူတွေကို အချက်အလက် ပေးခဲ့တာကြောင့် အက်ဖ်အေက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလက ၁၀ ပတ်ကြာပိတ်ပင်တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC