CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၅

ချယ်လ်ဆီး အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး လူကာကူဟာ နွေရာသီမှာ လန်ဒန်ကလပ် အသင်းထံ ပြန်မယ်လို့ အင်တာမီလန်အသင်း စီအီးအိုက အတည်ပြုခဲ့ပါတယ်။

မာရော့တာက “အငှားစာချုပ်က တစ်ရာသီပဲဆိုတော့ သူဘယ်လောက်ပဲ ကောင်းမွန်စွာ ကစားနေနိုင်ပါစေ၊ ချယ်လ်ဆီးအသင်းထံ ပြန်ရမှာပါ။ ဒါက မကြုံစဖူး ရာသီတစ်ခုဖြစ်ပြီး သေချာတာကတော့ ကမ္ဘာ့ဖလားကို ရည်ညွှန်းတာပါ။ ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို တခြားကလပ် အသင်းတွေနဲ့ ကမ္ဘာ့ဖလားမှာ ကစားခဲ့တဲ့ ကစားသမားတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ လူကာကူကလည်း ကိစ္စရပ်တစ်ခုပါပဲ။ လူကာကူဟာ အကောင်းဆုံး ဘောလုံးကစားဖို့ လိုအပ်တဲ့ ကြံ့ခိုင်မှုကို မရခဲ့ပါဘူး။ ဒါက သူ့ရဲ့အကောင်းဆုံး မဟုတ်သေးပါ ဘူး”လို့ Sky Italia ကို ပြောခဲ့တာပါ။

လူကာကူဟာ အင်တာမီလန်အသင်း ၂၀၁၁ နောက်ပိုင်း ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို ပထမဆုံး အကြိမ် တက်နိုင်ဖို့အတွက် ပေါ်တိုအသင်းဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် လူကာကူဟာ လွန်ခဲ့တဲ့ ၂ နှစ်က အင်တာမီလန် အသင်းမှာ တောက်ပခဲ့တဲ့ ခြေစွမ်းမျိုး ပြန်လည် ရရှိခြင်း မရှိသေးသလို ဒီရာသီရဲ့ ပွဲအများအပြားကို လူစားဝင်အဖြစ်သာ ပါဝင်ကစားခဲ့ရတာပါ။

လူကာကူကိုတွေ့ရစဉ်

အဲဒါကြောင့် အင်တာမီလန်အသင်း စီအီးအို မာရော့တာက ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယ အကျော့ ပွဲအပြီးမှာ လူကာကူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောလာခဲ့တာ ဖြစ်ပါတယ်။

လူကာကူဟာ နည်းပြ ကွန်တီ လက်ထက် ၂၀၂၀-၂၁ ရာသီက အင်တာမီလန်အသင်းကို စကူဒတ်တိုဖလား ရရှိအောင် အသင်းဖော် လောတရိုမာတီးနတ်ဇ်နဲ့ တွဲဖက်ကာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဒါပေမယ့် လူကာကူဟာ အသင်းဟောင်း ချယ်လ်ဆီးအသင်းထံ ပြန်သွားပြီးချိန်မှာတော့ ပရီးမီးယားလိဂ်မှာ အသားကျဖို့ ရုန်းကန်ခဲ့ရပြီး အင်တာမီလန်အသင်းထံ ပြန်ချင်တယ်လို့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ လူကာကူကို အခုနှစ် ရာသီအကုန်ထိ အင်တာမီလန်အသင်းထံ ပြန်ပြီး အငှား ချခဲ့တာပါ။ လူကာကူဟာ အီတလီကလပ် အသင်းထံ ပြန်ရောက်လာခဲ့ပေမယ့် ဒဏ်ရာတွေ၊ ခြေစွမ်းပိုင်း မတည် မငြိမ်မှုတွေကြောင့် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။

လူကာကူကတော့ အခုရာသီကုန်တဲ့အထိ ကျော်လွန်ပြီး အင်တာမီလန်အသင်းမှာ ဆက်ပြီး နေချင်တဲ့အကြောင်း ကို မကြာခဏဆိုသလို ထုတ်ပြောထားတာပါ။ လူကာကူဟာ ဒီရာသီမှာ အင်တာမီလန် အသင်းအတွက် ၁၈ ပွဲ ပါဝင် ကစားထားပြီး ၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Goal