CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှု အများအပြားကို လက်ခံရရှိပြီးနောက် အသင်းကို ပေါင် ၆ ဘီလီယံထက် လျော့နည်းတဲ့ ဈေးနှုန်းနဲ့ ရောင်းချသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ရောင်းချမယ်လို့ ကြေညာပြီးနောက် အသင်းကို ဝယ်ယူဖို့အတွက် တရားဝင်ကမ်းလှမ်းမှု ၂ ခုကို လက်ခံရရှိထားပါတယ်။

ကာတာဘဏ် အကြီးအကဲ ရှိတ်ဂျာဆင်အယ်သာနီနဲ့ ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်တို့က ယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဆော်ဒီနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေကလည်း ယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းလာနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားမှု အများအပြား ရှိပေမယ့် ဂလေဇာ မိသားစုကတော့ သူတို့ သတ်မှတ်ထား တဲ့ ကြီးမားတဲ့ ဈေးနှုန်းကို မပေးနိုင်ဘူးဆိုရင် ရောင်းချသွားဖို့ မရှိဘူးလို့လည်း သိရပါတယ်။

The Sun က အမေရိကန်လူမျိုးတွေဟာ ပေါင် ၆ ဘီလီယံ ထက်နည်းတဲ့ ပမာဏကို လက်ခံသွားမှာ မဟုတ်ဘူးလို့ ဖော်ပြထားတာပါ။

ဒီလို ဂလေဇာမိသားစုရဲ့ တန်ဖိုးသတ်မှတ်မှုကြောင့် ယူနိုက်တက်ကို ဝယ်ယူချင်တဲ့ သူတွေအတွက် အခက်တွေ့ လာဖွယ် ရှိနိုင်ပါတယ်။ Forbes ရဲ့ ဖော်ပြမှုအရ ၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်အသင်းရဲ့ တန်ဖိုးဟာ ပေါင် ၃.၇ ဘီလီယံ ရှိခဲ့တယ်လို့ သိရတာပါ။

ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

ရှိတ်ဂျာဆင်မ်ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ ပေါင် ၄.၅ ဘီလီယံနဲ့ အမြင့်ဆုံးလေလံဆွဲဖို့ ကမ်းလှမ်းထားပြီး ရက်ကလစ်ဖ်ကတော့ ပေါင် ၄ ဘီလီယံနဲ့ လေလံဆွဲဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

ဂလေဇာမိသားစု အသင်းကနေ ထွက်ခွာဖို့ ယူနိုက်တက် ပရိသတ်တွေက လိုလားနေကြပေမယ့် ဂျိုရယ်လ်နဲ့ အေဗရန်တို့ဟာ အသင်းကို ရောင်းချနိုင်ဖို့အတွက် စိတ်အားထက်သန်မှု နည်းပါးနေပါတယ်။

သူတို့ ညီအစ်ကိုနှစ်ဦးဟာ ကလပ်ရဲ့ နေ့စဉ်လည်ပတ်မှုမှာ အများဆုံးပါဝင်ခဲ့ကြပြီး ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ပိုင်ဆိုင်ထားပေမယ့် အသင်းကို နှုတ်ဆက်လိုခြင်း မရှိဘဲ ဖြစ်နေပါတယ်။

ကွယ်လွန် သွားပြီဖြစ်တဲ့ မယ်လ်ကွန်ဂလေဇာဟာ ၂၀၀၃ ကနေ ၂၀၀၅ ကြားထဲမှာ ယူနိုက်တက်ကို အလုံးစုံ ပိုင်ဆိုင်နိုင်ဖို့ ပေါင်သန်း ၇၉၀ သုံးစွဲခဲ့ပါတယ်။

ပေါင် ၄ ဘီလီယံနဲ့ ရောင်းချရင်တောင် ကြီးမားတဲ့ အမြတ်ကို ရရှိနိုင်ပေမယ့် ဂလေဇာမိသားစုဟာ အသင်းကို အလျင်စလို ရောင်းချလိုခြင်းမရှိဘဲ သူတို့လိုချင်တဲ့ ပမာဏရတဲ့အထိ ပိုင်ရှင်အဖြစ် ဆက်လက် ရှိနေဦးမယ်လို့ သိရပါတယ်။

ယူနိုက်တက် ပရိသတ်တွေကတော့ အသင်းအောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ၊ အရည်အသွေးမြင့် ကစားသမား သစ်တွေ အားမဖြည့်ပေးတာတွေကြောင့် ဂလေဇာမိသားစုကို ထွက်ခွာ သွားစေချင်ကြတာ ဖြစ်ပါတယ်။

Source: Mirrora