CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀

အမျိုးသမီးဒိုင်လူကြီးအဖွဲ့ဟာ ကော်စတာရီကာနဲ့ ဂျာမနီအသင်းတို့ ကစားမယ့် အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဖရက်ပါ့ဒ်ဟာ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ကိုင်တွယ်မယ့် အမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး ဖြစ်လာခဲ့တာပါ။ သူမဟာ ပြီးခဲ့တဲ့ မက္ကဆီကိုနဲ့ ပိုလန်တို့ပွဲစဉ်မှာ စတုတ္တဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး အမျိုးသမီး တာဝန်ရှိသူ ဖြစ်ခဲ့ပါတယ်။

ဖရက်ပါ့ဒ်က “ ကျမတို့ ဖိအားတွေကို သိပါတယ်။ ဒါပေမယ့် ကျမကတော့ ကိုယ့်ကိုယ်ကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ စိတ်အေးအေးထားမယ်၊ အာရုံစိုက်မယ်၊ အာရုံစူးစိုက်သွားမှာပါ။ မီဒီယာနဲ့ အရာ အားလုံးကို အများကြီး စဉ်းစားသွားမှာ မဟုတ်ပါဘူး။ ကွင်းထဲက အရာတွေကိုပဲ အာရုံစိုက်သွားမှာပါ။ ကျမ ဒါကို စလုပ်ကတည်းက အသင်းတွေ၊ ကစားသမားတွေရဲ့ အားပေးမှုတွေကို အမြဲတမ်း ရရှိခဲ့ပါတယ်။ အခုလည်း အရင် ကလိုပဲ ကြိုဆိုဖို့ မျှော်လင့်ပါတယ်”လို့ ပြိုင်ပွဲမတိုင်ခင် BBC Sport ကို ပြောခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးလုပ်မယ့် အမျိုးသမီးဒိုင်သုံးဦးကိုတွေ့ရစဉ်

ကြာသပတေးနေ့မှာ ကစားမယ့် ကော်စတာရီကာနဲ့ ဂျာမနီပွဲစဉ်ကို ပြင်သစ်လူမျိုး ဖရက်ပါ့ဒ်နဲ့အတူ ဘရာဇီးလ်က နူဇာဘက်၊ မက္ကဆီကိုက ဒီယတ်ဇ်တို့က စည်းကြပ်ဒိုင်တွေအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဖရက်ပါ့ဒ်ဟာ ၂၀၂၀ က အမျိုးသား ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ အမျိုးသမီးဒိုင်လူကြီး ဖြစ်ခဲ့ သလို၊ ၂၀၁၉ က လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ ကစားခဲ့တဲ့ ဥရောပစူပါဖလား ပွဲစဉ်ကိုလည်း တာဝန်ယူခဲ့တာပါ။

မူကန်ဆန်ဂါနဲ့ ယိုရှီမီတို့ကလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ယူဖို့ ရွေးချယ်ခံထားရတဲ့ ဒိုင်လူကြီး ၃၆ ဦး စာရင်းမှာ ပါဝင်နေတဲ့ အမျိုးသမီးဒိုင်လူကြီးတွေ ဖြစ်ပါတယ်။ အခု ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အမျိုးသမီး ဒိုင်လူကြီး တွေကို တာဝန်ယူဖို့ ရွေးချယ်ထားတဲ့ ပထမဆုံး အမျိုးသားကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်ပါတယ်။

Source: BBC