CNI News

၂၀၂၆ ခုနှစ်၊ ဇွန် ၁၆

မြန်မာနိုင်ငံအတွင်းရှိ အစိုးရကျောင်းများတွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ( မြောက်ပိုင်း) မှ ပြောင်းရွှေ့လာသည့် Grade-11 နှင့် Grade-12 ကျောင်းသူ/ကျောင်းသားများသည် ရန်ကုန်မြို့မှာ ကျောင်းအပ်နှံရန် အခက်အခဲများ ကြုံတွေ့နေရသည်။

အဆိုပါ ဒေသများမှ ကျောင်းသူ/သားများကို ကျောက်အပ် လက်မခံရန် ၂၀၂၆ ခုနှစ်၊ မတ်လတွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ ညွှန်ကြားထားခြင်းကြောင့် ကျောင်းဖွင့်ရာသီ၌ ကျောင်းအပ်နှံရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြ သည်ကို တွေ့ရှိရသည်။

ထို့နောက် နိုင်ငံရေးပါတီများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မှ လူမှုကူညီရေး အသင်းအဖွဲ့များမှ ပညာရေးမှူးနှင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးများထံသို့ တင်ပြမှုကြောင့် လက်ရှိတွင် ကျောင်းပြောင်းလက်မှတ် မပါရှိသော်လည်း ကျောင်းအပ်နှံခွင့်ကို ခွင့်ပြုထားပြီးဖြစ်သည်ဟု ကျောင်းသားမိဘများ ထံမှ သိရသည်။

သို့သော် ထိုအစီအစဉ်သည် မူလတန်းနှင့် အလယ်တန်း ကျောင်းသူ/သားများအတွက်သာ အဆင်ပြေပြီး အထက် တန်း အဓိကအားဖြင့် Grade-11 နှင့် Grade-12 ကျောင်းသူ/သားများအတွက် မပါဝင်ကြောင်း၊ ထိုကျောင်းသူ/သား များသည် ကိုယ်ပိုင်ကျောင်းများကို ရွေးချယ်ပြီး အပ်နှံနေကြရသည်ဟု ချင်းပြည်သစ်ကွန်ကရက်ပါတီဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။

ကျောင်းအပ် လက်ခံနေစဉ်

၎င်းက “ကျောင်းသူကျောင်းသားတွေ ကျောင်းပြောင်းလက်မှတ် TC မပါဘဲနဲ့ ကျောင်းအပ်နှံခွင့် ရရှိဖို့ရယ်၊ နောက် ပြီးတော့ ဘယ်လိုဖြေလျှော့ပြီး လုပ်ပေးနိုင်မလဲဆိုတာ တင်ပြလိုက်တယ်။ အဲဒီတင်ပြတာတော့ ကျနော်တို့ တစ်ခု တည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အဲဒီလိုမျိုးတွေ ဖြစ်နေတယ်၊ ပြည်ထောင်စုဝန်ကြီးကို တင်ပြလိုက်တော့ ပြည်ထောင်စုဝန်ကြီးက ပြည်နယ်နဲ့ တိုင်းဒေသကြီး ကျနော်တို့အပါ ဖြစ်လိမ့်မယ်၊ ကျနော်တို့ ချင်းကိုတော့ placement test ပေါ့။ အဲဒါလေး လုပ်ပြီးတော့ လက်ခံပေးမယ်ဆိုတာမျိုးကို ခွင့်ပြုတဲ့အတွက် မူလတန်းနဲ့ အလယ်တန်းကတော့ အဆင်ပြေပြီပေါ့။ အထက်တန်း Grade-11 , 12 ကျတော့ အဆင်မပြေပြန်ဘူး။ Grade-11 , 12 ကျတော့ ရောက်နေတာ အများစုကလည်း မိဘတွေကလည်း Grade-11 , 12 ကျတော့ မြို့ပေါ်မှာ တင်စေချင် တာပေါ့။ ပညာရေးကလည်း ဒီတစ်နှစ်၊ နှစ်နှစ်ဆိုရင် သူတို့ အသက်မွေးဝမ်းကျောင်းတစ်ခု ရသွားလောက်တယ် ဆိုတဲ့ ဟာမျိုးဖြစ်တော့ ပြည်ထောင်စုဆီကို ကျနော်တို့က ၂၀၂၆၊ ဇွန် ၁ ရက်နေ့ ကျောင်းဖွင့်တဲ့အချိန်မှာ ကျောင်း တက်လို့ မရတဲ့အတွက် အဲဒီလို ဖြစ်ပြန်တယ်။ အဲဒီလို အဆင်မပြေတာ ဖြစ်တဲ့အတွက် ပုဂ္ဂလိကကျောင်းတွေ ရောက်ကုန်တယ် ထင်တာပဲ” ဟု ပြောသည်။

လက်ရှိတွင် ကျောင်းပြောင်းလက်မှတ် ထုတ်ယူပေးရေးတွင်လည်း ဖြည့်စွတ်ရမည့် အချက်အလက်များကို ယခင်ကထက် ထပ်မံ ဖြည့်သွင်းထားခြင်းကြောင့် တချို့သော ကျောင်းများမှ ကျောင်းပြောင်းလက်မှတ်ကို ထုတ်ပေးခြင်း မရှိသေးကြောင်းလည်း သတင်းရရှိသည်။

ကျောင်းပြောင်းရွှေ့လာသည့် ကျောင်းသား အများစုသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောင်းပြောင်းရွှေ့ကြရခြင်း ဖြစ်သည့်အတွက် ကျောင်းပြောင်းလက်မှတ် ထုတ်ယူရန် အဆင်မပြေမှုများ ဖြစ်နေကြသည်။

ကျောင်းသူ/သားများကို တွေ့ရစဉ်

တစ်ဖက်တွင်လည်း အစိုးရကျောင်းများတွင် ကျောင်းပြောင်းလက်မှတ် မပါရှိခြင်းကြောင့် ကျောင်းအပ် လက်ခံ ခြင်း မပြုသည့်အတွက် အခက်အခဲများနှင့် ကြုံနေရသည်။

ထို့ကြောင့် အစိုးရကျောင်းများတွင် အပ်နှံခြင်း မပြုတော့ဘဲ ပုဂ္ဂလိကကျောင်းများတွင် အပ်နှံလာကြပြီး ပုဂ္ဂလိက ကျောင်းတွင် ကျောင်းသားဦးရေသည် ပြီးခဲ့သည့် နှစ်များထက် ယခုနှစ်တွင် များစွာ တိုးများလာသည်ဟု သိရ သည်။

ထို့နောက် ပုဂ္ဂလိကကျောင်းများတွင် ကျောင်းပြောင်းလက်မှတ် ထုတ်ယူရာတွင်လည်း ငွေကျပ် ၆ သိန်း ပေးရ သည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်နေသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကိုယ်ပိုင်ကျောင်းတွေက ကျောင်းထွက်ချင်ရင် ကျောင်းထွက်လက်မှတ် TC ပေါ့နော် transfer certificate လိုချင်ရင် ၆ သိန်း တောင်းတယ်ပြောတယ် တချို့ကျောင်းတွေက။ အဲဒါတွေ ကတော့ မဖြစ်သင့်ဘူးပေါ့။ ကလေးတွေက ဒီပြင်ကျောင်း သွားချင်ရင် မဖြစ်မနေ ပေးရမယ်ဆိုတော့လည်း နောက်ဆုံး ပေးရမယ့်လူတွေ ရှိတယ်တဲ့” ဟု ပြောသည်။

အစိုးရကျောင်းများတွင် ကျောင်းအပ်နှံရာ၌ ငွေကြေးကုန်ကျမှု မရှိသော်လည်း ကျောင်းပညာရေးစနစ် အားနည်း ခြင်း၊ သင်ထောက်ကူပစ္စည်း မပြည့်စုံခြင်း၊ ဆရာ/ဆရာမဦးရေ လိုအပ်ချက် ဖြစ်ပေါ်နေခြင်း၊ ကျောင်းသားဦးရေ များပြားခြင်းနှင့် ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ကျောင်းသားမိဘများသည် ကိုယ်ပိုင်ကျောင်းများကို ပို၍ ရွေးချယ် လာနေကြသည်။