CNI International News

ကိုလံဘို၊ ဇူလိုင် ၄

သီရိလင်္ကာတွင် လောင်စာဆီ ပြတ်လပ်မှုကြောင့် ဇူလိုင် ၃ ရက်၌ စာသင်ကျောင်းများ ပိတ်ထားသည့်ကာလ ရက်သတ္တပတ် တစ်ပတ် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

ထို့နောက် ရေနံနှင့်လောင်စာဆီ ဘဏ္ဍာရေး လိုအပ်ချက်အတွက် ပြည်ပရောက် မိမိတို့နိုင်ငံသားများအနေဖြင့် ဘဏ်များမှတစ်ဆင့် မိခင်နိုင်ငံသို့ ငွေပြန်ပို့ကြပါရန် စွမ်းအင်ဝန်ကြီးက မေတ္တာရပ်ခံခဲ့သည်။

ကြီးမားလှသော ပြည်ပကြွေးမြီ ဝန်ထုပ်ဝန်ပိုး ဖိစီးနေသော အိန္ဒိယသမုဒ္ဒရာအတွင်းရှိ သီရိလင်္ကာကျွန်းနိုင်ငံ အတွက် လောင်စာဆီရောင်းချလိုသူများက အကြွေးဖြင့် ရောင်းချပေးရန် ဆန္ဒမရှိသဖြင့် ကျောခိုင်းခဲ့ကြသည်။

“ပိုက်ဆံရှာရတာ စိန်ခေါ်မှုတစ်ခုပဲ။ ကြီးမားတဲ့စိန်ခေါ်မှုလို့ ပြောရမှာပါ” ဟု သီရိလင်္ကာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ကန်ချနာဝီဂျက်စီကီရာ (Kanchana Wijesekera) က သတင်းထောက်များကို ပြောကြားခဲ့သည်။

အစိုးရသည် လောင်စာဆီထပ်မံသိုလှောင်နိုင်ရန်အတွက် ဒီဇယ် မက်ထရစ်တန်ဖိုး ၄ သောင်းပါသည့် ပထမဆုံး သင်္ဘောသည် ဇူလိုင် ၈ ရက် (သောကြာနေ့) တွင် ရောက်ရှိလာမည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့ သည်။ ဓာတ်ဆီတင်လာမည့် ပထမဆုံးသင်္ဘောမှာမူ ဇူလိုင် ၂၂ ရက်တွင်မှ ရောက်ရှိလာမည်ဟု သိရသည်။

အခြားလောင်စာဆီ တင်ပို့မှုအများအပြားကတော့ ပိုက်လိုင်းထဲတွင်သာ ရှိသေးသည်။ သို့သော် သီရိလင်္ကာ အာဏာပိုင်များသည် ဒေါ်လာ ၅၈၇ သန်း ရရှိရေး အသည်းအသန်ရုန်းကန်နေရကြောင်း၊ မိမိတို့နိုင်ငံသည် လောင်စာဆီရောင်းချပေးသူ ၇ ဦးအတွက် ဒေါ်လာ သန်း ၈၀၀ ခန့် ကြွေးမြီတင်ရှိနေကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ လောင်စာဆီဆိုင်တစ်ဆိုင်တွင် လောင်စာဆီဝယ်ယူရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ပြီးခဲ့သည့်လက လောင်စာဆီပြတ်လပ်မှုကြောင့် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများကို တစ်ရက်ပိတ်ခဲ့ရပြီး မြို့ပြများ၌ သီတင်းနှစ်ပတ်ကြာ ပိတ်ထားခဲ့ရသည်။ ယခုလတွင်လည်း ဇူလိုင်လ ၈ ရက်အထိ ကျောင်းများ ဆက်လက်ပိတ်ထားမည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ လောင်စာဆီအလုံအလောက် မဖြန့်ဝေနိုင်သဖြင့် ဇူလိုင် ၄ ရက်မှ စတင်၍ နေ့စဉ် ၃ နာရီကြာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားမည်ဟု အာဏာပိုင်များက ကြေညာခဲ့သည်။

ဓာတ်အားဖြတ်တောက်ခံရမှုသည် လပေါင်းများစွာကြာအောင် သီရိလင်္ကာ၏ စီးပွားရေးကို ကျပ်တည်းစေခဲ့ပြီး မီးဖိုချောင်သုံးဓာတ်ငွေ့၊ ဆေးဝါး၊ စားသောက်ကုန်တင်သွင်းမှုအပါအဝင် မရှိမဖြစ်အသုံးအဆောင်များ မလုံ လောက်ခဲ့ပေ။

အဓိကပြဿနာမှာ ဒေါ်လာမရှိ၍ဖြစ်ပြီး ပြည်ပသို့ သွားရောက်လုပ်ကိုင်နေသော သီရိလင်္ကာနိုင်ငံသား ၂ သန်းခန့် ကို အလွတ်သဘောလမ်းကြောင်းများအစား ဘဏ်များမှတစ်ဆင့် မိခင်တိုင်းပြည်သို့ နိုင်ငံခြားငွေကြေး ပြန်လည် ပေးပို့ကြပါရန် ကန်ချနာဝီဂျက်စီကီရာက တိုက်တွန်းခဲ့သည်။

 

 

 

လစဉ် ဒေါ်လာ သန်း ၆၀၀ မျှရှိသော အဆိုပါနိုင်ငံသားများ၏ ငွေလွှဲမှုသည် ပြီးခဲ့သည့် ဇွန်လတွင် ဒေါ်လာ ၃၁၈ သန်းသို့ ကျဆင်းသွားခဲ့သည်။

နိုင်ငံအတွင်းသို့ နိုင်ငံခြားဝင်ငွေရှာဖွေသူများဖြစ်ကြသည့် ၎င်းတို့၏ငွေလွှဲမှုသည် ၂၀၂၁ ခုနှစ်၊ ပထမ ၆ လတွင် ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရှိခဲ့ရာ ၅၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ယခုနှစ် အလားတူကာလအတွက် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံသို့ ကျဆင်းသွားခဲ့ကြောင်း သီရိလင်္ကာဗဟိုဘဏ်၏အဆိုအရ သိရသည်။

Source: AP