CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၈
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်များကို တရုတ်အာဏာပိုင်များက ပိတ်ထားသောကြောင့် တစ်ရှူး ငှက်ပျော စိုက်ပျိုးသူများအနေနှင့် စိုက်ခင်းရှိအသီးများ တင်ပို့မရသဖြင့် စွန့်ပစ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
လက်ရှိ ကာလသည် ကပ်ဘေးကာလ၍ အပင်အစာအတွက် မြေဆီမကျွေးနိုင်သလို အလုပ်သမားများ အနေနှင့်လည်း နေရပ် ပြန်ရာမှ ပြန်မလာသည်များ ရှိသောကြောင့် အလုပ် သမား ရှားပါးခြင်း၊ တရုတ်နယ်စပ်ဂိတ်ပေါက်များ ပိတ်ထားသဖြင့် ကုန် သွယ်မှု ရပ်တန့်နေခြင်း အစရှိသည်တို့ကြောင့် တစ်ရှူးငှက်ပျော စိုက်ပျိုး ထုတ်လုပ်သူများမှာ အခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ တစ်ရှူးငှက်ပျော စိုက်ပျိုးတင်ပို့သည့် လုပ်ငန်းရှင် ကိုသားငယ်က “တစ်ရှူးငှက်ပျောတွေက ရပ်တန့်ထား ရတာ နှစ်လနီးပါးကြာနေပြီ။ တရုတ်ဂိတ်ပေါက် ပိတ်လိုက်တော့ အခုမိုးရာသီဆိုရင် မြေဆီကျွေးဖို့က မကျွေးနိုင်တော့ဘူး။ အဲဒီတော့ အပင်ရဲ့ ပြုစုပျိုးထောင်မှုနှုန်းက ရာခိုင်နှုန်း ၆၀ လောက်ပဲရှိတော့ အသီးက ၁၀၀ ရာခိုင်နှုန်း မထွက်တော့ဘူး။ ဒီလိုအတိုင်းအတာလည်းရှိတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် တစ်ရှူးငှက်ပျော တစ်ဧက စိုက်ပျိုးစာရိတ်မှာ ငွေဈေးအတက်၊ အကျပေါ်မူတည်ပြီး ဈေးနှုန်း ကွာဟမှုရှိသော် လည်း ပျမ်းမျှအားဖြင့် ရင်းနှီးမြှုပ်နှံမှုမှာ တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ အထိ ကုန်ကျစာရိတ်ရှိပြီး တစ်ကြိမ်စိုက်ပျိုးလျှင် ဩဂုတ်လမှ စတင်ကာ နောက်နှစ် ဇွန်လအထိ အသီးများ တင်ပို့ရောင်းချရကြောင်း ကုန်သည်များက ပြောသည်။
ကိုသားငယ်က “မနှစ်ကထက်စာရင် ဒီနှစ်က ကုန်သွယ်ရေးမှာ ပိုထိတယ်။ အကြောင်းအရင်းကတော့ ဒီနှစ်က ကားတွေ အသွင်း၊ အထုတ် လုပ်တဲ့နေရာမှာ တော်တော်လေး ကြန့် ကြာမှုရှိတယ်။ ငှက်ပျောသီးတွေကလည်း ရာသီချိန်ပေါ့။ ဩဂုတ်လ ဆိုတော့ ကား တစ်စီးဆ နှစ်စီးဆ ထွက်ပြီပေါ့။ အခု မပို့နိုင်တော့ဘူး။ ဒါဆိုရင် ငှက်ပျောသီးတွေက ခြံထဲမှာ ပစ်ထားရတော့ မယ်။ ရင့်လာ ရင် သူ့ဘာသာမှည့်သွားတော့မှာ။ အဲဆို ဒီအတိုင်းစွန့်ပစ်ရတော့မှာပဲ” ဟု ရှင်းပြသည်။
တစ်ရှူးငှက်ပျော စိုက်ပျိုးခြင်းသည် အဓိကအားဖြင့် တရုတ်ပြည်ကို အားထားပြီး စိုက်ပျိုးနေရသဖြင့် လက်ရှိတွင် တရုတ် ဘက်မှ နယ်စပ်ဂိတ်ပေါက်များကို ပိတ်ထားသောကြောင့် ပြည်မထဲသို့ မပို့နိုင်သဖြင့် တစ်ရှူးငှက်ပျော စိုက်ပျိုးသူ တောင်သူ များအနေနှင့် ထွက်ကုန်များကို စွန့်ပစ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
တရုတ်နိုင်ငံသို့ တစ်ရှူးငှက်ပျော တင်ပို့မှုကို လွယ်ဂျယ် နယ်စပ်ဂိတ်ပေါက်ကို အဓိကထား တင်ပို့လျက်ရှိသည်။ထို့နောက် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းမှလည်း တင်ပို့မှုရှိသော်လည်း တရုတ်ဘက်မှ ခရိုင်နှင့် ငှက်ပျောမျိုးကို သတ်မှတ် ထားသည့်အတွက် တစ်ဖက်နိုင်ငံ၏ သတ်မှတ်ချက်အတိုင်း တင်ပို့နေရသည်ဟု ကုန်သည်များက ပြောသည်။
မြန်မာဘက်တွင် တစ်ရှူးငှက်ပျော လာရောက်စိုက်ပျိုးပြီး မိမိနိုင်ငံသို့ ပြန်လည်တင်ပို့နေသည့် တရုတ်နိုင်ငံသား တချို့က တရုတ်ဘက်သို့ ပြန်သွားသည်များ ရှိသော်လည်း တချို့တရုတ်များက စိုက်ပျိုးသည့် ငှက်ပျောခြံ သက်တမ်းနုသေးသဖြင့် ဆက်လက် ကျန်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် တစ်ခုလုံးဆိုလျှင် တစ်ရှူးငှက်ပျော စိုက်ပျိုးတင်ပို့မှုမှာ တစ်ရာသီလျှင် တန်ချိန် သောင်းနှင့်ချီ၍ ရှိနိုင်ကြောင်း ကိုသားငယ်က ပြောပြသည်။
“ကျနော် တစ်ဦးထဲဆိုရင် အခု ဩဂုတ်လမှာ ၁၇ တန် ကားအစီး ၆၀၀ လောက် တိုက်ရတဲ့ အနေအထားရှိတယ်။ လုပ်ငန်းရှင် စိုက်ပျိုးတဲ့သူက ကျနော်တို့ဆီမှာ များတယ်။ အခက်အခဲကတော့ အားလုံးရှိပါတယ်။ အခု ကုမ္ပဏီလုပ်ငန်းရှင် အားလုံးညှိနှိုင်း အစည်းအဝေးထိုင်ပြီးတော့ တိုင်းရင်းသားရေးရာဝန်ကြီးကိုတော့ စာတင်ပြီး အကူညီတောင်းဖို့ရှိတယ်”ဟု ၎င်းက ပြောသည်။
ယခုပိတ်ထားသည့် နယ်စပ်ဂိတ်ပေါက်ကို နှစ်နိုင်ငံသံတမန်ရေးရာဖြင့် ညှိနှိုင်းဆွေးနွေးပြီး တချို့လိုအပ်နေသော အခက်အခဲ များကို ဖြေလျှော့ပေးကာ ကုန်ကားများကို တရုတ်ဘက်သို့ သွင်းနိုင်၊ ထုတ်နိုင်ရန် ညှိနှိုင်းပေးရန် နစက လက်အောက်ရှိ တိုင်းရင်းသားရေးရာဝန်ကြီးထံ စာတင်ပြရန် ရှိကြောင်း သိရသည်။
အဆိုပါ တစ်ရှူးငှက်ပျောကို ရန်ကုန်တိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ ကချင်ပြည်နယ် တို့တွင် အများဆုံး စိုက်ပျိုးကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
တစ်နိုင်ငံလုံးတွင် ငှက်ပျော စိုက်ဧရိယာ ဧက ၂၆၀၀၀၀ (နှစ်သိန်းခြောက်သောင်း) ကျော် စိုက်ပျိုးထားပြီး ကချင်ပြည်နယ် တွင် ဧက ၇၀၀၀၀ (ခုနှစ်သောင်း) ကျော် (၂၉ ရာခိုင်နှုန်း)၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဧက ၆၀၀၀၀ (ခြောက်သောင်း) ခန့် (၂၃ ရာခိုင်နှုန်း)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧက ၂၀၀၀၀ (နှစ်သောင်း) ကျော် (၉ ရာခိုင်နှုန်း)၊ ပဲခူးတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးတွင် ဧက ၁၀၀၀၀ (တစ်သောင်း) ကျော် အသီးသီး စိုက်ပျိုးထား ကြောင်း ၂၀၁၈-၁၉ ခုနှစ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
#ကိုသားငယ်
#တစ်ရှူးငှက်ပျော
#စိုက်ပျိုး
#မြန်မာနိုင်ငံ
#တရုတ်
#နယ်စပ်
#အ၀ယ်လိုက်မှုလျော့နည်းလာ
#စွန့်ပစ်ရမည်
#စီးပွားရေး
#CNImyanmar
#cninews
#ChannelNewsIndepent