CNI International News
ဘေဂျင်း၊ မေလ ၁၅
တရုတ်နှင့် ကိုလံဘီယာ ခေါင်းဆောင်များသည် ဘေဂျင်းမြို့တော်တွင် တွေ့ဆုံခဲ့ကြပြီးနောက် နှစ်နိုင်ငံကြား ပတ်လမ်း၊ ရပ်ဝန်း စီမံကိန်း (BRI) နှင့်ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း BRI စီမံကိန်းကြောင့် တရုတ်သည် အမေရိကန်အတွက် မဟာဗျူဟာမြောက် အရေးကြီးသည့် လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသမှ နိုင်ငံများအပေါ် ဩဇာလွှမ်းမိုးမှု မြင့်တက်ခဲ့သည်။
တရုတ်၏ BRI စီမံကိန်းနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဆယ်စုနှစ်များအတွင်း ကိုလံဘီယာနိုင်ငံ၏ အကြီးမားဆုံး လုပ်ဆောင်ချက် တစ်ခုဖြစ်ကြောင်း ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီး လော်ရာ ဆရာဘီယာ (Laura Sarabia) က မေလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘီယာသမ္မတ ပက်ထရိုကို တွေ့ရစဉ်
“အခုလို ပူပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို လက်မှတ်ရေးထိုးတာဟာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွား ကဏ္ဍတွေအတွက် အဆုံးမရှိတဲ့ အခွင့်အလမ်းတွေကို ပေါ်ပေါက်လာစေခဲ့ပါတယ်။ နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်ပါဘူး။ ကိုလံဘီယာဟာ ကမ္ဘာကြီးအတွက် တံခါးဖွင့်ထားပါတယ်” ဟု ဆရာဘီယာက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
တရုတ်သည် အမေရိကန်ပြီးလျှင် ကိုလံဘီယာ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မကြာသေးမီက ကိုလံဘီယာ၏ သွင်းကုန်ကဏ္ဍတွင် အကြီးဆုံး မိတ်ဖက်နိုင်ငံ ဖြစ်ခဲ့သည်။
တရုတ်သည် ကိုလံဘီယာနိုင်ငံထံမှ အရည်အသွေးမြင့် ထုတ်ကုန်များကို တင်သွင်းဝယ်ယူရန် အသင့်ရှိနေပြီး တရုတ်ကုမ္ပဏီများသည်လည်း ကိုလံဘီယာ၏ အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက် ရန်၊ စီးပွားရေး လုပ်ငန်းများလုပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ရန်ရှိကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က ကိုလံဘီယာသမ္မတ ပက်ထရို (Gustavo Petro) ကို ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ကာရေဘီယံနိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ်
ကိုလံဘီယာသည် ၂၀၁၃ ခုနှစ်က ရှီကျင့်ဖျင် စတင်ခဲ့သည့် BRI စီမံကိန်းကို ပူးပေါင်းမည်ဖြစ်ကြောင်း မေလ ၁၂ ရက် ကတည်းက ပက်ထရိုက ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်၏ BRI စီမံကိန်းတွင် လက်တင်အမေရိကနိုင်ငံ ၂၀ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော် က ပူးပေါင်းပါဝင်ထားသည်။
သို့သော် ပနားမားနိုင်ငံသည် ဖေဖော်ဝါရီလက BRI မှ နုတ်ထွက်ခဲ့ပြီး ထိုနုတ်ထွက်မှုနှင့် ပတ်သက်ပြီး တရုတ်က အမေရိကန်ကို အပြစ်တင်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လကတည်းက အာဏာရရှိခဲ့သည့် ပက်ထရိုသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်ကတည်းက ထူထောင်ခဲ့သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်ခဲ့သည်။
Source: ရိုက်တာ