CNI International News

နယူးဒေလီ၊ ဇွန် ၂၁ 

ယခုနှစ် မေလအတွင်း အိန္ဒိယ၏ ကုန်စည်ပို့ကုန်ကဏ္ဍသည် ပြီးခဲ့သည့်နှစ် မေလနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၁ ဘီလျံအထိ ရှိခဲ့သည်ဟု The Print သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထို့ပြင် ဧပြီလအတွင်းက ကုန်စည်ပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်ဟုလည်း စျေးကွက်ကုမ္ပဏီတစ်ခုဖြစ်သည့် CRISIL ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ရေနံနှင့် ရေနံမဟုတ်သည့် ပို့ကုန်ကဏ္ဍများ၏ မောင်းနှင်အားကြောင့် ထိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ခြင်း ဖြစ်သည်။ 

အိန္ဒိယထုတ်ကုန်ကိုတွေ့ရစဉ်

အိန္ဒိယ၏ ပို့ကုန်ကဏ္ဍ စွမ်းဆောင်ရည်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အလားအလာနှင့် ကိုက်ညီမှုရှိပြီး ယခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာကုန်စည် ကုန်သွယ်မှုပမာဏသည် ပြန်လည်နာလန်ထူလာလိမ့်မည်ဟု WTO က ခန့်မှန်းထားသည်။

အိန္ဒိယ၏ ပို့ကုန်များသည် အမေရိကန်၊ ဥရောပနှင့် ယူအေအီး အပါအဝင် အခြားနိုင်ငံများသို့ ပိုမိုရောက်ရှိခဲ့သည်။ 

မည်သို့ပင်ဆိုစေ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စျေးနှုန်းများ မြင့်တက်နေမှုသည် အမေရိကန်ဒေါ်လာ အသုံးပြုရသည့် ပို့ကုန်စျေးနှုန်းများကိုလည်း အနည်းငယ် မြင့်တက်စေကြောင်း WTO က ထုတ်ပြန်ခဲ့သည်။

ပို့ကုန်ကဏ္ဍကဲ့သို့ အိန္ဒိယ၏ သွင်းကုန်ကဏ္ဍသည်လည်း မေလအတွင်း ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာ ၆၁ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ကာ ပြီးခဲ့သည့် ၇ လအတွင်း အမြင့်ဆုံး သွင်းကုန်တန်ဖိုးအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

မေလအတွင်းက ရေနံများ တင်သွင်းဝယ်ယူမှု တန်ဖိုးသည် ဧပြီလနှင့်နှိုင်းယှဉ်ပါက ပိုမိုမြင့်တက်ခဲ့သည်။ 

အိန္ဒိယ ပို့ကုန်ကိုတွေ့ရစဉ်

ဧပြီလအတွင်းက ရေနံစိမ်း တစ်စည်လျှင် ၉၀ ဒသမ ၁ ဒေါ်လာရှိပြီး မေလတွင် ၈၂ ဒေါ်လာ ရှိခဲ့သဖြင့် အိန္ဒိယသည် ရေနံပမာဏ အများအပြားကို ဝယ်ယူတင်သွင်းခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယ၏ ကုန်သွယ်ရေး လိုငွေပြမှုသည် ဧပြီလက ဒေါ်လာ ၁၉ ဒသမ ၁ ဘီလျံရှိခဲ့ရာမှ မေလတွင် ဒေါ်လာ ၂၃ ဒသမ ၈ ဘီလျံအထိ ကျယ်ပြန့်ခဲ့ကာ ကုန်သွယ်ရေးလိုငွေပြမှု စုစုပေါင်းသည် ၂၂ ဒသမ ၅ ဘီလျံ ရှိခဲ့သည်ဟု CRISIL က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အိန္ဒိယ၏ ဝန်ဆောင်မှုလုပ်ငန်း သွင်းကုန်ကဏ္ဍသည် ဧပြီလအတွင်းက ၁၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကာ ဒေါ်လာ ၁၆ ဒသမ ၆ ဘီလျံရှိခဲ့သည်။ 

မည်သို့ပင်ဆိုစေ ပြီးခဲ့သည့် ၃ လအတွင်း ဝန်ဆောင်မှုလုပ်ငန်း သွင်းကုန်ကဏ္ဍသည် ဒေါ်လာ ၃၀ ဘီလျံခန့် ရှိခဲ့သဖြင့် ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေး ပိုငွေပြမှုသည် ခိုင်မာနေဆဲဖြစ်သည်။

အိန္ဒိယ၏ ကုန်သွယ်ရေး အရှိန်အဟုန်သည် ယခုဘဏ္ဍာနှစ်အတွင်း ကောင်းမွန်စွာ တိုးတက်ခဲ့ပြီး ကုန်စည် ပို့ကုန်များသည် ပထမ ၂ လအတွင်း ဖွံ့ဖြိုးတိုးတက်မှုရှိခဲ့သည်ဟု CRISIL က ဖော်ပြခဲ့သည်။

Source: The Print