- By CNI News
- Category: ဆောင်းပါး
- Hits: 1338
CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၇
မြန်မာနိုင်ငံရှိ အတိုက်အခံသမား ၄ ဦးကို နစက-က ကွပ်မျက်ပြီးနောက် တစ်ပတ်အကြာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ နိုင်ငံခြားရေးဝန်ကြီးများ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်တွင် တွေ့ဆုံ၍ အစည်းအဝေး ကျင်းပခဲ့ကြသည်။
အဆိုပါ သတ်ဖြတ်မှုကို အာဆီယံက ဝေဖန်ခဲ့သည်။ တပ်မတော်က အာဏာရယူပြီးနောက် ဖြုတ်ချခဲ့သည့် ရွေးကောက်ခံ နိုင်ငံရေးသမားများ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိကျသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် မြန်မာ အတွက် တာဝန်ခံထားသည့် ၁၀ နိုင်ငံပါ အာဆီယံအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။ မြန်မာသည် ၁၉၉၇ ခုနှစ်ကတည်းက အာဆီယံအဖွဲ့ဝင် ဖြစ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာရယူပြီးနောက် လူထုဆန္ဒပြပွဲများနှင့် လက်နက်ကိုင် တော်လှန်ရေးများ ပေါ်ပေါက်လာခဲ့ခြင်းဖြင့် မြန်မာနိုင်ငံသည် အကျပ်အတည်း တစ်ရပ် ထဲ ကျရောက်သွားခဲ့သည်။
လအနည်းငယ် ကြာပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အထူးကျင်းပသော အာဆီယံအစည်းအဝေးသို့ နစက ခေါင်းဆောင်ကို ဖိတ်ကြားခဲ့ရပြီး အကြမ်းဖက်မှု အဆုံးသတ်ရန်နှင့် အကျပ်အတည်း ဖြေရှင်းရန် အချက် ၅ ချက်ပါ အစီအစဉ်ကို သဘောတူစေခဲ့သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ဟု အမည်တပ်ထားသည့် စစ်တပ်သည် အချက်ငါးချက် သဘောတူညီမှုကို လျစ်လျူရှုခဲ့ပြီး အတိုက်အခံများကို ဆက်လက် နှိမ်နင်းရာမှာ သေဆုံးသူ ဦးရေသည် ၂၀၀၀ ကျော်အထိ တိုးလာခဲ့သည်။ SAC သည် အာဏာရယူမှုအတွင်း ဖယ်ရှားခံခဲ့ရသော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ၏ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့် မပြုပေ။
“အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ လူဦးရေတစ်ခုလုံးကို ဓားစာခံ ဖမ်းဆီးထားတဲ့ ရာဇ၀တ်မှု ဆိုင်ရာ အဖွဲ့အစည်း ဖြစ်လာကြောင်း အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ်၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များဆိုင်ရာ ဘုတ်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ အီဗာဆန်းဒါရီက ပြောကြားခဲ့သည်။
“အချက်ငါးချက်ပါ သဘောတူညီချက်ကို လိုက်နာဖို့ အချိန် အများကြီး ပေးထားပြီး ဖြစ်ပေမယ့် သဘောတူညီချက်ကိုရော၊ အာဆီယံကိုရော မလေးစားကြောင်း ပြသခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ကို ဘယ်လိုတည်ထောင်ခဲ့တာလဲ
********************************************
အာဆီယံကို ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ငါးနိုင်ငံများအဖြစ် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ အမြုတေ ပါဝင်ခဲ့ကြသည်။ စစ်အေးတိုက်ပွဲ ဇာတ်ရှိန် အမြင့်ဆုံး အချိန်တွင် မကြာသေးမီက ကိုလိုနီအုပ်ချုပ်မှုမှ လွတ်မြောက်ခဲ့သော အရှေ့တောင်အာရှနိုင်ငံအချို့သည် ၎င်းတို့၏ ခက်ခက်ခဲခဲ ရရှိထားသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်လိုကြသည်။
မလေးရှားနိုင်ငံကို တည်ထောင်ခြင်းအား ဆန့်ကျင်မှုကိုလည်း အင်ဒိုနီးရှားမှ စတင်ခဲ့သော 'ထိပ်တိုက်ရင်ဆိုင်မှု' ဖြင့် စံနမူပြု ပေးထားသည့် ဒေသတွင်း နာကျင်ခံစားမှုများလည်း ရှိခဲ့ပါသည်။
ရလဒ်အနေဖြင့် အာဆီယံအသင်း၏ အဓိကမူများမှာ အဖွဲ့ဝင် အချင်းချင်း၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ အများဆန္ဒဖြင့် ဆုံးဖြတ်ချက်ချခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံက ဘယ်အချိန်မှာ အဖွဲ့ဝင် စဖြစ်လာသလဲ
**************************************************
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လတွင် လာအိုနိုင်ငံနှင့်အတူ အာဆီယံအဖွဲ့ဝင် အပြည့်အဝ ဖြစ်လာခဲ့သည်။ မြန်မာသည် ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ် ကျင့်သုံးခဲ့သည့် နိုင်ငံတစ်ခု၏ လူ့အခွင့်အရေး မှတ်တမ်းနှင့် ပတ်သက်၍ အမေရိကန်နှင့် ဥရောပတို့၏ စိုးရိမ်မှုများက ထိုစဉ်ကလည်း ရှိခဲ့သည်။
ထိုင်းနှင့် ဖိလစ်ပိုင်တို့လည်း မြန်မာကို သတိကြီးကြီး ထားခဲ့ကြသော်လည်း နောက်ဆုံးတွင် အာဆီယံ၏ စည်းလုံးညီညွတ်မှု ကို ပြသနိုင်ခဲ့ပါသည်။
အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံ ဖြစ်လာချိန်တွင် “အခု အလားအလာဟာ အလွန်ကြီးမားပါသည်။ ကျနော်တို့က အာရှနဲ့ ကမ္ဘာမှာ အရေးပါသော ကစားသမားတစ်ဦး ဖြစ်လာမယ်” ဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က အဖွဲ့အစည်းကို ချဲ့ထွင်ဖြစ်ထွန်း လာခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ဝင် ဖြစ်ပြီးနောက်တွင်ပင် ထိုစဉ်က မြန်မာစစ်ခေါင်းဆောင်များသည် အာဆီယံ၏ ဆိတ်ငြိမ်သော သံတမန်ရေး အမှတ်တံဆိပ်နှင့် အဓိကကျသော ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ပြုလုပ်နေသော်လည်း အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာရေး သဘောထား အနည်းငယ်သာ ပြသခဲ့သည်။
၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းမြို့နယ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို လူအုပ်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ကျူးလွန် သူများအား ဖမ်းဆီး အရေးယူခြင်း မပြုခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ် အကျဉ်းချခြင်းအတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့က ပိုမိုတင်းကျပ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိနေခြင်းကိုလည်း အာဆီယံ၏ အထူးသံတမန်က ဖျန်ဖြေရန် ကြိုးစားပေးခဲ့ပါသည်။
ထိုအကြောင်းများကြောင့် မြန်မာသည် ၂၀၀၅ ခုနှစ်တွင် ၎င်း၏ အလှည့်ကျ အာဆီယံဥက္ကဋ္ဌအဖြစ် ရာထူးမှ စွန့်လွှတ်ခဲ့သည်။ နောက် နှစ်နှစ်အကြာတွင် ရွှေဝါရောင် အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့ပြန်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို အာဆီယံက ဘယ်လိုတုံ့ပြန်ခဲ့သလဲ
****************************************************************
မြန်မာနိုင်ငံ၏ လွှတ်တော်အသစ် အစည်းအဝေး စတင်ကျင်းပတော့မည့် နံနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက် တင်မြှောက်ခံထားရသည့် အစိုးရအဖွဲ့ဝင်များကို စစ်တပ်က ဖမ်းဆီးလိုက်သည်။
၎င်းတို့နှင့် ဆက်နွှယ်နေသည့် ပါတီကို ထောက်ခံရန် ရုန်းကန်နေခဲ့ရသည့် စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အပြတ်အသတ် အာဏာရစေခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းခြင်းကြောင့် အာဏာသိမ်းခဲ့ရသည်ဟု အကြောင်းပြခဲ့သည်။
အာဏာသိမ်းမှုသည် မြန်မာနိုင်ငံက ပြည်သူများ အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အောက်မှာ ဆယ်စုနှစ် တစ်ခုကြာ ကြီးပြင်းလာခဲ့တဲ့ မျိုးဆက်သစ် လူငယ်များကို ဒေါသထွက်စေခဲ့သည်။
၎င်းတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်တပ်က အင်အားသုံး တုံ့ပြန်ခဲ့ပြီး သေဆုံးသူဦးရေ တိုးလာသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျကာတာမြို့၊ အထူးအစည်းအဝေးသို့ အာဆီယံက ဖိတ်ခေါ်ကာ Five Point Consensus ဟု ခေါ်တွင် သည့် အာဆီယံအချက် ၅ ချက်ကို လက်ခံဖို့ ဆွေးနွေးခဲ့သည်။
အာဆီယံအထူးကိုယ်စားလှယ်ပရတ်ဆိုခွန်နဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ထိုစဉ်က အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် ဘရူနိုင်းနိုင်ငံက ၎င်း၏ အထူးသံတမန်တစ်ဦးကို ခန့်အပ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။
တဖန် အာဆီယံဥက္ကဋ္ဌ တာဝန်လွှဲယူခဲ့သည့် ဝန်ကြီးချုပ် ဟွန်ဆန်သည် စစ်တပ် အာဏာရယူပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် နိုင်ငံခြားခေါင်းဆောင် ဖြစ်ခဲ့သည်။
၎င်း၏ အာဆီယံ သဘောတူညီမှု အချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းမှာ COVID-19 နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြောင်းပြခဲ့ကြောင်း ယခုသီတင်းပတ် မြန်မာစစ်တပ်အာဘော် မီဒီယာများမှ ထုတ်ပြန်သည့် သဘောထား မှတ်ချက်များတွင် တွေ့ရသည်။
“မိမိတို့နိုင်ငံတွင် ပြင်းထန်သော အဓိကရုဏ်းများနှင့် အကြမ်းဖက်ဝါဒကို ကိုင်တွယ်ရင်း COVID-19 ကပ်ရောဂါ၏ စိန်ခေါ်မှု များကို ကျော်လွှားရန် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ခဲ့ရသည်” ဟု ယခင်သီတင်းပတ်ထုတ် Global New Light of Myanmar သတင်းစာတွင် ဘာသာပြန် ပုံနှိပ်ဖော်ပြသော မိန့်ခွန်းတွင် ၎င်းက ပြောကြားခဲ့သည်။
ကွပ်မျက်မှုက အာဆီယံ၏ တုံ့ပြန်မှုကို ပြောင်းလဲစေခဲ့လား
*******************************************************
NLD လွှတ်တော် အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦးကျော်မင်းယုတို့ကို တံခါးပိတ် ရုံးတင်စစ်ဆေးပြီးနောက် ဇူလိုင် ၂၅ ရက်က ကြိုးမိန့်ပေးခဲ့သည်။
စစ်တပ် သတင်းပေးတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အခြားအမျိုးသား နှစ်ဦးကိုလည်း ကွပ်မျက်ခဲ့သည်။ ကွပ်မျက်မှုသည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက မြန်မာနိုင်ငံတွင် ပထမဆုံး ကြိုးမိန့်ဖြစ်ပြီး ကမ္ဘာတဝန်းမှ လွတ်ငြိမ်း ချမ်းသာခွင့်အတွက် မေတ္တာရပ်ခံ ခဲ့ကြသော်လည်း လူပေါင်း ၁၀၀ ကျော်အထိ သေဒဏ်ချမှတ်ခံခဲ့ရရာ ၇၀ မှာ ထောင်ဒဏ် ကျခံနေရပြီး ကျန်ရှိသူမှာ မျက်ကွယ်တွင် စီရင်ချက် ချခံရခြင်း ဖြစ်သည်။
ထိုသို့ သတ်ဖြတ်မှုများကြောင့် အလွန်စိတ်ပူပန်ပြီး လေးလေးနက်နက် အထူးဝမ်းနည်း မိကြောင်းနှင့် အာဆီယံ အစည်းအဝေး နှင့် နီးကပ်လွန်းသည့် အချိန်တွင် စီရင်ခဲ့သဖြင့် အပြစ်တင် ဝေဖန်ကြောင်း အာဆီယံဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားက ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။
အင်္ဂါနေ့က အစီရင်ခံစာများက အာဆီယံသည် ပိုမိုခက်ခဲသောမျဉ်းကို တွန်းအားပေးနိုင်ကြောင်း အကြံပြုထားသည်။
AFP သတင်းဌာနမှ ကြိုတင်ရရှိခဲ့သော ကြေညာချက်မူကြမ်းတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ “အလွန်စိုးရိမ်ပူပန်မှု” ရှိကြောင်းနှင့် အချက်ငါးချက် သဘောတူညီမှုကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့မှုအပေါ် အတိအလင်း အရေးယူ ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း သိရသည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး စိုင်ဖူတင် အဗ္ဗဒူလာသည် မြန်မာနိုင်ငံအပေါ် အပြောအဆို အရှိဆုံး သူများထဲတွင် ပါဝင်ခဲ့သည်။ ကွပ်မျက်မှုသည် လူသားဆန်မှုကို ဆန့်ကျင်သည့် ရာဇ၀တ်မှု တစ်ခုအဖြစ် ဖော်ပြခဲ့ပြီး “နစကသည် အချက်ငါးချက် သဘောတူညီမှုကို ပြက်ရယ်ပြုနေသည်” ဟု ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
မလေးရှားက ထိပ်သီး အစည်းအဝေးများအပြင် အာဆီယံပွဲများအားလုံးမှ SAC အရာရှိများကို ပိတ်ပင်ရန် အကြံပြုထားခဲ့ သည်။
လူ့အခွင့်အရေး စောင့်ကြည့်နေကျဖြစ်သည့် Human Rights Watch အပါအဝင် အဖွဲ့အချို့က “အာဆီယံ၏ လုပ်ဆောင် ချက်တွင် မြန်မာအာဏာသိမ်း ခေါင်းဆောင်များအတွက် လက်နက်ကိစ္စနှင့် နိုင်ငံခြားငွေများရရှိရန် ပိုမိုခက်ခဲစေခြင်းအပြင် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်းအတွက် ပံ့ပိုးကူညီမှုများလည်း ပါဝင်သင့်သည်”ဟု စောဒက တက်ခဲ့ကြ သည်။
အာဏာသိမ်းမှုမှ အစပြုသည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းသည် မကြာသေးမီ အချိန်က အာဆီယံအတွက် အကြီးမားဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မော်စကိုသို့ မကြာသေးမီက ရောက်ရှိခဲ့သလို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်သည် ယခင်သီတင်းပတ်တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။
ယခင်သီတင်းပတ် မိန့်ခွန်းထဲတွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် အာဆီယံတွင် ကတိကဝတ် များ ရှိနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
SAC သည် “အာဆီယံဘောင်အတွင်း တတ်နိုင်သမျှ အတိုင်းအတာအထိ အချက်ငါးချက် သဘောတူညီမှုကို အကောင်အထည် ဖော်မည်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ပြောရမည်ဆိုလျှင် တပ်မတော်၏ အာဏာရယူလိုက်ခြင်းမှ အစပြုသည့် မြန်မာ့အကျပ်အတည်းသည် အာဆီယံ၏ ရှေ့အလားအလာကို ကာလအတန်ကြာ တိမ်မြုပ်သွားစေရန် ပုံဖော်လာခြင်းဖြစ်ကြောင်း အယ်လ်ဂျာဇီးယားဝက်ဘ်ဆိုက်တွင် သုံးသပ်ရေးထားသည်။
Source: Aljazeera
#ASEAN #စိန်ခေါ်မှု #SAC #မြန်မာ့အကျပ်အတည်း #ဆောင်းပါး #CNImyanmar #cninews
(အယ်လ်ဂျာဇီးယားမီဒီယာဝက်ဘ်ဆိုက်တွင် ဇူလိုင် ၃ ရက် ရက်စွဲဖြင့် ရေးသားဖော်ပြထားသော Why is the Myanmar crisis such a challenge for ASEAN? သတင်းဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)
- By CNI
- Category: ဆောင်းပါး
- Hits: 1051
CNI Article
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၇
အင်္ဂလန် အမျိုးသမီးအသင်းရဲ့ စံချိန်တင် ဂိုးသွင်းရှင် အယ်လန်ဝှိုက်ဟာ အသက် ၉ နှစ် အရွယ်တုန်းက အမျိုးသမီးဖြစ်နေလို့ ဆိုပြီးတော့ ဘောလုံးကစားခွင့် ပိတ်ပင် ခံခဲ့ရဖူးပါတယ်။
အခုအချိန်မှာတော့ အယ်လန်ဝှိုက်ဟာ အင်္ဂလန် အမျိုးသမီးအသင်းနဲ့ ယူရိုချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန် အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပြိုင်ဘက်ကြီး ဂျာမနီကို အနိုင်ရကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲကြီး ပွဲကောင်းမှာ အယ်လန်ဝှိုက် ဟာဆိုရင် ရှေ့တန်းမှာ ပွဲစတည်းက ပါဝင်ခဲ့ပါတယ်။ သူမဟာဆိုရင် ကလပ် အသင်း အနေနဲ့ မန်စီးတီးအသင်းမှာလည်း ကစားနေသူဖြစ်ပါတယ်။ ဒီမန်စီးတီး ကစားသမားဟာ ၂၀၁၀ မှာ အင်္ဂလန်အမျိုးသမီး အသင်းအတွက် စတင်ကစားခွင့်ရခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၅၂ ဂိုး သွင်းယူထားပါတယ်။
အယ်လန်ဝှိုက် ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ နည်းပြ ဝီဂ်မန်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပြီး အင်္ဂလန်မှာ အမျိုးသမီး ကစားနည်း ကို ပိုမိုကြီးထွားလာစေဖို့ အထောက်အကူဖြစ်မယ့် မျှော်လင့်ချက်များစွာ ရှိနေခဲ့ပါတယ်။
ဝှိုက်ဟာ ကလေးဘဝ ကတည်းက အားကစားကို ချစ်မြတ်နိုးလာခဲ့တာဖြစ်ပြီး ဒါက ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုကို ဖြစ်စေ ခဲ့ပါတယ်။ တွစ်တာအသုံးပြုသူ စကော့အော့ဒ်ဝေးက အသက် ၉ နှစ်အရွယ်ရှိ ဝှိုက်ကို ပြည်တွင်းလိဂ်မှာ ကစားနေတာကနေ တားမြစ်ခံခဲ့ရတဲ့ ၁၉၉၈ စက်တင်ဘာလက ထုတ်ဝေခဲ့တဲ့ သတင်းစာ တစ်စောင်ကို ပြန်လည် ဖော်ပြခဲ့ပါတယ်။

အယ်လန်ဝှိုက် ငယ်ဘ၀ကိုတွေ့ရစဉ် (Nokia News)
သူတို့ပေးခဲ့တဲ့ အကြောင်းပြချက်က မိန်းကလေးတွေကို ယောင်္ကျားလေးတွေနဲ့ တွဲကစားခွင့် မပေးဘူးဆိုတာပါ။ ယောင်္ကျား လေးတွေရဲ့ လိဂ်ပြိုင်ပွဲမှာ မိန်းကလေးတွေကို ကစားခွင့် ပိတ်ပင်ထားတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝှိုက်ဟာ ကစားခွင့် ပိတ်ပင်ခံခဲ့ ရတာ ဖြစ်ပါတယ်။ ဝှိုက်ဟာ ယူ-၁၁ အဆင့်မှာ အာဆင်နယ်အသင်းရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားပေမယ့် ပိတ်ပင်ခံ ခဲ့ရတာပါ။
The Chiltern Youth League ကတော့ အဝတ်လဲခန်းကို ရောနှောပြီး အသုံးပြုနေရတာကြောင့် စိုးရိမ်မှု ရှိတဲ့အတွက် သူမကို ကစားခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဝှိုက်ဟာ Herald ရဲ့ အရှေ့စာမျက်နှာမှာ အာဆင်နယ်အသင်း ဂျာစီဝတ်ပြီး ဘောလုံးနဲ့ အိပ်နေတဲ့ပုံ ပါဝင်လာခဲ့တာပါ။
လိဂ်ဥက္ကဋ္ဌဖြစ်သူ ခရစ်ဒါဗစ်ဆန်က အဲဒီအချိန်က The Herald ကို “ကျနော်တို့လိဂ်က ဆုံးဖြတ်ချက် ချပြီးသွားပါပြီ။ ကျနော် တို့ အဲဒီအတိုင်း ရပ်တည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး Bedfordshire FA ကို အယူခံဝင်နိုင်ကြောင်း သူက ဝန်ခံခဲ့ပါတယ်။ အဆိုပါ ဆောင်းပါးရဲ့ ဖော်ပြမှုအရ ဝှိုက်ဟာ ပြီးခဲ့တဲ့ ရာသီက ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် The Chiltern Youth League က သူမရဲ့ မှတ်ပုံတင်မှုကို ငြင်းဆိုခဲ့ပြီး ဒီလိုလုပ်မှုကြောင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
ဝှိုက်ရဲ့ ဖခင်က သူ့သမီးကစားနေတဲ့ အသင်းရဲ့ ဥက္ကဋ္ဌအဖြစ် ဆန္ဒပြတာကို ဦးဆောင်ခဲ့ပါတယ်။ ဝှိုက်ဟာ ဒီဆုံးဖြတ်ချက်တွေ အတွက် အလွန်စိတ်မကောင်း ဖြစ်ခဲ့တယ်လို့ ဖခင်ဖြစ်သူက The Herald ကို ပြောခဲ့တာပါ။ အခုအချိန်မှာတော့ ဝှိုက်ဟာ အင်္ဂလန် အမျိုးသမီးအသင်းရဲ့ ကြီးမားတဲ့ ကြယ်ပွင့် ဖြစ်လာခဲ့ပါပြီ။

အယ်လန်ဝှိုက် ကစားသမားဘ၀ သတင်းဖော်ပြခံရမှု (The Mirror)
အသက် ၃၃ နှစ်အရွယ်ရှိ ဝှိုက်ဟာ ၁၉၆၆ က အမျိုးသားအသင်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် နိုင်ငံအတွက် ပထမဆုံး အဓိက ဆုဖလားအဖြစ် အမျိုးသမီးယူရို ချန်ပီယံဆုကို ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
သူမဟာ ယူရိုပြိုင်ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီး ဒီဂိုးတွေကို အုပ်စုအဆင့်မှာ တွေ့ခဲ့တဲ့ နော်ဝေနဲ့ ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တာပါ။ နည်းပြ ဝီဂ်မန်းဟာ စံချိန်တင် ပရိသတ်ဦးရေ ၈၇,၁၉၂ အရှေ့မှာ ကစားခဲ့ရတဲ့ ဗိုလ်လုပွဲမှာ ဝှိုက်ကို ပွဲထွက် တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အယ်လန်ဝှိုက်ဟာ ဒီပြိုင်ပွဲမှာ၂ ဂိုး သွင်းယူခဲ့တာကြောင့် အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ဝိန်းရွန်နီရဲ့ နောက် ၁ ဂိုးသာ လိုအပ်တော့တာပါ။ ဝှိုက် အနေနဲ့ စက်တင်ဘာလမှာ ကစားမယ့် သြစတြီးယား၊ လူဇင်ဘတ်တို့နဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲမှာ ဝိန်းရွန်နီရဲ့ သွင်းဂိုးကို ကျော်ဖြတ်နိုင်ဖို့ ကောင်းမွန်တဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်နေပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ဝှိုက်ဟာ အင်္ဂလန် အမျိုးသမီးအသင်းရဲ့ အောင်မြင်မှုအတွက် ဆက်လက် အောင်ပွဲခံရမယ့် အချိန်လည်း ဖြစ်ပါတယ်။
Source: Mirror
- By CNI News
- Category: ဆောင်းပါး
- Hits: 1755
CNI Article News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၄
တရုတ်၏ ခြိမ်းခြောက်မှုများကြားမှ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ဩဂုတ် ၂ ရက်၊ ညနေပိုင်းတွင် ထိုင်ဝမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ခြင်းကို ကမ္ဘာ့မီဒီယာအသီးသီး၏ စာမျက်နှာထက်တွင် သတင်းများ ကျယ် ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပြီး ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဖုန်းပြောရင်း “မီးဖြင့် မကစားရန်” သတိပေးခဲ့သည်။
တရုတ်ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောထားသော ထိုင်ဝမ်ကျွန်းသို့ နန်စီပလိုစီ လေယာဉ်ဖြင့် ရောက်လာခြင်းသည် ၂၅ နှစ် ကျော်အတွင်း အဆိုပါကျွန်းသို့ ပထမဆုံး လာရောက်လည်ပတ်သည့် အမေရိကန်၏ အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
ပလိုစီ လေယာဉ် ဆိုက်လျှင်ဆိုက်ချင်း တရုတ်က လက်တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်၏ လေကြောင်း ကာကွယ်ရေးဇုန်သို့ အနည်းဆုံး စစ်လေယာဉ် ၂၁ စင်းကို အသည်းအသန် ဝဲပျံစေခဲ့သည်။
နန်စီပလိုစီ ထိုင်ဝမ်ကို ရောက်လာလို့ တရုတ် စစ်ရေးပြနေတာကို ကြည့်နေကြ(Reuters)
တိုင်ပေလေဆိပ် သူမလိုက်ပါလာသော လေယာဉ်ဆင်းသက်ပြီးနောက် ပလိုစီက “အမေရိကန်သည် ထိုင်ဝမ်နှင့်အတူ ရပ်တည်လျက်ရှိပြီး အင်ဒို-ပစိဖိတ်ဒေသတွင် ခိုင်မာအားကောင်းပြီး တက်ကြွသော ဒီမိုကရေစီဖြင့် ကျမတို့၏ အရေးကြီး သော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း” ထပ်လောင်း ပြောကြားခဲ့သည်။
ကျွန်းပေါ်သို့ ပလိုစီ လာရောက် လည်ပတ်ခြင်း၏ နောက်ကွယ်ရှိ အကြောင်းအရင်းများသည် ဩဂုတ် ၂ ရက်၊ ညပိုင်းတွင် တွစ်တာပို့စ်များ၌ အလျှိုလျှို ပေါ်ထွက်လာခဲ့သည်။
နိုင်ငံရေးသမား တစ်ဦးအနေဖြင့် သူမသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကြောင်းပြု၍ တရုတ်နိုင်ငံကို မကြာခဏ ဝေဖန်ခဲ့သည်။
ဒီမိုကရေစီ နည်းကျသည့် ထိုင်ဝမ်နိုင်ငံအတွက် အမေရိကန်ပေးထားသည့် ကတိကဝတ်များနှင့် ပတ်သက်၍ ၁၉၇၉ ခုနှစ် ဥပဒေကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာသို့ ပြောကြားရာ၌ ပလိုစီက “ကျမတို့ ထိုင်ဝမ်ဘက်က ရပ်တည်ရမယ်။ အမေရိကန်နဲ့ ကျမတို့ရဲ့မဟာမိတ်တွေက အာဏာရှင်တွေကို ဘယ်တော့မှ အရှုံးမပေးဘူးဆိုတာ အတိအလင်းပြသဖို့ အရေးကြီးတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။
နန်စီပလိုစီ လိုက်ပါလာတဲ့ လေယာဉ် ထိုင်ဝမ်လေဆိပ်ကို ဆင်းသက်နေစဉ် (AP)
အော်တိုကရေစီနှင့် ဒီမိုကရေစီကြားက ရွေးချယ်မှုတစ်ခု
*****************************************************
ပြီးခဲ့သည့် နွေဦးရာသီကလည်း ယူကရိန်းနိုင်ငံ၊ မြို့တော်ကိယက်ဗ်သို့ ရောက်ရှိခဲ့သည့် အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူမှာလည်း ပလိုစီပင် ဖြစ်သည်။
၎င်း၏ ထိုင်ဝမ်ခရီးစဉ်ကိုလည်း “ကမ္ဘာကြီးသည် အော်တိုကရေစီ(အကြွင်းမဲ့ အာဏာရှင်စနစ်)နှင့် ဒီမိုကရေစီကြားတွင် ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေရချိန်၎င်၌ ပိုမိုကျယ်ပြန့်သော မစ်ရှင်တစ်ခု၏ တစိတ်တပိုင်းအဖြစ်” ပုံဖော်ခဲ့သည်။ ဆယ်စုနှစ်များအတွင်း ရုန်းကန်နေရသော ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံကြောင်း ပြသရန်မှာ ထိုင်ဝမ်ခရီးစဉ်သည် မစ်ရှင်တစ်ခုပင် ဖြစ်သည်။
ထို့အပြင် ပလိုစီသည် ဧပြီလတွင် ထိုင်ဝမ်ခရီးစဉ်ကို စီစဉ်ခဲ့သော်လည်း Covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိ ရသဖြင့် ရွှေ့ဆိုင်းခဲ့ရသည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် (GETTY IMAGES)
ပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်က ဘာကြောင့် ဒေါသထွက်
*************************************************************
ပထမအချက်မှာ တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ၎င်း၏ပိုင်နက် အစိတ်အပိုင်းအဖြစ် အခိုင်အမာ ပြောကြားသည်။ ထိုကဲ့သို့ နယ်မြေမျိုးကို အမေရိကန်မှ ထိပ်တန်း ခေါင်းဆောင်တစ်ယောက် လာရောက်ခြင်းသည် ထိုင်ဝမ် လွတ်လပ်ရေးအတွက် အမေရိကန်၏ ထောက်ခံမှုကို တနည်းတဖုံ ဖော်ညွှန်းရာ ရောက်သည်။
တရုတ် ဒေါသထွက်ရခြင်း၏ နောက်ကွယ်ရှိ အခြားသော အကြောင်းတစ်ခုမှာ ပြီးခဲ့သည့် သီတင်းပတ်ကပင် အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် ဖုန်းခေါ်ဆိုမှုအတွင်း သမ္မတရှီကျင့်ဖျင်က ၎င်းသည် "မီးနှင့် မကစားရန်" သတိပေးခဲ့ခြင်းကို ကျော်လွန်၍ လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်။
ထိုသို့ ခြိမ်းခြောက်မှုများကို နန်စီပလိုစီက လျစ်လျူရှုကာ ထိုနေရာသို့ မရောက် ရောက်အောင် သွားခဲ့သည်။ ပလိုစီ၏ ခရီးစဉ် သည် တရုတ်နိုင်ငံအတွက် နိုင်ငံရေးအရ အကဲဆတ်သည့် အချိန်ဖြစ်ပြီး ဘေဂျင်းအစိုးရ၏ ပြင်းထန်သော တုံ့ပြန်မှုကို ဖြစ်ပေါ် စေနိုင်သည်။
"တရုတ်ပြည်တွင်း နိုင်ငံရေးမှာ အင်မတန် တင်းမာနေတဲ့ အချိန်ပါပဲ။ ရှီကျင့်ဖျင် ကိုယ်တိုင်နဲ့ တရုတ်ထိပ်တန်း ခေါင်းဆောင် တွေဟာ Pelosi ခရီးစဉ်ကြောင့် ရှီနဲ့ သူ့ရဲ့ဦးဆောင်မှု အခန်းကဏ္ဍကို အရှက်ရစေတယ်လို့ ရှုမြင်ပြီး တစ်ခုခု တုံ့ပြန်ဖို့ တွန်း အား ဖြစ်စေပါတယ်။ သူ့ရဲ့ အစွမ်းကို သက်သေပြဖို့ အကြောင်းတစ်ခု ဖြစ်လာတယ်ပေါ့”ဟု ကယ်လီဖိုးနီးယား စင်ဒီယာဂို တက္ကသိုလ်၊ ၂၁ ရာစု တရုတ်ရေးရာဌာနမှ ပညာရှင်တစ်ဦးဖြစ်သည့် စူဇန်အယ်လ်ရှက်က CNN သတင်းဌာနသို့ ပြောကြားခဲ့ သည်။
သို့သော် အချို့သော ကျွမ်းကျင်ပညာရှင်များကတော့ တရုတ်ကွန်မြူနစ်ပါတီသည် တည်ငြိမ်စေရေးနှင့် အမေရိကန် ဩဇာ အောက်နှင့် ထိန်းချုပ်မှုအောက်သို့ ထိုင်ဝမ် မရောက်စေရန် တားဆီးနိုင်ရေးမှာ အလောတကြီး ဖြစ်နေသည်ဟု ကောက်ချက် ချကြသည်။
တရုတ် ဘယ်လိုတုံ့ပြန်ခဲ့သလဲ
****************************
ပလိုစီ ကျွန်းပေါ် ရောက်ရှိလာခြင်းကို တုံ့ပြန်သည့် အနေဖြင့် “အဆိုပါ ခရီးစဉ်သည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေး အခြေခံ အုတ်မြစ်အပေါ် ပြင်းထန်စွာ သက်ရောက်မှု ရှိလိမ့်မည်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ချက်ချင်း သတင်းထုတ်ပြန်ခဲ့သည်။
“အမေရိကန် ဥက္ကဋ္ဌရဲ့ ခရီးစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ပြတ်ပြတ်သားသား အကာအကွယ်ပေးဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို သေချာပေါက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ တရုတ်စစ်ရေးလေ့ကျင့်ပြ (BBC)
CNN သတင်းဌာန၏ ဖော်ပြချက်အရ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ပြည်သူ့လွတ်မြောက် ရေးတပ်မတော်(PLA)သည် ပြင်ပအင်အားစုများ၏ ဝင်ရောက် စွက်ဖက်မှုနှင့် 'ထိုင်ဝမ်လွတ်လပ်ရေး' ခွဲထွက်ရေး အစီအစဉ် များကို ပြင်းထန်စွာ သတိပေးထားပြီး အခြေအနေအား တန်ပြန်ရန် ပစ်မှတ်ထားသော စစ်ဆင်ရေးများကို ဆက်တိုက် လုပ် ဆောင် မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို ပြတ်ပြတ်သားသား ကာကွယ်ကာ ပြတ်ပြတ်သားသား တားဆီးပိတ်ပင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု သိရသည်။
ထိုင်ဝမ်မှာ ဘာရပ်တည်သလဲ၊ ဘယ်လိုတုံ့ပြန်ခဲ့လဲ
************************************************
“အမေရိကန် ပြည်ထောင်စုသည် ဘေဂျင်း၏ တရုတ်တစ်ပြည်တည်းမူဝါဒ (One China) ကို ဆက်လက် လက်ခံနေဆဲ ဖြစ်ကြောင်း” ဘိုင်ဒန် အစိုးရအဖွဲ့က ပြောကြားခဲ့ပြီး ဖြစ်သည်။
အမေရိကန်သည် ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုအဖြစ် အသိအမှတ်ပြုသည့် ၁၉၇၀ ပြည့်လွန်နှစ်များက တည်းက အထက်ပါမူဝါဒကို လက်ခံ ထိန်းသိမ်းလာခဲ့သည်။
တရုတ်က ထိုင်ဝမ်အား တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ပြီး မကြာခဏ ခြိမ်းခြောက်လေ့ ရှိသော်လည်း ကျွန်းကို စစ်အင်အားဖြင့် အချိန်မရွေး သိမ်းယူမည်ဟူသော စွပ်စွဲချက်ကိုတော့ ငြင်းဆိုထားသည်။
ထို့အပြင် ပလိုစီ၏ ခရီးစဉ်နှင့်ပတ်သက်၍ ဘိုင်ဒန်က သတိကြီးကြီးထားပြီး ၎င်း၏ အစိုးရအဖွဲ့အနေဖြင့် ပလိုစီ၏ လှုပ်ရှားမှု များအပေါ် အတိအလင်း ဆန့်ကျင်ခြင်းလည်း မရှိပေ။
သွားရေး/မသွားရေး ဆုံးဖြတ်ရန်မှာ သူမအပေါ်တွင်သာ မူတည်သည်ဟု ပလိုစီ၏ ခရီးစဉ် မတိုင်မီတွင် အမေရိကန်အစိုးရက ပြောကြားခဲ့သည်။
ဩဂုတ်လ ၁ ရက်တွင် အမေရိကန်စစ်တပ်သည် အင်ဒို-ပစိဖိတ်ဒေသတွင် ၎င်း၏ လှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး လေယာဉ်တင်သင်္ဘော USS Ronald Reagan နှင့် တပ်ဖွဲ့တို့သည် ဖိလစ်ပိုင် ပင်လယ်ထဲတွင် ရှိနေခဲ့ကြောင်း The Independent သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
လေယာဉ်တင်သင်္ဘော USS Ronald Reagan (Reuters)
ပလိုစီခရီးစဉ်မှာ ထိုင်ဝမ်ကို ဘာတွေပြောခဲ့လဲ
*********************************************
“အမေရိကန်-တိုင်ပေ ထာဝရချစ်ကြည်ရေး” ဟူ၍ ပလိုစီကို ကြိုဆိုသည့် မက်ဆေ့ချ်ကို လေဆိပ်ရှိ အထင်ကရ တိုင်ပေ 101 မိုးမျှော်တိုက်တွင် ပြသခဲ့သည်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ ပလိုစီကို လက်ခံ တွေ့ဆုံခဲ့သည်။
ထို့နောက် ဩဂုတ် ၃ ရက်တွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်သည် ပလိုစီ နှင့် သူမ၏ ကိုယ်စားလှယ်အဖွဲ့အား သမ္မတ အိမ်တော်တွင် လက်ခံတွေ့ဆုံခဲ့ရာ ပလိုစီက “ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို တည်တံ့စေရန်အတွက် လိုအပ်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Source: India Today
(အိန္ဒိယတူဒေးသတင်းဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Shreyasi Jha ရေးသားလွှင့်တင်ထားသော သတင်းဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်လိုက်ပါသည်)
- By CNI
- Category: ဆောင်းပါး
- Hits: 2186
CNI Article News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁
မြန်မာပြည်ဖွား တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ ONE Championship ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ပြီး ကိုယ်ခံပညာနယ်ပယ်မှာ ကမ္ဘာတစ်ဝှမ်းရဲ့ အသိအမှတ် ပြုမူကို ရရှိခဲ့ပါတယ်။
သူဟာ အလွန်ကောင်းမွန်တဲ့ ရလဒ်တွေ ရယူနိုင်ခဲ့ပြီး သူ့ရဲ့ မွေးရပ်မြေ မြန်မာနိုင်ငံသမိုင်းမှာ အကြီးကျယ်ဆုံး အားကစား သမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ မြန်မာ့စပါးအုံး မြွေလို့ ခေါ်ဝေါ်ကြတဲ့ အောင်လအန်ဆန်းဟာ ONE Championship ပြိုင်ပွဲမှာ အောင်မြင်တွေ ရယူနိုင်ဖို့အတွက် သူဟာ အခက်အခဲ ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရပါတယ်။
အောင်လအန်ဆန်းရဲ့ မြန်မာနိုင်ငံ ဘဝ အစပိုင်းမှာ ဇာတိမြို့ မြစ်ကြီးနားကနေ ရန်ကုန်ကို မိသားစုနဲ့အတူ ပြောင်းရွှေ့ နေထိုင် ခဲ့ပါတယ်။ ဒီလို နေရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးမြို့မှာ သူနဲ့ သူ့ရဲ့ မောင်နှမတွေ ကောင်းမွန်တဲ့ ပညာ ရေးကို သင်ကြားနိုင်စေတာကြောင့် ဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ ထူးချွန်တဲ့ ကျောင်းသားဖြစ်ခဲ့ပြီး ကျောင်းအတွက် အားကစားပြိုင်ပွဲတွေမှာလည်း ပါဝင်ကစားခဲ့ပါ တယ်။ သူဟာ အဲ့ဒီအချိန် ကတည်းက ပြိုင်ဆိုင်မှုတွေမှာ မကြာခဏ ရှုံးနိမ့်နေရခြင်းကို နှစ်သက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
“ကျနော်တို့ ဘောလုံးကစားတဲ့ အချိန်၊ ဘတ်စကတ်ဘော ကစားတဲ့အချိန်၊ ဘောလီဘော ကစားတဲ့ အချိန်တွေမှာ ကျနော်တို့ ရှုံးနိမ့်တယ်။ အားကစား အများစုမှာ ကျနော်တို့ ရှုံးနိမ့်နေမယ်ဆိုရင် ဒါတွေက ကျနော့်ကို ရူးသွပ်စေပါတယ်။ ပြီးတော့ စိတ် မကောင်းလည်း ဖြစ်တယ်”လို့ အောင်လအန်ဆန်းက ပြောပါတယ်။
သူဟာ ဘွဲ့ရပြီးနောက် အမေရိကန်မှာ ပညာဆက်လက် သင်ယူခဲ့ပါတယ်။

အောင်လအန်ဆန်း မိသားစု
အောင်လအန်ဆန်းက “ နည်းပြတွေနဲ့ ပတ်သက်တဲ့အခါမှာ မြန်မာနိုင်ငံနဲ့ အခြားနေရာတွေမှာ ကြီးမားတဲ့ ကွာဟချက်တွေရှိ ပါတယ်။ ဒီလို ကွာဟမှုတွေကို ပိတ်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ သူ့ရဲ့ ဆန္ဒကို ပြောပြပါတယ်။
အောင်လအန်ဆန်းဟာ ၂၀၀၃ မှာ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပြီး အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရှိ အန်ဒရူးစ်တက္ကသိုလ် မှာ စိုက်ပျိုးရေး သိပ္ပံပညာရပ်ကို လေ့လာခဲ့ပါတယ်။
လေ့လာမှု ကောင်းမွန်ခဲ့ပေမယ့် တစ်နှစ်အကြာမှာ မတော်တဆ တွေ့ဆုံမှုတစ်ခုက အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ပါ တယ်။ အောင်လအန်ဆန်းဟာ ဆာမိုအန်ဆိုတဲ့ သူနဲ့ တွေ့ဆုံခဲ့ပြီးနောက် ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်လာဖို့အတွက် လမ်း ကြောင်းပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
“သူနဲ့တွေ့အပြီးမှာ ကျနော်ဟာ ဘရာဇီးလ်ဂျူဂျစ်ဆု လေ့ကျင့်မှုတွေ စလုပ် တယ်။ ဒါကို ချစ်မြတ်နိုးသွားတယ်။ ကိုယ်ခံပညာ ရပ်ကိုလည်း ချစ်မြတ်နိုးခဲ့တယ်”လို့ အောင်လအန်ဆန်းက ပြန်ပြောင်း ပြောခဲ့ပါတယ်။
ဒီလို လေ့ကျင့်မှုတွေကို အောင်လအန်ဆန်း ဆက်လက် ပြုလုပ်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်၊ မတ်လမှာ ပရော်ဖက်ရှင်နယ် MMA ပွဲဦးထွက်အဖြစ် လိုက်ဟဲဗီးဝိတ်တန်းမှာ သူ့ထက် သိသိသာသာ ကြီးမားတဲ့ ပြိုင်ဘက်နဲ့ ထိုးသတ်ခဲ့ပါတယ်။
အောင်လအန်ဆန်းဟာ ဒီပွဲစဉ်ရဲ့ ပထမအချီမှာပဲ ပါးရိုးရောင်ရမ်းခဲ့တဲ့အတွက် ဆရာဝန်က ဆက်ထိုးဖို့ ခွင့်မပြုတော့တာ ကြောင့် အရေးနိမ့် သွားခဲ့ပါတယ်။ ဒီအရှုံးကြောင့် အောင်လအန်ဆန်း တစ်ယောက် စိတ်ဓာတ်ကျ သွားခြင်းတော့ မရှိခဲ့ပါဘူး။
အောင်လအန်ဆန်းက “ဒါက ကျနော့်ကို ကိုယ်ခံပညာကို နှစ်သက်စေခဲ့ပါတယ်။ အလွန် စိတ်လှုပ်ရှားမိပါတယ်။ ပိုပြီး လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ပိုကောင်းလာဖို့ အတွက်လည်း ကြိုးစားချင်ခဲ့တယ်။ သူတို့က နောက်ထပ် ပွဲရှိတယ်လို့ ပြောခဲ့ တယ်”လို့ ပြောပါတယ်။
MMA ပွဲဦးထွက် ယှဉ်ပြိုင်မှု အပြီးမှာ အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်းကို ပြောင်းလဲခဲ့ပြီး ထိုးသတ်ခဲ့တဲ့ နောက်ထပ် ၅ ပွဲမှာ ပထမအချီတွေမှာပဲ အနိုင်ထိုးသတ်နိုင်ခဲ့ ပါတယ်။
ဒီလို ယှဉ်ပြိုင်မှုတွေနဲ့အတူ တစ်ချိန်တည်းမှာပဲ အောင်လအန်ဆန်းဟာ ကျောင်းဝင်းအနီးမှာရှိတဲ့ နို့စား မွေးမြူရေးခြံမှာ အလုပ်လုပ်ကိုင်ရင်းနဲ့ ကျောင်းကို ဆက်ပြီး တက်နေခဲ့တာပါ။
ဒီလိုနဲ့သူ ဘွဲ့ရရှိပြီးနောက် ၂၀၀၇ မှာ အောင်လအန်ဆန်းဟာ မေရီလန်းပြည်နယ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
သူဟာ ဘာတီမိုးရှိ အားကစားရုံမှာ လေ့ကျင့်မှု ပြုလုပ်နေချိန်အတွင်း သူ့ရဲ့ အစ်မဖြစ်သူအိမ်မှာ နေထိုင်ကာ အလုပ်ရှာဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အောင်လအန်ဆန်းရဲ့ အလုပ်ရှာဖွေမှုဟာ ဖလော်ရီဒါအထိ ရောက်ရှိသွားခဲ့ပြီး ရွှေ့ပြောင်း ပျားမွေးမြူရေးသမားအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

အောင်လအန်ဆန်း မိသားစု
တစ်နှစ်ခွဲကျော် အကြာမှာတော့ သူ့ရဲ့ တိုက်ခိုက်မှုအပေါ် အလုပ်ရဲ့ ဆိုးကျိုးတွေကို သတိထားမိလာခဲ့ပါတယ်။ အဲ့ဒါကြောင့် သူဟာ အလုပ်ကထွက်ပြီး ချန်ပီယံဖြစ်ဖို့အတွက် ခရီးဆက်ခဲ့ပါတော့တယ်။
မြန်မာ့စပါးအုံးမြွေဟာ မေရီလန်းကို ပြန်သွားပြီး Crazy 88 အားကစားရုံမှာ ထပ်မံလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။ သူ့ရဲ့ စိတ်သဘောထား အသစ်တွေနဲ့ ဆုံးဖြတ်ချက်တွေကြောင့် သူဟာ ထိုးသတ်ပွဲတွေမှာ ပိုပြီး အောင်မြင်လာခဲ့ပါတယ်။
အောင်လအန်ဆန်းက “ခင်ဗျား စိုက်ပျိုးထားတဲ့ အတိုင်း ရိတ်ရတာပါပဲ။ အလုပ် မလုပ်ဘူးဆိုရင် ဘယ်လိုအကျိုးအမြတ်ကိုမှ ခင်ဗျားတို့ ရနိုင်မှာ မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၁၅ ပွဲ အနိုင်ရပြီးနောက် ၂၀၁၄ မှာ အောင်လအန်ဆန်းဟာ ONE Championship နဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ အောင်လအန်ဆန်းဟာ ပွဲစဉ်ပေါင်း ၄ ပွဲကို ဖြတ်ကျော်အပြီးမှာ လူသိများလာကာ အချိန်တိုအတွင်းမှာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အောင်လအန်ဆန်းဟာ သီတင်းနှစ်ပတ်ခန့် လေ့ကျင့်ပြင်ဆင်ပြီးနောက် ၂၀၁၇ ဇန်နဝါရီမှာ ဘစ်ဒက်ရှ်နဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး ရှုံးနိမ့်ခဲ့ပေမယ့် ကြီးကျယ်တဲ့ ပြိုင်ဆိုင်မှုကို စတင်နိုင်ခဲ့ပါတယ်။ ၅ လ အကြာမှာတော့ မြန်မာနိုင်ငံမှာ မကျေပွဲအဖြစ် ထိုးသတ် ဖို့ ဖြစ်လာခဲ့တာပါ။ အောင်လအန်ဆန်းဟာဆိုရင် လေ့ကျင့်မှု အပြည့်အဝ ပြုလုပ်ပြီးနောက် အမိမြေမှာ ONE ရဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲကို တစ်နှစ်တာ အကောင်းဆုံး ထိုးသတ်ပွဲလို့ သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဘယ်လို အားကစားနည်းမှာ မဆို ပထမဆုံး ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အောင်လအန်ဆန်းက “ ဒါကို အမှန်တကယ် မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ဒါဟာ ကျနော်တစ်ဘဝလုံး လုပ်ခဲ့တဲ့ အရာဖြစ်ပြီး ကျနော့်ရဲ့ မွေးရပ်မြေ ပရိသတ်ရှေ့မှောက်မှာ အမှန်တကယ် ဖြစ်လာတာပါ။ ကျနော် အံ့သြပြီး ပျော်ရွှင်ခဲ့ရသလို အလွန် ကောင်းမွန်တယ်လို့လည်း ခံစားခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့ငယ်လေးကနေ လာရတာ မယုံနိုင်စရာကောင်းပြီး ကမ္ဘာ့ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူစရာပါပဲ”လို့ ပြောခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း သူ့ရဲ့ စွမ်းဆောင်ရည်တွေက အလွန်ကောင်းမွန်ခဲ့တာပါ။
၂၀၁၈ မှာတော့ အောင်လအန်ဆန်းဟာ ONE လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆုနဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဆုကို ၂ ကြိမ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဟာဆီဂါဝါနဲ့ ပထမဆုံးအကြိမ် ချန်ပီယံဆု ကာကွယ်တဲ့ပွဲက အကောင်းဆုံးပွဲနဲ့ တစ်နှစ်တာ အကောင်းဆုံး အလဲထိုးပွဲအဖြစ် ကြေညာခြင်း ခံခဲ့ရတာပါ။
နိုင်ပွဲတွေ ဆက်တိုက်ဆိုသလို ရယူနိုင်ခဲ့ပြီး ဟဲဗီးဝိတ်ချန်ပီယံ ဘရန်တန်ဗီရာကို အနိုင်ရတဲ့ပွဲကလည်း အောင်လအန်ဆန်းရဲ့ အကောင်းဆုံး ပွဲတွေထဲက တစ်ပွဲဖြစ်ခဲ့ပါတယ်။ အောင်လအန်ဆန်းဟာ မြန်မာနိုင်ငံမှာ ဂုဏ်ပြုမှု အများအပြား ရယူနိုင်ခဲ့တာ ပါ။

အောင်လအန်ဆန်းနဲ့ မြန်မာနိုင်ငံက ကလေးငယ်များ
အဲ့ဒီနောက်မှာ သူဟာ ပရဟိတနဲ့ သက်ဆိုင်တဲ့ ပရော်ဂျက် အများအပြားကို ပံ့ပိုးကူညီခဲ့သလို၊ စိတ်ဓါတ် လှုံ့ဆော်မှုဆိုင်ရာ မိန့်ခွန်းတွေ ပြောခြင်း၊ လှုမှုရေးအရ ဘေးဖယ်ခြင်း ခံထားရတဲ့ အစုအဖွဲ့တွေဆီ သွားရောက်ခြင်း၊ ဒေသခံ တောင်သူလယ် သမားတွေနဲ့ တွေ့ဆုံခဲ့သလို ကျား/မ အခြေပြု အကြမ်းဖက်မှုတွေကိုလည်း တိုက်ဖျက်ခဲ့ပါတယ်။
အောင်လအန်ဆန်းဟာ မြန်မာ့တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးမှာလည်း တက်ကြွစွာ ထောက်ခံသူအဖြစ် ရှိနေခဲ့ပါတယ်။
၂၀၁၈ နိုဝင်ဘာလမှာ မြန်မာနိုင်ငံရှိ WWF ရုံးက တောရိုင်းတိရစ္ဆာ ရာဇဝတ်မှုဆိုင်ရာ သံတမန်အဖြစ် အောင်လအန်ဆန်း ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
“သူတို့အနေနဲ့ ရွေးချယ်မှုတွေ ပြုလုပ်ကာ ကြိုးစားအားထုတ်ပြီး သူတို့ရဲ့ စိတ်နဲ့ ဝိဉာဉ်ကို ဒီထဲ ထည့်သွင်းလိုက်မယ်ဆိုရင် အမြင့်ဆုံး အဆင့်မှာ အောင်မြင်နိုင်တယ် ဆိုတဲ့အကြောင်း ကျနော့်မွေးရပ်မြေနဲ့ ကျနော့်တိုင်းပြည်က သူတွေသိအောင် လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ အားကစားစံပြပုဂ္ဂိုလ် တစ်ဦးအနေနဲ့ ကျနော်ဟာ အကောင်းဆုံး တိုက်ခိုက်ရေး သမားဖြစ်ခြင်းနဲ့ နိုင်ငံတစ်ခုလုံးကို လှုံ့ဆော်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်မှာ ဘယ်တုန်းကမှ မပြိုင်ဖူးပါဘူး။ ဒါက ကျနော့် အတွက် ဂုဏ်ယူစရာဖြစ်သလို ဂုဏ်ယူရမယ့် အရာတစ်ခုပါ။ ကျနော့်စိတ်ကိုလည်း တကယ်လှုံ့ဆော်မှု ပေးပါတယ်”လို့ အောင်လအန်ဆန်းက ပြောပါတယ်။
မြန်မာ့စပါးအုံးမြွေဟာ ကိုဗစ် ကူးစက်မှုတွေကြောင့် သူ့ရဲ့ စွမ်းဆောင်ရည် အနည်းငယ် ကျဆင်းသွားခဲ့ပြီး ၂၀၂၀ မှာ ရိုင်နီယာကို အရေးနိမ့်ကာ ၂ နှစ်ကျော်ကြာ ထိန်းသိမ်းထားတဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဆုကို လွှဲပြောင်း ပေးခဲ့ရတာပါ။
အောင်လအန်ဆန်းဟာ ၂၀၂၁ မှာ ရိုင်နီယာကိုပဲ ထပ်မံအရေးနိမ့်ကာ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုကိုပါ စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။၂ ပွဲဆက် ရှုံးနိမ့်ပြီးနောက် ၂၀၂၁ မှာ နောက်ထပ် ပွဲထိုးသတ်ခဲ့တာမှာတော့ လီအန်ဒရိုကို အနိုင်ယူကာ နိုင်ပွဲ ပြန်လည် ရရှိခဲ့ပါတယ်။
အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ် ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားပြင်ဆင်ခဲ့ပေမယ့် အခုနှစ်ထဲမှာ ထိုးသတ်ခဲ့တဲ့ နောက်ဆုံးပွဲမှာတော့ ဘစ်ဒက်ရှ်ကို အရေးနိမ့်သွားခဲ့တာပါ။ ဒီလိုရှုံးပွဲတွေကြောင့် အောင်လအန်ဆန်းဟာ အားနည်းနေတဲ့ နပန်းပညာရပ်ကိုပါ သင်ယူပြီး လေ့ကျင့်မှုတွေ ပိုပြီး လုပ်ဆောင်နေတာကြောင့် ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည် ရယူနိုင် မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Source: Apmma.Net
- By CNI News
- Category: ဆောင်းပါး
- Hits: 1615
CNI Article New
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁
ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနှင့် ၎င်း၏ဝန်ကြီး ၁၀ ဦးတို့သည် စတုတ္ထအကြိမ်နှင့် နောက်ဆုံး လွှတ်တော် အစည်းအဝေး၌ အယုံအကြည်မရှိအဆို တင်သွင်းခံရခြင်းမှ မကြာသေးမီက လွတ်မြောက်သွားခဲ့သည်။
ထိုသို့ ပရာယွတ်ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့ အောင်ပွဲခံနိုင်ခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။ အတိုက်အခံများ အတွက် ၎င်းတို့လိုလားသည့် ခိုင်လုံမဲများကို မစုစည်း၊ မထိန်းသိမ်းနိုင်ခဲ့သည့်အပြင် ၎င်းတို့အထဲတွင် ဘက်ပြောင်းမှုတွေ ရှိနေခြင်းကြောင့် ပရာယွတ်တို့ လက်ခမောင်း ထခတ်နိုင်ခဲ့သည်။
ထို့အပြင် ထိုင်းလွှတ်တော်၏ သမိုင်းတလျှောက် အစိုးရအဆက်ဆက်သည် ဆဲဆိုကြိမ်းမောင်းစရာ ငြင်းခုံသံများကို ကျော်လွှားရန် အမြဲလိုလို ကြိုးစားနေခဲ့ရသည်။
ထိုင်းလွှတ်တော်
ကြိုတင် ဟောကိန်း ထုတ်နိုင်ခဲ့သော ရလဒ်များဖြင့် ယခု နောက်ဆုံးဖြစ်ပျက်ခဲ့သော ခိုင်လုံမဲရရှိရေး တိုက်ပွဲသည် ထိုင်းပါတီ နိုင်ငံရေး ဦးတည်ချက်နှင့်ပတ်သက်၍ စိတ်ဝင်စားစရာ ထိုးထွင်းသိမြင်မှုများကို စွမ်းဆောင်ပေးလိုက်သည်။
သမ်မာနက် ခွဲထွက်အဖွဲ့၏ မသေချာမရေရာသော အနာဂတ်
******************************************************
ယမန်နှစ် စက်တင်ဘာလတွင် လက်ရှိအာဏာရ ဖလောင်ပရာချာရက်ပါတီ (PPRP) ၏ အထွေထွေအတွင်းရေးမှူးနှင့် စိုက်ပျိုးရေးဝန်ကြီး သမ်မာနက် ပရွန်ပေါင်သည် ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဖယ်ရှားဖို့ ၎င်း၏ မအောင်မြင်သော အကြံ အစည်များအကြောင်းမှာ ထိုင်းသတင်းစာများ၏ ခေါင်းကြီးပိုင်းများအဖြစ် ထွက်ပေါ်လာခဲ့သည်။
PPRP ပါတီမှ ထုတ်ပယ်ခံရပြီးနောက် ယခုအခါ ထိုင်းအကျိုးစီးပွားပါတီ (TEP) ခေါင်းဆောင်ဖြစ်နေသူ သမ်မာနက်သည် ၎င်း၏ ဆရာသမားဟောင်းဖြစ်သူ ဒုတိယဝန်ကြီးချုပ်နှင့် PPRP ထိပ်ပိုင်း ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်စူဝမ်မှအပ ပရာယွတ် အစိုးရ တဖွဲ့လုံးကို ဒဲ့စိန်ခေါ်ကြောင်း ကြေညာခဲ့သည်။
ဩဇာကြီးမားပြီး အာဏာနိုင်ငံရေးပွဲစား လုပ်တတ်သူ သမ်မာနက်သည် ၎င်း၏ TEP ပါတီမှ လွှတ်တော်အမတ်များနှင့် PPRP ပါတီအတွင်းမှ မကျေလည်သူများ စုဖွဲ့ထားသည့် ညွန့်ပေါင်းအဖွဲ့ အပါအဝင် အခြားအသေးအမွှား ပါတီငယ်များ၏ ခွန်အားကို စုစည်း၍ ၎င်းအနေဖြင့် လွှတ်တော်အမတ်ပေါင်း ၄၀ ကျော်ကို ခန့်အပ်နိုင်ပြီဟု ကြွားလုံးထုတ်ခဲ့သည်။
သမ်မာနက် ပရွန်ပေါင်
လွှတ်တော်အတွင်း၌ အဓိက အတိုက်အခံ ပါတီများကို လက်တွဲပြီး တညီတညွတ်တည်း မဲပေးမည်ဆိုပါက သမာနက်၏ စက်ကွင်းတွင် ပစ်မှတ်ထားသော မည်သည့် ဝန်ကြီးကိုမဆို အလွယ်တကူ ချေမှုန်းနိုင်မည်ဖြစ်သည်။
သို့သော် သမာနက်သည် အထာမညက်ဘဲ ၎င်း၏ ပြင်းထန်သော ထိုးနှက်ချက်မှာ ရေပေါ်အရုပ်ရေးသလို အရာမထင် ဖြစ်ခဲ့ ရချေပြီ။ ပါတီငယ်များနှင့် အသေးအမွှား ပါတီများမှ အမတ်အများစုသည် လက်ရှိ ထိုင်းအစိုးရကို မျက်နှာသာ ပေးခဲ့ကြသည်။ PPRP အမတ်အချို့သည် ၎င်းတို့ ပါတီ၏လုပ်ပိုင်ခွင့်ကို ဆန့်ကျင်လျက် မဲပေးခဲ့ကြသော်လည်း ၎င်းတို့အားလုံးကတော့ သမာနက်၏ မဟာရန်သူတော်ဖြစ်နေသည့် ဝန်ကြီးချုပ် ပရာယွတ်ကို အတိအလင်း ထောက်ခံခဲ့ကြသည်။
သမာနက်၏ ကိုယ်ပိုင်ပါတီဖြစ်သော TEP အတွင်း၌ပင် လွှတ်တော်အမတ် လေးဦးတို့သည် သမာနက်ကို ကြီးစွာသော သစ္စာဖောက်သည့် အနေဖြင့် ပရာယွတ်ကို ယိမ်း၍ ပုံအောပြီး မဲပေးခဲ့ကြသည်။
ထိုင်းလွှတ်တော်အတွင်း လက်ရှိအစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းသည့် တိုက်ပွဲမစမီ ရက်သတ္တပတ် အနည်းငယ် အလိုတွင် TEP သည် ကြားဖြတ်ရွေးကောက်ပွဲအတွက် လမ်ပန်ပြည်နယ်တွင် ရှုံးနိမ့်ပြီးနောက် ရုတ်ခြည်း ထွက်ပေါ်လာသည့် အတိုက်အခံပါတီနှင့် ပူးပေါင်းရန် သမာနက်ခမျာ ကြေညာချက် ထုတ်ခဲ့ရသည်။
သမာနက်၏ ကြေညာချက်သည် ဒုတိယအကြီးဆုံး အတိုက်အခံ ပါတီဖြစ်သည့် ရှေ့သို့အရွေ့ (Move Forward Party_MFP) ၏ ခုခံမှုလည်း ကြုံခဲ့ရသည်။ သမာနက်သည် အတိုက်အခံများနှင့် လက်တွဲနိုင်ရေးအတွက် သေလုမျောပါး ကြိုးစားခဲ့ပါသော် လည်း MFP ကတော့ သမာနက်ကို ‘ဖုတ်လေသည့်ငါးပိ ရှိသည်ပင် မထင်’သည့် တုံ့ပြန်မှုကိုသာရခဲ့သည်။ စင်စစ်အားဖြင့် သမာနက်ကို MFP က ထွေးပွေ့ဆီးကြိုဖို့မှာ မြင်တွေ့ရန် ခဲယဉ်းလှသည်။
သမာနက်၏ ကိုယ်ပိုင်ပါတီဖြစ်သော TEP
နောက်ဆုံးတွင် MFP သည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရဖူးသော သမာနက်ကို အဖတ် ဆယ်၍ မရသော ဝန်ကြီးတစ်ဦးအဖြစ် ယေဘုယျအားဖြင့် ရှုမြင်သည်။ သို့ဖြစ်၍ လူငယ်မဲဆန္ဒရှင်များ အပေါ်တွင်သာ မှီခို အားထားစရာ ကျန်တော့သည်။
သမာနက်နှင့် အခြားထိပ်တန်းရောက် အတိုက်အခံပါတီ တစ်ခုဖြစ်သည့် ဖူထိုင်းပါတီ (PTP) တို့ကြားမှာလည်း လူမသိသူမသိ သဘောတူညီချက်နှင့် အပေးအယူတချို့ ရှိနေကြောင်း ကျယ်ပြန့်စွာ ခန့်မှန်းကြသည်။ သို့သော်လည်း MFP ကဲ့သို့ပင် PTP ကလည်း လာမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲအပြတ်အသတ်ဖြင့် အောင်ပွဲခံနိုင်ဖို့ရန် လူငယ်များ၏ ခိုင်လုံမဲများကို ရအောင် လုံးပန်းနေသည်။
ထို့ကြောင့် PTP သည် သမာနက်နှင့် ခပ်လှမ်းလှမ်းတွင်သာ နေရန် ဆုံးဖြတ်ရတော့သည်။
အလဲလဲ အကွဲကွဲဖြစ်ခဲ့ရသည့်ဆေးခြောက်ပါတီ
*******************************************
ထိုင်းနိုင်ငံရေး၏ မြင်းနက်ကြီးအဖြစ် မကြာသေးမီက ဆေးခြောက်ကိစ္စ နောက်ကွယ်တွင် ရှိနေခဲ့သည်က ဒုတိယအင်အား အကောင်းဆုံးပါတီဖြစ်သည့် ဘွမ်ဂျိုင်ထိုင်းပါတီ (BJTP) ဖြစ်သည်။ အမှန်မှာ BJTP သည် စည်းလုံးသောအသံဖြင့် အယုံအကြည်မရှိ အဆိုတင်သွင်းရေး တိုက်ပွဲကို ကျောခိုင်းခဲ့သော တစ်ခုတည်းသော အဓိကပါတီလည်း ဖြစ်သည်။ BJTP ပါလီမှ လွှတ်တော်အမတ် ၆၂ ဦးစလုံးသည် တူညီသော ဦးတည်ချက်ဖြင့် မဲပေးခဲ့ကြသည်။
ဘွမ်ဂျိုင်ထိုင်းပါတီ (BJTP)
ပါတီတစ်ခုအတွက် မထင်မှတ်ထားသော လှည့်ကွက်ပေါ်ပေါက်ခဲ့သဖြင့် ရုတ်တရက် မြွေဖမ်းသည်ဟုပင် တံဆိပ်ကပ်ခြင်း ခံခဲ့ရသည်။ သမာနက်၏ ပစ်မှတ်ထားခံရသော BJTP ပါတီဝင်များဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီး အာနူတင် ချန်ဗီရာ ကောနှင့် ပို့ဆောင်ရေးဝန်ကြီး စက်စယမ် ချစ်ချော့ဗ်တို့ကို BJTP ဝိုင်းတော်သားများက ခုခံကာကွယ်ရင်း ထောက်ခံမဲရဖို့ အတိုက်အခံ အမတ်အများအပြားက မဲခွဲဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါ ဝန်ကြီးနှစ်ယောက်သည် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ် နောက်တွင် ဒုတိယနှင့် တတိယ အယုံကြည်ရဆုံး ဝန်ကြီးများအဖြစ် အသီးသီး တက်လာကြသူများ ဖြစ်ကြသည်။ များမကြာမီ သို့မဟုတ် နောက်ပိုင်း ကာလများတွင် ပါတီကြီး များနှင့် ပါတီငယ်များမှ ထွက်ပြေးလာသူများသည် BJTP ၏ စောင့်ဆိုင်းနေသော ရင်ခွင်ထဲသို့ ခုန်ဆင်းလာမည်ဟု မျှော်လင့်ရ ပါသည်။
ကိုယ့်ကိုယ်ကို မျိုးသုဉ်းအောင် အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေသော ဒီမိုကရက်တစ်ပါတီ
*********************************************************************************
ထိုင်းနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီသည် သမာနက် ပစ်မှတ်ထားသည့် ဝန်ကြီး သုံးဦးစလုံး ကို ကြားနေမဲများ ပေးခဲ့ကြသည်။ အထူးသဖြင့် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျူရင် လက် စာနာဝီစစ်သည် ၎င်း၏ပါတီဝင်တစ်ဦးနှင့် မဟာမိတ် အဖွဲ့ငယ်များကို အရှက်ရစေခဲ့ပြီး မဲအများဆုံးမဲ ၂၃ မဲဖြင့် အဆိုး ရွားဆုံး ကစားသမားတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သည်။
ဤသည်မှာ အတိုင်းအတာ တစ်ခုအထိ ဂျူရင်၏ မတုန်မလှုပ်သော ခေါင်းဆောင်နိုင်စွမ်းနှင့် အကန့်အသတ်ရှိသော လွှမ်းမိုးမှု ကို အလေးပေး ဖော်ပြရာ ရောက်ပါသည်။
မကြာသေးမီ နှစ်များအတွင်း ဒီမိုကရက်တစ်ပါတီသည် ဖြစ်တည်မှုဆိုင်ရာ စိန်ခေါ်မှုများစွာကို မနားမနေ ရင်ဆိုင်နေခဲ့ရသည်။ ပြင်းထန်သော ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှု သို့မဟုတ် အံ့ဖွယ်အမှုများ မရှိပါက၊ ဤအရာများသည် ဒီမိုကရက်တစ်များ အတွက် အလွန်ဆိုးရွားလှသည်။ လာမည့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပါက ၎င်းပါတီသည် နိဂုံးချုပ်တော့မည် ဖြစ်သည်။
ထိုင်း စစ်ဗိုလ်ချုပ်များ အကြားတွင် အကွဲအပြဲများ ကြီးထွားလာသလား
*****************************************************************
၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံရေးကို တောက်လျှောက်လွှမ်းမိုးခဲ့သည့် “Ps Three Ps” စစ်ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်ချုပ်ကြီး ပရာယွတ်၊ ဗိုလ်ချုပ်ကြီး ပရာဝစ်နှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အန်နူပွန်ပေါက်ချင်ဒါ တို့ကို “Pok” ဟု အမည်ပြောင် ပေးထားသည့် PPRP ပါတီက ကျောထောက်နောက်ခံ ပြုထားသည်။
သို့သော် ပရာဝစ်နှင့်မတူဘဲ ပရာယွတ်၊ အန်နူပွန်တို့ နှစ်ဦးသည် ပါတီ၏ တကယ့် အမာခံများ မဟုတ်ကြသဖြင့် လွှတ်တော် အတွင်းရှိ ၎င်းတို့၏ ရပ်တည်များကို အတော်အတန်ပင် အားနည်းစေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က အယုံအကြည်မရှိ စကားစစ်ထိုးပွဲတွင်လည်း စစ်ဗိုလ်ချုပ်ကြီး သုံးဦးကြား အကွဲအပြဲများ ထင်ဟပ်ခဲ့သည်။
ဗိုလ်ချုပ်ကြီး ပရာဝစ်
ပရာဝစ်သည် လက်ရှိနိုင်ငံရေး အခင်းအကျင်းများကို နောက်ကွယ်မှ လျှို့ဝှက် ကြိုးကိုင်ခြင်း ရှိ/မရှိ ကောလာဟလများ ကျန်နေသေးသော်လည်း ၎င်းသည် အန်နူပွန်ကို ထိုင်းအစိုးရ၏ ပြည်ထဲရေးဝန်ကြီး အဖြစ်မှ နုတ်ထွက်စေလိုကြောင်း ထင်ရှားပါသည်။ တစ်ချိန်တည်းတွင် ပရာယွတ်သည် ထိုသို့ဖြစ်ပျက်နေမှုများကို မကျေမနပ် ဖြစ်နေသည်။
ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ပရာယွတ်နှင့် အန်နူပွန်တို့သည် ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံရေးပါတီကို တည်ထောင် မှာလား၊ တခြားပါတီများကို ချုပ်ကိုင်ပြီး ၎င်းတို့၏ အာဏာကို စုစည်းမှာလား (သို့မဟုတ်) ၂၀၂၃ ခုနှစ် မတ်လတွင် ၎င်းတို့၏ အစိုးရ ရာထူးသက်တမ်းများ ပြီးဆုံးသည့်အခါ နိုင်ငံရေး နယ်ပယ်ထဲကနေ နောက်ဆုတ်ကြမှာလား စသည်ဖြင့် စောင့်ကြည့် ရဦးမည် ဖြစ်ပါသတည်း။ ။
Source: The Diplomat
(The Diplomat ဝက်ဘ်ဆိုက်တွင် ဇူလိုင် ၂၉ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Tita Sanglee ၏အတွေးအမြင်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)
- By CNI
- Category: ဆောင်းပါး
- Hits: 1075
CNI Article News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၄
ယူကရိန်းပြည်တွင်းမှာ စပါးဘယ်လောက်သောင်တင်နေလဲ
******************************************
ပြည်ပသို့ တင်ပို့ရန် ရည်ရွယ်ထားသော စပါးတန်ချိန် သန်း ၂၀ ခန့်သည် ယူကရိန်းပြည်တွင်းမှာပင် သောင်တင်နေဆဲ ဖြစ်သည်။
ယခုနှစ် ရိတ်သိမ်းပြီးလျှင် သောင်တင်နေမည့် စပါးတန်ချိန် ၇၅ သန်းအထိ တိုးလာနိုင်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောကြားခဲ့သည်။
စစ်မက်ဖြစ်ပွားနေ၍ ယခုနှစ် စပါးရိတ်သိမ်းမှု နည်းပါးမည့် သဘောလည်းဖြစ်သည်။ ယူကရိန်းမှ ပုံမှန်ထွက်ရှိနေကျ စပါး တန်ချိန် ၈၆ သန်း၏ ၃၀ ရာခိုင်နှုန်းခန့်ကို ရိတ်သိမ်းနိုင်မည် မဟုတ်ဟု Chatham House ပညာရှင်အဖွဲ့မှ စားနပ်ရိက္ခာရေးရာ ကျွမ်းကျင်သူ လော်ရာဝေါလက်စလေး (Laura Wellesley) က ပြောသည်။
ယူကရိန်းထံမှ စပါးမရလျှင် အခြားနိုင်ငံများအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ
**************************************************************************
ယူကရိန်းသည် ကမ္ဘာ့စတုတ္ထ ဆန်တင်ပို့မှု အများဆုံး နိုင်ငံဖြစ်သည်။ ပုံမှန်အားဖြင့် ယူကရိန်းသည် ကမ္ဘာ့နေကြာဆီ ပမာဏ ၏ ၄၂ ရာခိုင်နှုန်း၊ ပြောင်း ၁၆ ရာခိုင်နှုန်းနှင့် ဂျုံ ၉ ရာခိုင်နှုန်းတို့ကို ထုတ်လုပ်ပေးနေခဲ့သည်။ ထို့အပြင် ကမ္ဘာ့အကြီးဆုံး စားနပ်ရိက္ခာ တင်ပို့နေကျဖြစ်သည့် ရုရှားနိုင်ငံထံမှလည်း ဂျုံတင်ပို့မှု ကျဆင်းခဲ့သည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများသည် ရုရှားစိုက်ပျိုးရေးကဏ္ဍကို ပစ်မှတ်ထားခြင်း မဟုတ်သော်လည်း အာမခံ နှုန်းထားများ တိုးလာသဖြင့် ငွေပေးချေမှု ပြဿနာများကြောင့် ပို့ကုန်များကို အဟန့်အတား ဖြစ်စေကြောင်း ကရင်မလင် သမ္မတ နန်းတော်က အပြစ်တင်ထားသည်။
စိုက်ပျိုးရေးထွက်ကုန်များ တင်ဆောင်လာသော ရုရှားသင်္ဘောများကို ဥရောပသမဂ္ဂ (EU) နိုင်ငံအသီးသီး၏ ဆိပ်ကမ်းများမှ တားမြစ်ထားခြင်း မရှိပါ။ ယူကရိန်းနှင့် ရုရှားတို့က အာဖရိက ဂျုံဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကျော်ကို ပုံမှန်အားဖြင့် ဖြည့် ဆည်း ပေးသည်ဟု အာဖရိက ဖွံ့ဖြိုးရေးဘဏ်က ပြောသည်။

ယူကရိန်းကနေ စပါးတင်ပို့ရေး ရုရှားနဲ့ယူကရိန်းသဘောတူလက်မှတ်ထိုး
သို့သော် ယခုစစ်ပွဲကြောင့် အာဖရိကမှာ စားနပ်ရိက္ခာ တန်ချိန် သန်း ၃၀ ပြတ်လပ်သွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အာဖရိက တိုက်တခွင်ရှိ စားသောက်ကုန် ဈေးနှုန်းများ ၄၀ ရာခိုင်နှုန်းအထိ တဟုန်ထိုး တက်ခဲ့သည်။ နိုင်ဂျီးရီးယားတွင် ခေါက်ဆွဲနှင့် ပေါင်မုန့်တို့ စျေးနှုန်းမှာ ၅၀ ရာခိုင်နှုန်းအထိ တက်သွားခဲ့သည်။
အလားတူ ယီမင်နိုင်ငံသည်လည်း ယူကရိန်းထံမှ တစ်နှစ်လျှင် ဂျုံတန်ချိန် တစ်သန်းကျော် တင်သွင်းနေကျ ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ကုန်စည်ရရှိမှု ကျဆင်းသွားသဖြင့် ၎င်းနိုင်ငံတွင် ဂျုံမှုန့်ဈေးမှာ ၄၂ ရာခိုင်နှုန်းနှင့် ပေါင်မုန့်ဈေး ၂၅ ရာခိုင်နှုန်း တက်ခဲ့ကြောင်း ကုလသမဂ္ဂ (UN) က ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံတွင် ယူကရိန်းဂျုံ တင်သွင်းမှုကိုသာ အားကိုးနေရသဖြင့် မုန့်ဈေးကွက် နှစ်ဆတက်ခဲ့သည်။
နိုင်ငံတကာ ဂျုံဈေးကွက်ကတော့ လတ်တလော ယူကရိန်း-ရုရှား သင်္ဘောလမ်းကြောင်းဆိုင်ရာ သဘောတူညီချက် ရရှိသည့် သတင်းကြောင့် ပြန်လည် ကျဆင်းလာခဲ့သည်။ သို့သော်လည်း ယူကရိန်း၏ စပါး အမြောက်အမြားကို အချိန်မီ မတင်ပို့ပါက အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ နိုင်ငံအများအပြား စားသောက်ကုန် ပြတ်တောက် တော့မည်ဖြစ်ကြောင်း လော်ရာဝေါ လက်စလေးက ပြောကြားခဲ့သည်။
“ဒါက အဲဒီနိုင်ငံတွေအတွင်းမှာ မုန့်ဈေးကို ပိုတက်စေပြီး လူမှုရေး မငြိမ်သက်မှုတွေ အကြီးအကျယ် ဖြစ်စေတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းဖို့ အစီအစဉ်က ဘာလဲ
************************************************
ရုရှားနှင့် ယူကရိန်းတို့သည် ပင်လယ်နက်ဒေသတွင် ရေကြောင်းစင်္ကြန် ဖွင့်လှစ်ရန်အတွက် ကုလသမဂ္ဂ (UN)၊ တူရကီတို့ ပါဝင် ပတ်သက်လျက် “သဘောတူစာချုပ်” လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းအစိုးရများမှ တာဝန်ရှိသူများက အဆိုပါ အစီအစဉ်အရ ယူကရိန်း စပါးသင်္ဘောများကို ဆိပ်ကမ်းတဝိုက် မိုင်းရှင်းလင်းစေပြီး ခုတ်မောင်းစေမည် ဖြစ်သည်။
သင်္ဘောများ တင်ပို့မှု လည်ပတ်လှုပ်ရှားနေချိန်၌ အပစ်အခတ်ရပ်စဲရေးကို ရုရှားက သဘောတူရသည်။ လက်နက်မှောင်ခို ကူးမည်ကို ရုရှား မစိုးရိမ်စေဖို့ တူရကီသင်္ဘောများကို စစ်ဆေးခွင့်ပြုသည်။ ရုရှားနိုင်ငံကိုလည်း ပင်လယ်နက်မှ တစ်ဆင့် စပါးနှင့် ဓာတ်မြေသြဇာ တင်ပို့မှုကို ခွင့်ပြုပေးရသည်။

သင်္ဘောဖြင့် စပါးတင်ပို့မည်
ပင်လယ်ရေကြောင်းစင်္ကြန်ကို အသုံးပြုခုတ်မောင်းမည့် ကုန်တင်သင်္ဘောများကို ဘယ်သူ အာမခံပေးမှာလဲ
**************************************************************************************************
ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ပင်လယ်နက်ထဲ ဝင်လာမိသည့် သင်္ဘောများတွက် အာမခံကြေးတွေ တိုးလာခဲ့ သည်။ အချို့သော အာမခံလုပ်ငန်းဆိုလျှင် ခရီးစဉ်တစ်ခုအတွက် သင်္ဘောတစ်စင်းလုံး တန်ဖိုး၏ ၅ ရာခိုင်နှုန်း (သို့မဟုတ်) ၁၀ ရာခိုင်နှုန်းအထိ ကောက်ခံသည်။
သို့သော်လည်း ယခု ကုန်စည်တင်ပို့ရေး သဘောတူညီချက်ရသဖြင့် ကုန်ကျစရိတ် သက်သာသွားပြီဟု အာမခံ လုပ်ငန်း အဖွဲ့အစည်း တစ်ခုဖြစ်သည့် လွိုက်ဈေးကွက်အသင်းမှ နေးလ်ရောဘတ်က ပြောသည်။
"ယူကရိန်းဆိပ်ကမ်းတွေကနေ စပါးတွေ ပြန်သယ်နိုင်ပြီး ကုန်သွယ်ရေး ပြန်လည် အသက်သွင်းနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
လုံခြုံစိတ်ချရသော ပင်လယ်စင်္ကြန်မရှိဘဲ စပါးကို တင်ပို့ခဲ့မှု ရှိသလား
***************************************************************
စစ်မဖြစ်မီက ယူကရိန်းသည် ၎င်း၏ စားနပ်ရိက္ခာ တင်ပို့မှု ၉၀ ရာခိုင်နှုန်းကျော်ကို ပင်လယ်ရေကြောင်းဖြင့် ပေးပို့နေခဲ့သည်။ စစ်ဖြစ်ပြီးနောက် ဆိပ်ကမ်းများကို ပိတ်ဆို့ထားသဖြင့် ကုန်တင်ယာဉ်များနှင့် ရထားများသုံး၍ ကုန်းလမ်းဖြင့် တတ်နိုင်သမျှ တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

စပါးတင်ပို့မည့် ပင်လယ်လမ်းကြောင်း(BBC)
EU သည် ဘောလ်တစ်ပင်လယ်ရှိ ဆိပ်ကမ်းများနှင့် ရိုမေးနီးယားနိုင်ငံ၊ ကွန်စတန်နာ ဆိပ်ကမ်းတို့မှတစ်ဆင့် ယူကရိန်းစပါး များကို အဆင်ပြေ ချောမွေ့စွာ တင်ပို့နိုင်ရေး ကူညီရန် ကြိုးပမ်းနေသည်။ ကွန်စတန်နာသို့ ခရီးတစိတ်တပိုင်း အတွက် စပါး များကို ဒင်းညုမြစ်ကြောင်းတလျှောက် သင်္ဘောဖြင့် သယ်ယူနိုင်သည်။
သို့သော် အဓိကပြဿနာ တစ်ရပ်မှာ ယူကရိန်း၏ မီးရထားသံလမ်း သုံးခြင်းသည် အခြားဥရောပ နိုင်ငံများထက် ပိုဝေးနေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်း၏နယ်စပ်ရှိ စပါးများကို သယ်ယူကာ အခြားနိုင်ငံထံသို့ ပြန်ပို့ရခြင်းမှာ ဝေးလံ လွန်းနေသည်။ ဥရောပကိုဖြတ်ပြီး ဘောလ်တစ် ဆိပ်ကမ်းများဆီသို့ ယူကရိန်းစပါးများ ရောက်ဖို့ ရက်သတ္တသုံးပတ်ခန့် အချိန်ယူရသည်။
ယူကရိန်း ဆန်စပါးအသင်းနှင့် ကုန်သွယ်ရေးအဖွဲ့ကတော့ ယခုအခါ စစ်အတွင်းကာလဖြစ်၍ တစ်လလျှင် စပါးတန်ချိန် ၁ ဒသမ ၅ သန်းသာ အများဆုံးတင်ပို့နိုင်တော့သည်ဟု ပြောကြားခဲ့သည်။ စစ်မဖြစ်မီက ယူကရိန်းသည် တစ်လလျှင် စပါး တန်ချိန် ၇ သန်းခန့် တင်ပို့နိုင်ခဲ့သည်။
Source: BBC
