- By CNI
- Category: ဆောင်းပါး
- Hits: 3699
CNI Article
၂၀၂၄ ခုနှစ်၊ မတ်လ ၁၈
အခုဆိုရင် မြန်မာ့တပ်မတော် ဖြုတ်ချရေး နိုင်ငံတဝှမ်း လက်နက်ကိုင် အင်အားစုများက ဖော်ဆောင်နေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။
ဒီလို လက်နက်ကိုင် အင်အားစုတွေက မြန်မာ့တပ်မတော် ဖြုတ်ချရေး ဖော်ဆောင်တဲ့အထဲကမှ ကချင်လွတ် လပ်ရေး တပ်မတော်(KIA)အနေနဲ့ ဘယ်လိုပုံစံနဲ့ ဖော်ဆောင်နေလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။
KIA ဟာ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြန်မာ့တပ်မတော်ကို တိုက်ခိုက်လိုစိတ် ရှိသူတွေကို စုစည်းပြီးတော့ ပထမဆုံး စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်ပေးတာ၊ လိုအပ်တဲ့ လက်နက် ခဲယမ်းတွေ ထောက်ပံ့ပေးတာနဲ့ စတင်ပါတယ်။
ဒီနောက်မှာတော့ စစ်ဆင်ရေးတွေမှာ ဦးဆောင်ပြီးတော့ အမိန့်ပေး ကွပ်ကဲတာ၊ ထောက်ပို့ လမ်းကြောင်းတွေ ကို ဖော်ဆောင်တာ၊ တခြားသော လက်နက်ကိုင် အင်အားစုတွေကို ချိတ်ဆက်တာတွေ ဆက်လုပ်ပါတယ်။
ဒီအခြေအနေတွေ အားလုံး သေချာ စီစဉ်ထားနိုင်တဲ့အခါမှာတော့ စစ်ကိုင်း တိုင်းဒေသကြီးကို ထိန်းချုပ်နိုင်ဖို့ အတွက် စစ်ဆင်ရေးမဟာဗျူဟာ ၃ ရပ်ကို ချမှတ် အကောင်အထည်ဖော်လာတာကို တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက ဒေသခံများက ရှမ်းနီနယ်မြေကာကွယ်ရေး ဆန္ဒပြနေကြစဉ်
ဒီစစ်ဆင်ရေးမဟာဗျူဟာ ၃ ရပ်ကတော့ (၁) ဗန်းမောက်မြို့နယ်ကို ဗဟိုပြုစစ်ဆင်ရေး၊ (၂) ကသုံးလုံး (ကသာ-ကောလင်း-ကန့်ဘလူ) စစ်ဆင်ရေး၊ (၃) ထီးချိုင့်မြို့နယ်ကို ဗဟိုပြုစစ်ဆင်ရေးတို့ပဲ ဖြစ်ပါတယ်။
နံပါတ်(၁)အနေနဲ့ ဗန်းမောက်မြို့နယ်ကို KIA က ထိန်းချုပ်နိုင်ပြီးဆိုရင် အင်းတော်၊ ကသာကို ဆက်လက် တိုက်ခိုက်လို့ ရပါမယ်။ ပြီးရင် ပင်လည်ဘူးမြို့ကို တိုက်ခိုက်လို့ရပါမယ်။ ပင်လည်ဘူးကို ထိန်းချုပ်နိုင်ပြီးဆိုရင် တော့ ဖောင်းပြင်၊ ရွှေပြည်အေး၊ ဟုမ္မလင်း စတဲ့ မြို့တွေကို အလွယ်တကူ တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။
ဒီမြို့နယ်တွေကို တိုက်ခိုက်နိုင်ဖို့အတွက် ဗန်းမောက်မြို့နယ်က KIA အတွက် စစ်ရေးမဟာဗျူဟာအရ အရေး ပါနေပါတယ်။ ပြီးရင်တော့ စစ်ကိုင်းတိုင်း အထက်ပိုင်းကို ထိန်းချုပ်နိုင်ဖို့နဲ့ လက်နက်ခဲယမ်း အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရေးတွေကိုလည်း လုပ်နိုင်သွားမှာ ဖြစ်ပါတယ်။
ဗန်းမောက်ကို လက်နက်ထောက်ပံ့နိုင်တဲ့ လမ်းကြောင်းကတော့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ကနေ မော်ဟန်၊ မော်လူး၊ အင်းတော်လမ်းကြောင်းကနေ ဖြစ်ပါတယ်။
နောက်ထပ် လမ်းကြောင်းတစ်ခုကတော့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှာရှိတဲ့ ကသာကို သယ်ယူနိုင်ပါတယ်။ ကသာကနေ တဆင့် အင်းတော်-ဗန်းမောက်လမ်းကြောင်း ဖြစ်ပါတယ်။
(၂) ကသုံးလုံး(ကသာ-ကောလင်း-ကန့်ဘလူ) စစ်ဆင်ရေးဖြစ်ပါတယ်။
ဒါကတော့ ကသာကို ပထမဆုံး ထိန်းချုပ်နိုင်ပြီးဆိုရင် ကောလင်းကို ထိန်းချုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ကောလင်းကနေ အောက်ဘက်ကိုဆင်းပြီး ကန့်ဘလူကို ထိန်းချုပ်နိုင်ရေး KIA က ဆက်လက် ကြိုးပမ်းနိုင်ပါတယ်။
အခုဆိုရင် ကောလင်းကို ထိန်းချုပ်ထားပြီးတော့မှန် ပြန်လည် လက်လွတ်လိုက်ရတယ်ဆိုပေမယ့် အချိန်မရွေး ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာနိုင်ပါတယ်။ ဒီနောက်မှာတော့ ကန့်ဘလူမြို့နဲ့အနီးဖြစ်တဲ့ ကျွန်းလှမှာ KIA က ထောက်ထားပြီးတော့ ကောလင်းကို စစ်တပ်ဘက်က လာမတိုက်နိုင်အောင် ကာထားသလို ကန့်ဘလူကို လည်း ဖိအားပေးမည့် မဟာဗျူဟာကို ဖော်ဆောင်လာနိုင်ပါတယ်။
ဒီစစ်ဆင်ရေးကို အောင်မြင်ဖို့အတွက် လက်နက်ခဲယမ်းကိုတော့ ကချင်ပြည်နယ်၊ ရွှေကူ၊ မိုးညှင်း၊ အင်းတော် ဒီလမ်းကြောင်းတွေကနေ ဖြည့်တင်း ထောက်ပို့ လုပ်နိုင်ပါတယ်။
(၃) ထီးချိုင့်မြို့နယ်ကို ဗဟိုပြု စစ်ဆင်ရေးပဲ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကတော့ ထီးချိုင့်မြို့ကို KIA-PDF-AA တို့က တိုက်ခိုက်နေပြီးဖြစ်သလို ကျေးလက်ဒေသတွေကိုလည်း ထိန်းချုပ်ထားပါတယ်။
အဓိက ထီးချိုင့်ကို လက်နက်ခဲယမ်း ထောက်ပို့လုပ်နိုင်တာကတော့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေတဆင့် လာနိုင်သလို ကသာကနေလည်း လာနိုင်ပါတယ်။ နောက်တစ်ခုကတော့ မန္တလေးတိုင်းထဲမှာ ပါနေတဲ့ မဘိမ်း ဒေသဘက်ကနေလည်း ထောက်ပို့လုပ်နိုင်ပါသေးတယ်။
ထီးချိုင့်မြို့နယ် အားလုံးကို KIA-PDF-AA တို့ ထိန်းချုပ်နိုင်ပြီးဆိုရင်တော့ ဧရာဝတီမြစ်ကြောင်းနဲ့ စစ်ကိုင်း- မန္တလေး-ကချင် တို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းကိုလည်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

PDF နဲ့ KIA အဖွဲ့ကိုတွေ့ရစဉ်
ဒီနောက်မှာတော့ မန္တလေးတိုင်းဒေသကြီးကို KIA က စစ်ရေးအရ ဆက်လက် ဖိအားပေးလာနိုင်ပါလိမ့်မယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပါဝင်နေတဲ့ တမူး၊ ခမ်းပတ်၊ ကလေး စတဲ့ မြို့နယ်တွေကိုလည်း CNF- CNDF- PDF- KNO Burma- ABSDF တို့က ပူးပေါင်းတိုက်ခိုက်လျက်ရှိပါတယ်။ ဒီအင်အားစုတွေကိုလည်း KIA က လက်နက်ခဲယမ်း ထောက်ပံ့ပေးခြင်းနဲ့ ချိတ်ဆက်ထားပြီးတော့ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံး ထိန်းချုပ်နိုင် ရေး ကြိုးပမ်းလျက်ရှိနေတာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ပါစေ ဒီစစ်ဆင်ရေး မဟာဗျူဟာ ၃ ရပ်ကို KIA ဟာ PDF- AA- ABSDF၊ CNDF၊ CNF၊ တို့နဲ့ ပူးပေါင်း ဖော်ဆောင်နေတာဖြစ်လို့ အောင်မြင်သွားခဲ့မယ်ဆိုရင်တော့ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးကို ထိန်းချုပ် သွားနိုင်မှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးကို KIA က ထိန်းချုပ်သွားနိုင်ပြီးဆိုပါက စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ဆက်စပ် ထားတဲ့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့ ဒေသတွေထဲကို လက်နက်ခဲယမ်း ထောက်ပို့ရေး လမ်းကြောင်းဟာ အတားအဆီးမရှိ သယ်ယူလာနိုင်မှာ ဖြစ်ပါတယ်။
ဒီနောက်မှာတော့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ တဆက်တည်း လွတ်မြောက်ရေးကို AA – CNF- CNDF- PDF တို့က ဆက်လက်ကြိုးပမ်းလို့ရသွားပြီ ဖြစ်ပါတယ်။
ဒါကြောင့် KIA ရဲ့ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံး ထိန်းချုပ်နိုင်ရေး မဟာဗျူဟာကနေ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ လွတ်မြောက်ရေး တိုက်ပွဲတွေဟာလည်း တချိန်တည်းမှာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာ KIA ဟာ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံး ထိန်းချုပ်နိုင်ရေးအတွက် အကောင်အထည် ဖော်တာမှာ အတားအဆီးတွေ တချို့ကို ရင်ဆိုင်နေရပါတယ်။
ဒါကတော့ စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းကနေ အထက်ပိုင်းဒေသဟာ ရှမ်းနီတိုင်းရင်းသားတွေ နေထိုင် ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေဒေသတွေဖြစ်လို့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ဒေသတွင်း တည်ငြိမ် အေးချမ်းရေးအတွက် ကြိုးပမ်းနေပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
အထူးသဖြင့် ရှမ်းနီလက်နက်ကိုင် SNA တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်းဒေသကြီးထဲက ထီးချိုင့်၊ ကောလင်း၊ ဝန်သို၊ ပင်လည်ဘူး၊ ကသာ၊ ရွှေပြည်အေး၊ တမူး၊ ကလေး၊ ဗန်းမောက်၊ အင်းတော်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ မော်လိုက်၊ သနန့် စတဲ့ ဒေသတွေမှာ လှုပ်ရှားနေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့နဲ့ ရှမ်းနီပြည်နယ် ရရှိရေး ကြိုးပမ်းနေ ပါတယ်။
ဒါကြောင့် KIA ရဲ့ စစ်ရေးမဟာဗျူဟာ ၃ ရပ် ဖော်ဆောင်တဲ့ ဒေသတွေထဲမှာ တည်ရှိနေတဲ့အတွက် KIA- PDF တို့နဲ့ SNA ကြား တိုက်ပွဲတွေ ဖြစ်လာခဲ့ရပါတယ်။
SNA ဟာ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးကို KIA ထိန်းချုပ်ဖို့ ဖော်ဆောင်နေတဲ့ စစ်ရေးမဟာဗျူဟာထဲမှာ အဓိက အရေးပါတဲ့ အနေအထားမှာ ဖြစ်နေတဲ့အတွက် KIA က SNA ကို စည်းရုံးနိုင်ခဲ့မယ်ဆိုရင် အလွယ်တကူ အကောင်အထည် ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဲလိုမဟုတ်ဘဲ မစည်းရုံးနိုင်ရင်တော့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် KIA ဟာ SNA ကို စည်းရုံးနိုင်ဖို့ အရေးကြီး သလို တိုက်ထုတ်နိုင်ဖို့လည်း အရေးကြီးပါတယ်။
ဒီလိုပဲ မြန်မာ့တပ်မတော် အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို KIA ထိန်းချုပ်မသွားနိုင်အောင် လုပ်ဆောင်နေတာ မှာလည်း SNA ကို စည်းရုံးနိုင်ရင် ခြေတစ်လှမ်း သာသွားနိုင်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးကို KIA ထိန်းချုပ်နိုင်ခဲ့မယ်ရင် KIA က ဟိုယခင်ကတည်းက ကသည်းနဲ့နာဂ လက်နက်ကိုင်တွေကို ထူထောင်ပေးနေပြီး အိန္ဒိယကို တရုတ်အကြိုက် ဖိအားပေးနေတာဖြစ်လို့ အခု ပိုပြီးတော့ ဖိအားပေးလာနိုင်မှာ ဖြစ်ပါတယ်။
ဘာကြောင့်ဆို KIA ဟာ အိန္ဒိယကို တော်လှန်တိုက်ခိုက်နေတဲ့ နာဂ လက်နက်ကိုင်တွေကို လက်နက်ခဲယမ်း ထောင်ပံ့ပေးထားသလို လိုင်ဇာမြို့မှာလည်း စစ်စခန်းတွေ အခြေစိုက်ခွင့် ပေးထားလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် KIA သာ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံး ကို ထိန်းချုပ်သွားနိုင်ခဲ့မယ်ဆိုရင် အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားအတွက်လည်း ခြိမ်းခြောက်မှုတွေ ခံလာရပါလိမ့်မယ်။
မေးခွန်းထုတ်စရာ တစ်ခုဖြစ်နေတာကတော့ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးထိန်းချုပ်နိုင်ရေးနဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးဒေသကြီးတို့မှာ တိုက်ပွဲများ ဆက်လက် ဖော်ဆောင်နိုင်ရေး အတွက် KIA အနေနဲ့ လက်နက်ခဲယမ်း ထောက်ပံ့မှုစရိတ်ကို တက်နိုင်မည်မဟုတ်ပေ။
ထိုသို့ဆိုလျှင် မည်သည့် အင်အားစုက နောက်ကွယ်က ရှိနေနိုင်သလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပါ တယ်။ စစ်ရေးအကဲခတ် တချို့ကတော့ KIA ရဲ့ စစ်ဆင်ရေးတွင် တရုတ်က ကျောထောက် နောက်ခံပြုပေးထား နိုင်တယ်လို့ ဆိုကြသလို တချို့ကလည်း အမေရိကန်ရဲ့ မဟာဗျူဟာ တချို့ပါနိုင်တယ်လို့ ဆိုကြပါတယ်။
ဘယ်လိုပဲ ဖြစ်နေပါစေ KIA ဟာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ သဘောထားကိုတော့ ဘယ်လိုမှ လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အမေရိကန်နဲ့ ဆက်ဆံရေးလည်း မပျက်အောင်၊ တရုတ်နဲ့ ဆက်ဆံရေးလည်း မပျက် အောင် နှစ်ဖက်ခွ သံတမန်နည်းလမ်းကို အသုံးပါလိမ့်မယ်။
အခု တင်ပြခဲ့တဲ့ အခြေအနေတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီးဟာ မြန်မာ့တပ်မတော် ဖြုတ်ချရေး လက်နက် ကိုင် အင်အားစုတွေအတွက် ဘယ်လောက်ထိ အရေးပါတဲ့ ဒေသဖြစ်နေသလဲ၊ KIA အတွက် ဘယ်လောက် အရေး ပါတဲ့ ဒေသဖြစ်နေသလဲ၊ တရုတ်အတွက်ကရော ဘယ်လောက်ထိ အရေးပါတဲ့ ဒေသဖြစ်နေသလဲ၊ မြန်မာ့ တပ်မတော် အတွက်ရော ဘယ်လောက်ထိ အရေးပါတဲ့ဒေသ ဖြစ်နေသလဲဆိုတာတွေကိုပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်လိုပုံစံနဲ့ ဖြစ်တည်လာမလဲဆိုတာကတော့ အားလုံး ဆက်လက် စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 2868
CNI Sport Article
၂၀၂၄ ခုနှစ်၊ မတ်လ ၁၅
၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးဖို့ ၁၀ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှု တွေဟာ ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတွေက ချန်ပီယံဆုအတွက် ၂ သင်းတည်းသာ အပြိုင်ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ချန်ပီယံဆု ပြေးလမ်းကြောင်းမှာ ၃ သင်းအထိ ရှိလာခဲ့တာပါ။
ပရီးမီးယားလိဂ် ၂၈ ပွဲ ကစားအပြီးမှာ အာဆင်နယ်အသင်းက ၆၄ မှတ်နဲ့ အဆင့် ၁၊ လီဗာပူးလ်အသင်းက ၆၄ မှတ်နဲ့ အဆင့် ၂ ၊ မန်စီးတီးအသင်းက ၆၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒီ ၃ သင်းကြားမှာ ရမှတ်ကွာဟမှုက ၁ မှတ်သာရှိတာကြောင့် ခြေချော်တာနဲ့ အမှတ်ပေးဇယား ရပ်တည်မှုက အပြောင်းအလဲတွေ ဖြစ်သွားနိုင်တာပါ။
အမှတ်ကွာဟမှုက ကျဉ်းမြောင်းတာကြောင့် ချန်ပီယံဆုအတွက် ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်ရနိုင်တဲ့ အခြေအနေ တွေလည်း ရှိလာနိုင်တဲ့အတွက် အဆင့် ၁ နေရာမှာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ဂိုးတွေ အများကြီးသွင်းယူကာ ဒါကိုအားသာချက်ဖြစ်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီး ယှဉ်ပြိုင်နေစဉ်
လက်ရှိအချိန်မှာတော့ ၃ သင်းစလုံးဟာ ရာသီနောက်ဆုံးပွဲစဉ်အထိ အမှားအယွင်းမရှိအောင် ပြင်ဆင်နေ ကြတာပါ။
အာဆင်နယ်၊ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ လက်ကျန် ၁၀ ပွဲကို ကြည့်မယ်ဆိုရင် အာဆင်နယ်အသင်းဟာ ပွဲကျပ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ ဒီ ၁၀ ပွဲမှာ ချယ်လ်ဆီး၊ မန်စီးတီး၊ အက်စတွန်ဗီလာ၊ စပါး၊ ယူနိုက်တက်အသင်းတို့နဲ့ တွေ့ဆုံရမယ့် ပွဲစဉ်တွေအပြင် တန်းဆင်းဇုန်ကနေ လွတ်ဖို့ ရုန်းမယ့် လူတန်၊ အဲဗာတန်အသင်းတို့နဲ့ ပွဲစဉ်တွေ ပါဝင်တာ ဖြစ်ပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ပွဲကျပ် အများအပြားကို ကျော်ဖြတ်ရဖို့ ရှိနေပြီး ချန်ပီယံဆုယူချင်ရင် ကျော်ဖြတ်ပြဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း ရာသီကုန်ဖို့ နီးကပ်တဲ့အချိန်မှ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရ တာကြောင့် ဒီရာသီမှာ ဒီလိုအရာတွေကနေ သင်ယူထားတယ်လို့ နည်းပြ အာတီတာက ပြောထားတာပါ။

လီဗာပူးလ်အသင်းနဲ့ မန်စီးတီး ယှဉ်ပြိုင်နေစဉ်
လီဗာပူးလ်အသင်းရဲ့ လက်ကျန်ပွဲစဉ်တွေမှာတော့ အဲဗာတန်၊ ယူနိုက်တက်၊ စပါးနဲ့ အက်စတွန်ဗီလာ ပွဲစဉ်တွေ လောက်သာ သူ့အတွက် ခက်ခဲနိုင်ပြီး လက်ရှိခြေစွမ်းအရ ကျန်ပွဲတွေဟာ သူ့အတွက် လွယ်ကူတာ မဟုတ်ရင် တောင် အနိုင်ရလဒ် ရယူနိုင်မယ့်ပွဲစဉ်တွေ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အဓိက ကစားသမားအချို့ ဒဏ်ရာရရှိပေမယ့် လူငယ်ကစားသမားတွေကို အသုံးပြုပြီး ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။
လီဗာပူးလ်အသင်း တစ်သင်းလုံးဟာ ဒီရာသီအကုန်မှာ ထွက်ခွာတော့မယ့် နည်းပြကလော့ပ်ကို ပရီးမီးယားလိဂ် ဖလား ရယူပေးပြီး နှုတ်ဆက်ချင်နေတာကြောင့် အမှတ်ပေးဖလားကို ရယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ လက်ကျန်ပွဲစဉ်တွေမှာ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ စပါးတို့နဲ့ ပွဲကြီး ပွဲကောင်းတွေအပြင် တန်းဆင်းဇုန်က လွတ်ဖို့ရုန်းကန်နေရတဲ့ လူတန်၊ နော်တင်ဟမ်ဖောရက်စ်အသင်းတို့နဲ့ တွေ့ဆုံတဲ့ပွဲစဉ်တွေ ပါဝင်နေတာပါ။
ဒီပွဲစဉ်တွေကို ကြည့်ရမယ်ဆိုရင် မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းလောက် အရမ်းကြီး ပွဲကျပ်နေတဲ့ ပွဲစဉ်တွေ အများကြီး မပါဝင်တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဆုဖလားကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ရယူထားနိုင်တဲ့ အသင်းဖြစ်တာကြောင့် ဒီလက်ကျန်ပွဲတွေကို ကျော်ဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကို ပိုင်ဆိုင်ထားပြီး ဖြစ်တာပါ။
ပြီးတော့ မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ်ဖလား ကို ၄ နှစ်ဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ် ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရာသီသိမ်းဖို့ ၁၀ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ ဒီမျှော်လင့်ချက်ကို လက်လွှတ်ခံမှာ မဟုတ်ဘူးဆို တာ သေချာနေပါတယ်။
ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေကို ကြည့်ပြီး ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ခန့်မှန်းရရင် အာဆင်နယ် အသင်းအတွက် ခက်ခဲနိုင်ပြီး လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ထဲက တစ်သင်းက ဒီဆုဖလားကို ကိုင်မြှောက်နိုင် မယ်လို့ ယူဆရပါတယ်။
ဒီ ၃ သင်းစလုံးဟာ ဥရောပပြိုင်ပွဲတွေ ယှဉ်ပြိုင်နေရတဲ့အတွက် ကစားသမားတွေရဲ့ ဒဏ်ရာ၊ ပွဲပန်းမယ့် အရာတွေ ကြောင့် အခြေအနေတွေကလည်း ပြောင်းလဲသွားနိုင်တာပါ။
အဲဒါကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်း ချန်ပီယံဆု ရယူသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာပဲ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1820
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၈
မန်စီးတီးအသင်း အကြောင်းပြောရင် အားလုံးဟာ တိုက်စစ်မှူး ဟာလန်းနဲ့ ကွင်းလယ်လူ ဒီဘရိုင်းကိုပဲ ပြေးမြင်မိ မှာဖြစ်ပေမယ့် သူတို့ အပါအဝင် မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ဦးလည်း ရှိပါတယ်။
သူကတော့ စပိန်ကွင်းလယ်လူ ရိုဒရီပါ။ အသက် ၂၇ နှစ်အရွယ်ရှိ ရိုဒရီဟာ မန်စီးတီးအသင်းကို အသလက်တီကို အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက အသင်းအတွက် ခြေစွမ်းပြပြီး မနှစ်ကရာသီက သမိုင်းဝင် ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာမှာ အသင်းရဲ့ အသက်သွေးကြော အဖြစ်ရှိခဲ့တာ ဖြစ်ပါတယ်။
ရိုဒရီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါ ဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့ပြီး စပိန်လက်ရွေးစင်အသင်း နေးရှင်းလိဂ်ဖလား ရယူခဲ့တာမှာလည်း အဓိက ကျတဲ့သူဖြစ်ခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရိုဒရီဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားဖြစ်ပြီး သူပါဝင်ရင် မန်စီးတီးအသင်းက ပိုပြီးကောင်းတယ်ဆိုတာ သံသယမရှိဘူးလို့ ပြောထားခဲ့ပါတယ်။ တကယ်လည်း ရိုဒရီရဲ့ သက်ရောက်မှုတွေက မန်စီးတီးအသင်းမှာ အများကြီးရှိနေတာပါ။
ရိုဒရီဟာ အခုဆိုရင် မန်စီးတီးအသင်းအတွက် သူပါဝင်ကစားခဲ့တဲ့ နောက်ဆုံးပြိုင်ပွဲစုံ ပွဲပေါင်း ၆၀ အထိ ရှုံးပွဲမရှိတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

ရိုဒရီကို တွေ့ရစဉ်
ဒါဟာ ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားကမှ မလုပ်နိုင်သေးတဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်တာပါ။
ရိုဒရီဟာ ၂၀၂၃ ခုနှစ်၊ ဖေဖာ်ဝါရီ ၁၂ ရက်ကနေ အခုအချိန်ထိ သူပါဝင်ကစားခဲ့တဲ့ ပွဲပေါင်း ၆၀ မှာ မန်စီးတီးအသင်း ဟာ ရှုံးပွဲမရှိခဲ့တာဖြစ်ပြီး ဒီပွဲတွေမှာ မန်စီးတီးအသင်းဟာ ၄၈ ပွဲ အနိုင်ရပြီး ၁၂ ပွဲသရေကျခဲ့တာ ဖြစ်ပါတယ်။
ရိုဒရီ မပါဝင်နိုင်ခဲ့တဲ့ ၁၁ ပွဲမှာ မန်စီးတီးအသင်းဟာ ၆ ပွဲ အနိုင်ရပြီး ၅ ပွဲ ရှုံးနိမ့်ထားတာကို အချက်အလက်တွေမှာ ဖော်ပြထားတာပါ။
ဒီရာသီ အစောပိုင်းပွဲစဉ်ဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ပွဲမှာ ရိုဒရီ အနီကတ်ထိပြီးနောက် ပွဲပယ်ခံထား ရချိန် မန်စီးတီးအသင်းဟာ နယူးကာဆယ်၊ ဝုလ်ဗ်စ်နဲ့ အာဆင်နယ်အသင်းတို့ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ရိုဒရီမပါဝင်တာနဲ့ မန်စီးတီးအသင်း ရှုံးပွဲကြုံတွေ့ရတာကတော့ တကယ်ကို ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်နေတာပါ။
ရိုဒရီဟာ ကွင်းလယ်ခံစစ် ကစားသမားဆိုပေမယ့် မန်စီးတီးအသင်းဂိုးရဖို့ လိုအပ်ချိန်တိုင်းမှာ သူ့ရဲ့သွင်းဂိုးတွေနဲ့ ကူညီပေးနေတာကိုလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။
ဒီရာသီမှာ ရိုဒရီဟာ မန်စီးတီးအသင်းအတွက် ၃၅ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ ၈ ဂိုးဖန်တီးထားတာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့နည်းဗျူဟာမှာ ရိုဒရီဟာ အဓိကကျနေပြီး ဘောလုံးလက်ခံရယူကာ အသင်း ဖော်တွေကို ပြန်လည်ပေးပြီး လိုအပ်ရင် ဂိုးပါသွင်းယူနေတာ ဖြစ်ပါတယ်။

ရိုဒရီကို တွေ့ရစဉ်
စပိန်ကွင်းလယ်လူဟာ ဒီရာသီ ဥရောပထိပ်တန်း ၅ လိဂ်မှာ ဘောလုံးပေးပို့မှု အအောင်မြင်ဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နေတာပါ။
ရိုဒရီရဲ့ စွမ်းဆောင်ရည်ကို လူတန်အသင်းခေါင်းဆောင် လော့ခ်ယာက ချီးကျူးမှု ပြုလုပ်ထားပါတယ်။
လော့ခ်ယာက ရိုဒရီနဲ့အတူ ဘောလုံးကွင်းတစ်ခုမှာ အတူရှိနေရတာက ပျော်ရွှင်ဖို့ကောင်းပြီး ရိုဒရီကို Rolls Royce ကားနဲ့ တင်စားခဲ့တာပါ။
ရိုဒရီဟာ မန်စီးတီးအသင်း ရရှိခဲ့တဲ့ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အကောင်းဆုံး ကစားသမားဆု ကို ရရှိခဲ့ပြီး စပိန်အသင်း နေးရှင်းလိဂ်ဖလားကို ရယူခဲ့တုန်းကလည်း ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ရိုဒရီဟာ ဒီလိုအောင်မြင်မှုတွေ ရထားပေမယ့် ဘောလွန်းဒီအော၊ ဖီဖာ အကောင်းဆုံး ဆုတွေမှာတော့ ထိပ်ဆုံး ၃ ဦးစာရင်း ပါဝင်ခွင့်မရခဲ့ပါဘူး။
ရိုဒရီကတော့ ဒီလိုဆုတွေ မရခဲ့တာကို အေးဆေးဖြစ်ခဲ့ပြီး အသင်းလိုက်ရတဲ့ အောင်မြင်မှုတွေကို ပိုပြီးမက်မော တယ်လို့ ပြောခဲ့ပါတယ်။
ရိုဒရီဟာ ဒီရာသီမှာ မန်စီးတီးအသင်းကို မနှစ်ကလို အောင်မြင်မှုမျိုး ပြန်ယူပေးနိုင်ဖို့ ပစ်မှတ်ထားနေပြီး သူပါဝင် တဲ့ပွဲတွေမှာ မန်စီးတီးအသင်း မရှုံးနိမ့်ဖူးဆိုတဲ့ စံချိန်မှတ်တမ်းကို ဆက်ပြီး သယ်ဆောင်နိုင်ဖို့လည်း မျှော်လင့်နေ တာပါ။
အဲဒါကြောင့် ရိုဒရီအနေနဲ့ အနီးကပ်ဆုံးပွဲဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ပွှဲမှာ မန်စီးတီးအသင်းကို ရလဒ်ကောင်း ရယူပေးပြီး ဒီစံချိန်ကို ဆက်ထိန်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1829
CNI Sport Article
၂၀၂၄ ခုနှစ်၊ မတ်လ ၁
ဂျူဗင်တပ်စ်နဲ့ ပြင်သစ်လက်ရွေးစင် ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ဘောလုံးလောကနဲ့ ပတ်သက်ခွင့် ၄ နှစ်ကြာ ပိတ်ပင်ခံလိုက်ရပြီ ဖြစ်ပါတယ်။
ဒီလထဲမှာ အသက် ၃၁ နှစ်ပြည့်တော့မယ့် ပေါ့ဘာအတွက်တော့ ဒီလိုပိတ်ပင်ခံရမှုကြောင့် သူ့ရဲ့ကစားသမားဘဝ ဟာ ပြီးဆုံးသွားပြီလို့ ယေဘုယျပြောလို့ ရပါတယ်။
ပေါ့ဘာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့အထိ ခြေစွမ်းကောင်းခဲ့ ပြီး ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့ မျှော်လင့်ခြင်းခံခဲ့ရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဒါပေမယ့် တားမြစ်ထားတဲ့ ဆေးကို သုံးစွဲမိခဲ့တာကြောင့် ပေါ့ဘာဟာ ဘောလုံးနဲ့ ပတ်သက်ခွင့် ၄ နှစ် ပိတ်ပင်ခံ လိုက်ရပြီ ဖြစ်တာပါ။
ပေါ့ဘာအနေနဲ့ ဒီပြစ်ဒဏ်ကို လျှော့ချနိုင်ဖို့အတွက် နိုင်ငံတကာ အားကစားခုံရုံးထံ အယူခံ ဝင်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။

ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာဟာ တားမြစ်ထားတဲ့ testosterone ဆေးကို အသုံးပြုခဲ့တာကြောင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ကတည်းက ပွဲကစားခွင့် ဆိုင်းငံ့ခံခဲ့ရတာပါ။ အောက်တိုဘာမှာ ဒုတိယအကြိမ် ထပ်မံစစ်ဆေးတာမှာလည်း တားမြစ်ဆေးသုံးစွဲကြောင်း ထပ်ပြီးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့တန်ကြေး အကြီးဆုံး ကစားသမားဖြစ်ခဲ့ဖူးတဲ့ ပေါ့ဘာဟာ ယူနိုက်တက်အသင်းကနေ စာချုပ်ကုန်ဆုံးပြီး ၂၀၂၂ ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းထံ ဒုတိယအကြိမ်မြောက်ကစားဖို့ ပြန်လာကတည်းက စိတ်ပျက်စရာ တွေနဲ့သာ ကြုံတွေ့ခဲ့ရတာပါ။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ ဒဏ်ရာနှိပ်စက်မှုတွေကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း အတွက် မပါဝင်နိုင်ခဲ့ပါဘူး။
ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ပွဲပေါင်း ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

ပေါ့ဘာကို တွေ့ရစဉ်
ဒီ ၁၀ ပွဲမှာဆိုရင် ပေါ့ဘာဟာ စီးရီးအေ ၆ ပွဲ၊ ယူရိုပါလိဂ် ၃ ပွဲနဲ့ ကိုပါအီတာလီယာ ၁ ပွဲ ပါဝင်ကစားခဲ့ပြီး ဒီပွဲတွေ အားလုံးမှာ ၁၆၂ မိနစ်သာ ကစားနိုင်ခဲ့တာပါ။
ဒီရာသီမှာတော့ ပေါ့ဘာဟာ ဒဏ်ရာကင်းစင်စွာနဲ့ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် စိတ်ပျက်စရာတွေ ထပ်ကြုံခဲ့ရတာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒီ ၂ ပွဲမှာ ပွဲကစားချိန်က ၅၁ မိနစ်သာ ရှိခဲ့တာပါ။
ဒီထက် စိတ်ပျက်စရာ ကောင်းခဲ့တာကတော့ ဒီရာသီ ဂျူဗင်တပ်စ်အသင်းရဲ့ ပထမဆုံး စီးရီးအေပွဲစဉ်အပြီး ကျပန်း ဆေးစစ်မှု ပြုလုပ်ခဲ့တာမှာ ပေါ့ဘာ တားမြစ်ဆေး သုံးစွဲတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ပေါ့ဘာဟာ အခုဆို ဘောလုံးနဲ့ ပတ်သက်ခွင့် ၄ နှစ် ပိတ်ပင်ခံလိုက်ရပြီဖြစ်ပါတယ်။
ပေါ့ဘာကတော့ သူ့ရဲ့ကစားသမားဘဝမှာ တည်ဆောက်ထားတဲ့ အရာအားလုံးဟာ သူ့ရဲ့အဝေးကို ထွက်ခွာသွားပြီ ဖြစ်တာကြောင့် အလွန်ဝမ်းနည်းတုန်လှုပ်ပြီး ကြေကွဲရတယ်လို့ ဖွင့်ဟထားပါတယ်။

ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာက သူဟာ ဒီဆေးကို တမင်သက်သက် သုံးစွဲခဲ့တာ မဟုတ်တဲ့အတွက် နိုင်ငံတကာအားကစားခုံရုံးမှာ အယူခံဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
ပေါ့ဘာအနေနဲ့ အယူခံ မအောင်မြင်ဘူးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်သွားနိုင်ပြီး ကစားသမားဘဝကို စောစီးစွာ အဆုံးသတ်ရဖို့ သေချာနေတာပါ။
ဂျူဗင်တပ်စ်အသင်းမှာ ပထမဆုံးအကြိမ် ကစားခဲ့တုန်းက ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့တဲ့ ပေါ့ဘာဟာ ပြင်သစ်အသင်း ၂၀၁၈ ကမ္ဘာ့ဖလား ရယူခဲ့တာမှာလည်း အဓိကကျတဲ့သူ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ပေါ့ဘာဟာ ယူနိုက်တက်အသင်းထံ ပြန်လည်ပြောင်းရွှေ့အပြီးမှာ နည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့သလို အသင်းအပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ယူနိုက်တက်အသင်း ပရိသတ်တွေရဲ့ မုန်းတီးမှုကို ခံခဲ့ရတာပါ။
ပေါ့ဘာဟာ အခုအချိန်မှာတော့ သူ့ရဲ့ကစားသမားဘဝကို အဓိက အဆုံးအဖြတ်ပေးမယ့် အယူခံရလဒ်ကို စောင့်မျှော် နေရတော့မှာ ဖြစ်ပါတယ်။
ပေါ့ဘာအနေနဲ့ အယူခံ မအောင်မြင်ရင်တော့ တစ်ချိန်က ကမ္ဘာ့တန်ကြေး အကြီးဆုံးကစားသမား၊ ဘောလွန်းဒီဆု ရဖို့ မျှော်လင့်ထားသူ အဖြစ်ကနေ ကစားသမားဘဝကို စောစီးစွာ နှုတ်ဆက်ရသွားနိုင်တာပဲဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1390
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ပေါ်တိုအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ အာဆင်နယ်အသင်းအတွက် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့် ချက်ရှိနေပေမယ့် ဆိုးရွားတဲ့ မှတ်တမ်းတွေကြောင့် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၁၆ သင်းအဆင့်မှာပဲ အဆုံးသတ် ရမလားဆိုပြီး စိုးရိမ်မှုတွေရှိနေကြတာပါ။
တကယ်လည်း အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ် မှတ်တမ်းတွေဟာ စိုးရိမ်စရာအဖြစ် ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ၇ ကြိမ်စလုံး အရေးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကြီးကို ပိုင်ဆိုင်ထားတာပါ။

အာဆင်နယ်အသင်းနဲ့ပေါ်တိုအသင်း ယှဉ်ပြိုင်စဉ်
အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ် မတိုင်ခင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲစလုံးကို အနိုင်ရခဲ့ပြီး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ပေးဂိုးက ၂ ဂိုးသာရှိခဲ့တာ ဖြစ်ပါ တယ်။
အာဆင်နယ်အသင်းဟာ ဒီ ၅ ပွဲမှာ တစ်ပွဲကိုပျှမ်းမျှ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ပေါ်တိုအသင်းနဲ့ပွဲမှာတော့ ၁ ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိတာပါ။
အာဆင်နယ်အသင်းဟာ ဂိုးသွင်းယူနိုင်ဖို့အတွက် ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိခဲ့တာက ပိုပြီးဆိုးရွားခဲ့တာ ဖြစ်ပါ တယ်။
ပရီးမီးယားလိဂ်ပွဲတွေမှာ ပြိုင်ဘက်အသင်း နောက်တန်းတွေကို ဒုက္ခပေးနိုင်ခဲ့တဲ့ ဆာကာ၊ မာတင်နယ်လီတို့ရဲ့ တောင်ပံ တိုက်စစ်တွေဟာ ပေါ်တိုအသင်းနဲ့ပွဲမှာ အသက်မဲ့ နေခဲ့တာကလည်း အာဆင်နယ်အသင်းအတွက် ဆိုးရွားခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ အသင်းရဲ့စွမ်းဆောင်ရည်ဟာ ဒီပွဲမှာလုံလောက်ခဲ့ခြင်း မရှိတာကြောင့် သင်ယူမှုတွေ ပြုလုပ်ရမယ်လို့ ပွဲအပြီးမှာ ပြောထားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၁၇ ခုနှစ် နောက်ပိုင်းဝေးကွာနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဒီရာသီမှာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ရသလို အသင်းမှာရှိတဲ့ ကစားသမား အများစုကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကို ပထမ ဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ရလို့ ဒီလိုပွဲမျိုးမှာ အတွေ့အကြုံက စကားပြောသွားခဲ့တာပါ။

အာဆင်နယ်အသင်း နည်းပြ အာတီတာကို တွေ့ရစဉ်
ပေါ်တိုအသင်းရဲ့ဝါရင့်နောက်ခံလူ ပီပီရဲ့ ချန်ပီယံလိဂ်ပွဲ ကစားထားတဲ့ အရေအတွက် အာဆင်နယ်တစ်သင်းလုံး ချန်ပီယံလိဂ်ပွဲ ကစားထားတဲ့ အရေအတွက်တောင် ပိုပြီးများပြားနေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးအသင်းအဖြစ် သတ်မှတ်ခံထားရပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁ ကြိမ်မှ ရယူနိုင်ခဲ့ခြင်း မရှိတာကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်ရင် အာဆင်နယ် အသင်းအတွက် အမြဲတမ်းပြောစရာအဖြစ် ရှိနေခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီး အသင်းအပြင် နော်တင်ဟမ်ဖောရက်စ်နဲ့ အက်စတွန်ဗီလာအသင်းတို့ဟာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ထား နိုင်ခဲ့တာပါ။
အဲဒါကြောင့် အာဆင်နယ်အသင်း ပရိသတ်တွေဟာ ချန်ပီယံလိဂ်နဲ့ ပတ်သက်လာရင် အမြဲတမ်းမျက်နှာငယ် ခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ နီးစပ်ခဲ့တဲ့ ၁ ကြိမ်တော့ ရှိခဲ့ပါတယ်။
ဒါကတော့ ၂၀၀၅-၀၆ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းဟာ ဗိုလ်လုပွဲအထိတက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။
ဒီပွဲကို ပြန်ကြည့်မယ်ဆိုရင် အာဆင်နယ်အသင်းဟာ ပွဲချိန် ၁၈ မိနစ်မှာကတည်းက ဂိုးသမား လေမန်း ထုတ်ပယ်ခံ ခဲ့ရပေမယ့် နောက်ခံလူ ဆိုးလ်ကင်းဘဲလ်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားနဲ့ အွန်နရီကိုတွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ပွဲချိန် ၇၅ မိနစ်အထိ ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ၂ ဂိုး ဆက်တိုက် ပေးခဲ့ရတာကြောင့် ဆုဖလားရယူနိုင်မယ့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာ အာဆင်နယ်အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြင့်ဆုံးအောင်မြင်မှုက ဆီမီးဖိုင်နယ်ပါ။
အဲဒါကြောင့် ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ရတဲ့ ဒီနှစ်ပြိုင်ပွဲမှာတော့ ဆုဖလားရယူနိုင်ဖို့ အထိ အာဆင်နယ်အသင်းနဲ့ နည်းပြ အာတီတာတို့က မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။
ဘောလုံးဝေဖန်သုံးသပ်သူ အချို့ကတော့ အာဆင်နယ်အသင်းဟာ ပထမအကျော့မှာ အရေးနိမ့်ခဲ့ပေမယ့် ပေါ်တို အသင်းကို အိမ်ကွင်းမှာ အနိုင်ကစားပြီး နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်တွေ အများကြီးရှိ သေးတယ်လို့ ပြောထားတာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဝေးဂိုး စည်းမျဉ်း မရှိတော့တာကြောင့် သူတို့ပြောသလို အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်းမှာ အနိုင်ရယူနိုင်ရင် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ရှိနေပါတယ်။
ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူထားတဲ့ ပေါ်တိုအသင်းကို လွယ်လွယ်နဲ့ အနိုင်ရမှာမဟုတ်လို့ အာဆင်နယ်အသင်း အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မျှော်လင့်ချက်ကို အသက်ဆက်ဖို့အတွက် အများကြီး ကြိုးပမ်း အားထုတ်ရမှာပါ။
အဲဒါကြောင့် ချန်ပီယံလိဂ် မျှော်လင့်ချက်ကို အာဆင်နယ်အသင်း အသက်ဆက်နိုင်မလားဆိုတာတော့ မတ်လ ၁၃ ရက်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 1657
CNI Sport Article
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆
ဘောလုံးလောကမှာ ကျိန်စာသင့်နေတယ်လို့ ပြောလို့ရတဲ့ အရာတွေ အများကြီးရှိတဲ့ အထဲမှာ ဟာရီကိန်းရဲ့ ဆုဖလား ကျိန်စာကလည်း မဖြစ်မနေ ထည့်ပြောရမယ့်အရာဖြစ်ပါတယ်။
အင်္ဂလန်နဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟာရီကိန်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာ ခြွင်းချက်မရှိ လက်ခံရမှာပါ။
ဟာရီကိန်းဟာ ဂိုးသွင်း စွမ်းဆောင်ရည် ကောင်းမွန်ရုံတင် မဟုတ်ဘဲ အသင်းဖော်တွေ ဂိုးသွင်းယူနိုင်အောင် ဂိုးဖန်တီးမှုလည်း ပြုလုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟာရီကိန်းဟာ သူ့ရဲ့ကစားသမားဘဝမှာ ဆုဖလား ရယူနိုင်ခြင်း မရှိသေးတဲ့ မှတ်တမ်းဆိုးကြီးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် သွင်းဂိုးပေါင်း ၃၉၀ နီးပါး သွင်းယူထားသလို တစ်ဦးချင်း ဆုတံဆိပ်တွေလည်း အများကြီး ရထားပေမယ့် ကစားသမားဘဝအတွက် ဂုဏ်ယူစရာလို့ ပြောလို့ရမယ့် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ဖူးခြင်း မရှိပါဘူး။

ဟာရီကိန်းနဲ့ ဆုဖလားကို တွေ့ရစဉ်
ဟာရီကိန်းဟာ စပါးအသင်းမှာ ကစားခဲ့ချိန်က ဆုဖလား ရယူနိုင်မယ့် အနီးစပ်ဆုံး အနေအထားဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။
ဟာရီကိန်းဟာ အင်္ဂလန်အသင်းနဲ့လည်း ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပေမယ့် ဆုဖလား ရယူနိုင်မယ့် ကံမပါခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ဟာရီကိန်းဟာ ကစားသမားဘဝ အနားယူသွားတဲ့အချိန်မှာ ဆုဖလား မရယူနိုင်ခဲ့တဲ့ နောင်တ ကို မရရှိချင်တာကြောင့် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က စပါးအသင်းကနေ ထွက်ခွာပြီး နှစ်စဉ်နှစ်တိုင်း ဆုဖလား ရယူနိုင်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ဘီလူးကြီးလို့ ခေါ်ရတဲ့အထိ ဂျာမန်မှာ ကြီးစိုးနေတာဖြစ်ပြီး ရာသီတိုင်း ဆုဖလား တစ်လုံးကတော့ သူ့အတွက် ကျိန်းသေနေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရချင်တာကြောင့် ဟာရီကိန်းကို ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲဦးထွက်အဖြစ် ကစားခဲ့ရတဲ့ပွဲက ဂျာမန်စူပါဖလား ပွဲစဉ်ဖြစ်တဲ့ အတွက် ဆုဖလားလက်မဲ့ကျိန်စာကို ဟာရီကိန်း အဆုံးသတ်နိုင်တော့မယ်လို့ အားလုံးက ထင်မြင်ခဲ့ကြတာပါ။
ဒါပေမယ့် ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ လိုက်ပ်ဇစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ဆုဖလား လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ အဖွင့်မလှခဲ့ပေမယ့် ဘွန်ဒစ်လီဂါပြိုင်ပွဲမှာတော့ အကောင်းဆုံး ခြေစွမ်းတွေနဲ့ စံချိန်တင် သွင်းဂိုးတွေကို သွင်းယူနေခဲ့တာပါ။

ဘိုင်ယန်မြူးနစ်နဲ့ လာဇီယိုအသင်း ယှဉ်ပြိုင်စဉ်
ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါပွဲစဉ် ၂၁ ပွဲ ကစားအပြီးမှာ ၂၄ ဂိုးအထိ သွင်းယူကာ ဘိုင်ယန်မြူးနစ်အသင်းမှာ လျင်မြန်စွာ အသားကျခဲ့ပေမယ့် သူဟာ ကလပ်အသင်းနဲ့အတူ ဆိုးရွားတဲ့ နေ့ရက်တွေကို စတင်ပြီး ဖြတ်သန်းလာခဲ့ရတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ၁၁ ရာသီဆက်တိုက် အမှတ်ပေးဖလား ချန်ပီယံဆုကို ရယူနိုင် ခဲ့ပေမယ့် ဒီရာသီပြိုင်ပွဲမှာတော့ လေဗာကူဆင်အသင်းရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရပြီး အဆင့် ၂ နေရာမှာ ရပ်တည် နေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ မကြာသေးခင်က လေဗာကူဆင်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့် ခဲ့ပြီး ဘွန်ဒစ်လီဂါမှာ သူတို့ရဲ့ ကြီးစိုးမှုကို အဆုံးသတ်ရမယ့် စိုးရိမ်မှုတွေရှိလာတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲအပြီး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာလည်း လာဇီယိုအသင်းကို ထပ်ပြီးအရေးနိမ်ခဲ့တာပါ။
ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အခြေအနေ မကောင်းသလို ပိုကယ်ဖလား ကနေလည်း ထွက်ခွာခဲ့ရပြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် မျှော်လင့်စရာဆုဖလား ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားပြိုင်ပွဲမှာလည်း ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ ဆုဖလား ကျိန်စာသင့်နေတဲ့ ဟာရီကိန်းကို ခေါ်ယူခဲ့တာကြောင့် သူပါ ဆုဖလား လက်မဲ့ရာသီကို ဖြတ်သန်းရတော့မယ်ဆိုပြီး ပြောဆိုမှုတွေရှိလာခဲ့တာပါ။
ပရိသတ်တွေကလည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဟာရီကိန်းရဲ့ ဆုဖလားကျိန်စာဟာ အစစ်အမှန် ဖြစ်နေတယ်လို့ ယုံကြည်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို တွေ့ရစဉ်
ဒါပေမယ့် ရာသီပြီးဖို့ လိုသေးတာကြောင့် ဟာရီကိန်းအနေနဲ့ သူ့ရဲ့ ဆိုးရွားနေတဲ့ ကျိန်စာပြယ်အောင် ဘိုင်ယန်မြူးနစ်အသင်းကို အစွမ်းကုန် ကူညီပေးဖို့ လိုအပ်နေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါမှာတော့ အခွင့်အရေးက ကိုယ့်လက်ထဲမှာ မရှိပေမယ့် ရလဒ်ကောင်း တွေ ပြန်ရအောင်လုပ်ပြီး လေဗာကူဆင်အသင်း အမှားအယွင်းလုပ်မိတဲ့ အချိန်မှာ အမှတ်ပေးဇယား ထိပ်ဆုံး နေရာကို ပြန်တက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ကတော့ အိမ်ကွင်းမှာ ဒုတိယအကျော့ ကစားရမှာဖြစ်လို့ အခွင့်အရေးက ကိုယ့်လက်ထဲမှာ အပြည့်အဝရှိနေပြီး လာဇီယိုအသင်းကို အနိုင်ယူကာ နောက်တစ်ဆင့်တက်ဖို့ လုပ်ဆောင်ရမှာပါ။
အဲဒါကြောင့် ဟာရီကိန်းရဲ့ ဆုဖလားကျိန်စာနဲ့အတူ ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ဆုဖလားလက်မဲ့ ရာသီကို ဖြတ်သန်းရမလား ဒါမှမဟုတ် ဟာရီကိန်းရဲ့ ကျိန်စာပြယ်ပြီး ဘိုင်ယန်မြူးနစ် အသင်း ဆုဖလားရယူနိုင်တဲ့ အစဉ်အလာကို ဆက်ပြီး ထိန်းသိမ်းမလားဆိုတာတော့ ရာသီအကုန်ထိ ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
