CNI International News

မာဆေး(ပြင်သစ်)၊စက်တင်ဘာ ၈

ကမ္ဘာ့ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ဓါတ်ငွေ့ထုတ်လွှတ်မှုနှင့်သန့်ရှင်းရေးကုန်ကျစရိတ်များသည် ၂၀၁၉ ခုနှစ် တစ်နှစ်တည်းအတွက် ဒေါ်လာ ၃ ဒသမ ၇ ထရီလီယံရှိနိုင်သည်ဟု ကမ္ဘာ့တောရိုင်းသဘာဝရန်ပုံငွေအဖွဲ့(World Wildlife Fund_WWF)က စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာထဲတွင်ဆိုထားကြောင်းနှင့် ဈေးပေါသည်ဟု ယူဆရသော ထုတ်ကုန်များမှ ထွက်ရှိသည့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေမှုနှင့် စီးပွားရေး အရ ဝန်ထုပ်ဝန်ပိုးဖြစ်စေမှုတို့ကို ယင်းအစီရင်ခံစာက ထောက်ပြသတိပေးထားကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ရေးသားထားသည်။

ပတ်ဝန်းကျင်သို့ ရုပ်ကြွင်းလောင်စာအခြေပြုသည့် ပလတ်စတစ်များ စုပုံလာသည်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း တွင် သတိပေးနှိုးဆော်သံများ ကျယ်လောင်လာခဲ့ရသည်။ အသေးစားပလတ်စတစ်အမှိုက်များသည် ကမ္ဘာပေါ်ရှိ ဝေးလံခေါင်ဖျားသောနေရာများထိ ပျံ့နှံ့နှုန်း မြန်ဆန်လာသည်။

လူမှုအသိုင်းအဝိုင်းက သတိမမူဘဲ စွန့်ပစ်လိုက်မိသည့် အမှိုက်များတွင် ပလတ်စတစ်ပါဝင်မှု ပိုများလာခဲ့သည်။ ယင်းပလတ်စတစ်ဗူးများ၊ ပလတ်စတစ်အိတ်များဖြင့် ထုပ်ပိုးရသည့် စားရိတ်ကို တကမ္ဘာလုံးအတိုင်းအတာဖြင့် တွက်ချက်ကြည့်လျှင် ၂၀၁၉ ခုနှစ် တစ်နှစ်စာအတွက် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)ထက်ပင် မြင့်နေသည်ဟု WWF အဖွဲ့၏အစီရင်ခံစာက ဆိုသည်။

“ဈေးနှုန်းအရ ကြည့်ရင်တော့ ပလတ်စတစ်ဟာ တခြားထုပ်ပိုးမှုပစ္စည်းတွေနဲ့ ယှဉ်ရင် အတော်လေး ဈေးသက်သာတယ်။ ဒါပေမယ့် ဒီဈေးနှုန်းက ပလတ်စတစ်အမှိုက် သံသရာလည်ပြီဆိုရင် သူ့အတွက် ကုန်ကျစရိတ်က ပိုကြီးလာတာ တွေ့ရပါတယ်” ဟု WWF အဖွဲ့မှ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲဘတ်က ပြောသည်။

နိုင်ငံတကာမှ ပူးပေါင်းလုပ်ဆောင်မှုမရှိလျှင် ပလတ်စတစ်ထုတ်လုပ်မှုစရိတ် နှစ်ဆခန့်တိုးလာနိုင်ဖွယ်ရှိနေပြီး လာမည့် ၂၀၄၀ ပြည့်နှစ်အရောက်တွင် ဒေါ်လာ ၇ ဒသမ ၁ ထရီလီယံအထိ အကုန်အကျများလာမည်ဖြစ်သည်။

ပလတ်စတစ်ထုတ်လုပ်မှုဖြစ်စဉ် သက်ရောက်မှုများကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၊ ကျန်းမာရေးထိခိုက်မှု၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်မြေပေါ်၊ရေပေါ် ဂေဟစနစ်၏ စီးပွားရေးဝန်ဆောင်မှု ကျဆင်းစေမှုတို့ကို တွေ့ရမည်ဖြစ်သည်။

၁၉၅၀ ပြည့်လွန်နှစ်များကတည်းက ယေဘုယျအားဖြင့် ပလတ်စတစ်တန်ချိန် ၈ ဒသမ ၃ ဘီလီယံ ထုတ်လုပ်ခဲ့ရာ ယင်းပလတ်စတစ်ပမာဏ၏ ၆၀ ရာခိုင်နှုန်းမှာ သဘာဝပတ်ဝန်းကျင်ရှိ အမှိုက်ပုံများထဲ ရောက်သွားကြသည်။

သေးငယ်သော ပလတ်စတစ်အပိုင်းအစများသည် သမုဒ္ဒရာထဲရှိ အနက်ရှိုင်းဆုံးတွင် ရှင်သန်နေသော ငါးများထံ ရောက်ရှိနိုင်သလို ကမ္ဘာ့ဝင်ရိုးစွန်း အာတိတ်ပင်လယ် ရေခဲပြင်အထိ ပျံ့နှံနိုင်စွမ်းရှိနေသည်။ ထိုပလတ်စတစ်များ က နှစ်စဉ်သန်းနှင့်ချီသော ပင်လယ်ငှက်များနှင့် ပင်လယ်နို့တိုက်သတ္တဝါ တစ်သိန်းကျော်ကို သေကြေ ပျက်စီးစေ လျက်ရှိသည်။

“ဝမ်းနည်းစရာကောင်းတာက ပလတ်စတစ်ညစ်ညမ်းမှုပြဿနာက နှေးကွေးသွားတာ မရှိပေမယ့် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ လက်တွေ့မှာ ကတိကဝတ်အဆင့်ပဲ ရှိပါသေးတယ်” ဟု WWF International ညွှန်ကြား ရေးမှူးချုပ် မာကိုလမ်ဘာတီနီ (Marco Lambertini) က ကြေညာချက်တစ်စောင်တွင် ပြောကြားထားသည်။

https://www.bangkokpost.com/world/2177147/social-cost-of-2019s-plastic-more-than-gdp-of-india