CNI International News

ကိယက်ဗ်၊ ဇူလိုင် ၁

မြွေကျွန်းကို ယူကရိန်းတပ်ဖွဲ့က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး အိုဒက်ဆာအနီး ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့၍ လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းဘက်မှ သတင်းထုတ်ပြန်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ယူကရိန်း ပင်လယ်နက် ဆိပ်ကမ်းမြို့ဖြစ်သည့် အိုဒက်ဆာရှိ တိုက်တစ်လုံးနှင့် အပန်းဖြေ နေရာတစ်ခုကို ရုရှားဒုံးကျည်များ ဇူလိုင် ၁ ရက် အစောပိုင်းတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ဆယ်ဂဏန်းမျှ ရှိကြောင်း ယူကရိန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကရိန်းထံမှ ဆန်နှင့်ဂျုံတင်ပို့မှုများ ခွင့်ပြုသည့် လူသားချင်းစာနာမှုစင်္ကြန်လမ်း ဖွင့်ပေးရန် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုကို ဟန့်တားခြင်း မရှိကြောင်း ပြသရန်အတွက် မော်စကိုက မြွေကျွန်းမှ ဆုတ်ခွာပေးမည်ဟု ဇွန်လ ၃၀ ရက်တွင် ပြောကြားပြီး နောက် ယခု ဒုံးကျည် တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်။

အမြောက်နှင့်ဒုံးကျည်များဖြင့် ရုရှားတပ်ဖွဲ့များကို ပင်လယ်နက်ဒေသတချို့မှ မောင်းထုတ်နိုင်ခဲ့ကြောင်း၊ မဟာဗျူဟာမြောက် အနိုင်ရခဲ့ကြောင်း၊ ထိုအောင်မြင်မှုအတွက် ယူကရိန်းတပ်ဖွဲ့များကို ယူကရိန်းသမ္မတ ဇာလန်းစကီးက ချီးကျူးပြောကြားခဲ့ သည်။

ယူကရိန်း နိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ် စက်မှုဒေသတွင် ရုရှားသည် ၎င်း၏ ကြည်းတပ်များကို စုစည်ထားပြီး လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း ဒုံးကျည်တိုက်ခိုက်မှု အကြိမ်ရေ နှစ်ဆကျော် တိုးမြှင့်လာခဲ့သည်။

 ရုရှားဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦ(Reuters)

သို့သော် တိုက်ခိုက်မှု ထက်ဝက်ကျော်မှာ ဆိုဗီယက်ခေတ်ဟောင်း ဒုံးကျည်များ သုံးခဲ့၍ ပစ်မှတ်တိကျမှု မရှိကြောင်း ရိုက်တာ သတင်းဌာနက ရေးသားထားသည်။

အလားတူ ဘီဟိုရော့-ဒီနစ်စထရော့ဗ်စကီ (Bilhorod-Dnistrovskyi) မြို့ရှိ ၉ ထပ်တိုက်တစ်လုံးကို ဇူလိုင် ၁ ရက် နံနက် ၁ နာရီက ဒုံးကျည်တစ်စင်း ထိမှန်ခဲ့သေးကြောင်း ယူကရိန်း အရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းခဲ့သည်။

အဆောက်အအုံ အပျက်အစီးများအောက်တွင် လူအချို့ ပိတ်မိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရကြောင်း အိုဒက်ဆာ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆာဟေးဘရက်ချက် (Serhiy Bratchuk) က ယူကရိန်း ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။

ရုရှားဘက်မှ နောက်ထပ် ဒုံးကျည်တစ်စင်းသည် အပန်းဖြေ နေရာတစ်ခုကို ထိမှန်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် အနည်း ဆုံး လူ ၃ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က စတင်၍ ယူကရိန်းကို ရုရှားကျူးကျော် ထိုးစစ်ဆင်ခဲ့ရာ ထောင်နှင့်ချီသော အရပ်သား သေဆုံးခဲ့ရကြောင်း၊ ရန်လိုသည့် စစ်ပွဲဖြစ်ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းအား မော်စကိုဘက်မှ ငြင်းဆိုထားပြီး အန္တရာယ်ရှိသော အမျိုးသားရေးဝါဒီများ ကို အမြစ်ပြတ် ချေမှုန်းသည့် စစ်ဆင်ရေးသာဖြစ်၍ စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများကိုသာ ထိမှန်ကြောင်း ရုရှားက ပြောကြားထားသည်။

Source: Reuters