CNI International News
ကိယက်ဗ်၊ ဇွန်လ ၂၅
လေစီချမ့်စ် (Lysychansk) မြို့ကို ရုရှားတပ်များ ဝိုင်းရံထားကြောင်း ယူကရိန်းက သတင်းထုတ်ပြန်ခဲ့သည်။ ရုရှားတပ်ဖွဲ့များ သည် ယူကရိန်းအရှေ့ပိုင်း၊ ဒွန်ဘတ်စ်ဒေသရှိ အဆိုပါမြို့ကို ပိတ်ဆို့ရန် ကြိုးစားနေကြောင်း လူဟန့်စ်ဒေသ အုပ်ချုပ်ရေးမှူး ဆာဟေးဟိုင်ဒိုင်းက ပြောကြားခဲ့သည်ဟု ဂျာမန်သတင်းဌာန DW က ရေးသားဖော်ပြသည်။
ယခုရက်ပိုင်း ယူကရိန်းတပ်များသည် ဘာ့ခ်မန့်-လေစီချမ့် ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကို အသုံးမပြုတော့ကြောင်း၊ အကြောင်းမှာ ထိုလမ်းမတလျှောက် အပြင်းအထန် ဗုံးကြဲခံရသဖြင့် အခြားလမ်းကြောင်းမှနေ၍ မိမိတို့ ထောက်ပံ့ ရေးပစ္စည်းများ လက်ခံယူနေ၍ဖြစ်ကြောင်း ဆာဟေးဟိုင်ဒိုင်းက ဆက်လက် ပြောကြားခဲ့သည်။
ရုရှားတပ်များသည် လေစီချမ့်စ်ဧရိယာကို ဝိုင်းထားပြီး မြို့၏ တောင်ဘက်ခြမ်းမှ စတင်ပိတ်ဆို့ရန် ကြိုးစားနေကြောင်း ယူကရိန်းစစ်တပ်က ဇွန်လ ၂၅ ရက် အစောပိုင်း၌ ပြောကြားခဲ့သည်။
သို့သော် ယူကရိန်းတပ်များသည် လေစီချမ့်စ် ထောက်ပံ့ရေး လမ်းကြောင်းတလျှောက်ရှိ မြို့များမှ ရုရှားတပ်ဖွဲ့ဝင်များကို ရှင်းလင်း ဖယ်ရှားနိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က အခိုင်အမာ ပြောကြားခဲ့သည်။
ယူကရိန်းတပ်များသည် ဗိုလိုဒီမီယက်စကာခရိုင်နှင့် ပိုခရိုဗ်စကီခရိုင်တို့မှ ရုရှားတပ်ဖွဲ့များကို ပိတ်ဆို့ထားနိုင်ခဲ့ကြောင်း၊ အလားတူ ဘာ့ခ်မန့်-လေစီချမ့် အဝေးပြေး လမ်းမပေါ်ရှိ မြို့များကိုလည်း အဟန့်အတား ပြုနိုင်ခဲ့ကြောင်း နေ့စဉ် စစ်ရေး အစီရင်ခံစာထဲတွင် ယူကရိန်းစစ်ဦးစီးချုပ်က ပြောကြားထားသည်။
ရုရှားထိုးစစ်အတွင်းက ယူကရိန်းစစ်သား (GETTY IMAGES)
ရုရှားသည် လေစီချမ့်စ်နှင့် အနီးရှိ စီဗီးရို ဒွန်နက်ဆက်မြို့များကို သိမ်းပိုက်နိုင်ရန် ကြိုးစားခြင်းဖြင့် ဒေသတစ်ခုလုံးကို ထိန်း သွားဖို့ ရည်မှန်းထားခဲ့ရာ ရက်သတ္တပတ် အတန်ကြာအောင် တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။
ယခု နောက်ဆုံးရ သတင်းများအရ ဇွန်လ ၂၄ ရက်၌ ယူကရိန်းတပ်များ လေစီချမ့်စ်မြို့တွင်းမှ ဆုတ်ခွာပေးအောင် ရုရှားက ထိုးစစ်ဆင်နေခဲ့ကြောင်း သိရသည်။
လူဟန်ဆက်ပြည်နယ်တွင် လေစီချမ့်စ်မြို့ တစ်မြို့တည်း ယူကရိန်း ထိန်းချုပ်မှုအောက်တွင် ကျန်ရှိတော့သဖြင့် စီဗီးရို ဒွန်နက်ဆက်မြို့မှ ယူကရိန်း ဆုတ်ခွာမှုမှာ အထူးအရေးကြီးသည်။
လူဟန့်စ်ဒေသ၏ ၉၅ ရာခိုင်နှုန်းသည် ရုရှားထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီဖြစ်ပြီး ရုရှားပြည်တွင်း၌ စစ်ပွဲအောင်နိုင်ရေး ကြေညာနိုင်ဖို့အတွက် ဒွန်ဘတ်စ် ဒေသကြီး တစ်ခုလုံးမှာ သမ္မတပူတင်အတွက် မရှိမဖြစ် လိုအပ်နေသည်။
ရုရှားသည် ယူကရိန်း အနောက်ပိုင်းနှင့် မြောက်ပိုင်းရှိ စစ်ရေးအရ ပစ်မှတ်ထားသည့် နေရာများကို ဒုံးကျည်ဆယ်ဂဏန်းမျှ ဇွန်လ ၂၅ ရက်က သည်းသည်းမည်းမည်း တိုက်ခိုက်နေခဲ့သည်။ ထိုသတင်းကို ယူကရိန်းအစိုးရ ဘက်ကလည်း အတည်ပြုခဲ့ သည်။
မြောက်ပိုင်းရှိ ဒက်စနာမြို့ငယ်မှာ ဒုံးကျည်ဖြင့် အလုံးအရင်း ပစ်ခတ်ခံရသော်လည်း အသေအပျောက် မရှိကြောင်း ချာနီဟစ် အုပ်ချုပ်ရေးမှူး ဗယာချီစလက်ချက်စ်က ပြောကြားခဲ့သည်။ ဒက်စနာမြို့ငယ်သည် ယူကရိန်း ခြေလျင်တပ်များအတွက် လေ့ကျင့်ရေး စခန်းတစ်ခု ဖြစ်သည်။
Source: DW