CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ဒေသကာကွယ်ရေးတပ် (PDF) များကို ဗဟိုမှ အုပ်စီးထားရန် လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့အတူ PDF များအားလုံးကို NUG အနေဖြင့် ဖိဖိစီးစီး မကိုင်တွယ်နိုင်သေးကြောင်း၊ နိုင်ငံရေး မျှော်မှန်းချက်များ ကို NUG က ချမှတ်ပေးရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။

KNU တပ်မဟာ (၁)၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ဦးဖေသန်းက “KNU ကတော့ တပ်မဟာ (၁) နယ်မြေပေါ့၊ တပ်မဟာ တစ်ခုချင်း ထုတ်ပြန်တာလား KNU အဖွဲ့ အစည်း တစ်ခုလုံးက အဲဒီလို သဘောထားလား ဆိုတာ‌တော့ ကျနော်လည်း မသိဘူးပေါ့နော်၊ ဒါက ဆက်ဆံရေး ပြေလည်တဲ့ တပ်ဖွဲ့တွေလည်း ရှိမယ်၊ တပ်မဟာတွေလည်း ရှိမယ်၊ မပြေလည်တဲ့ ဟာမှာလည်း ခုနလို စည်းကမ်း ချက်တွေ ထုတ်လာနိုင်တာပေါ့။ NUG ကတော့ အမှန်က ဒါကပြောနေစရာလိုတဲ့ ကိစ္စတောင် မဟုတ်ပါဘူး။ PDF တွေနဲ့ ပတ်သက်ပြီး NUG မှာ လုံးဝ တာဝန်ရှိတယ်ပေါ့နော်၊ ကျနော်က အဲဒီလို မြင်တယ်၊ PDF တွေက ဒီလို ဟို တစ်စု၊ ဒီတစ်စု၊ တစ်ဗိုလ်တစ်မင်းလို လုပ်နေတာတွေလည်း NUG က ဒါက ဖိဖိစီးစီး မကိုင်တွယ်နိုင်တာလည်း ပါတယ်ပေါ့၊ ဒီတော့ နိုင်ငံရေးအားဖြင့်ဆိုရင်တော့ PDF အားလုံးမှာ NUG က အပေါ်ကနေပြီးတော့ စည်းနှောင် ထားရမယ့် ကိစ္စဖြစ်တယ်။ PDF တွေက တိုက်ပွဲဝင်တာပဲရှိတယ်၊ သူတို့အနေနဲ့ နိုင်ငံ‌ရေး မျှော်မှန်းချက်က NUG က ချပေးရမှာဖြစ်တယ်၊ ဒီတော့ ဘယ်ကိစ္စမဆို အချင်းချင်းဆက်ဆံရေး မပြေလည်တဲ့ ကိစ္စပဲဖြစ်ဖြစ်၊ ရှေ့လျှောက် ပြီးတော့ ဘယ်လို တိုက်ပွဲဝင်သွားမယ်၊ ဘယ်လို အခြေအနေထိရောက်အောင်လုပ်သွားမယ်ဆိုတာကအစ PDF တွေ အချင်းချင်း ဆက်သွယ်ပြီးတော့ ညှိနှိုင်းပြီးတော့ လုပ်နိုင်မှုအဆုံးပေါ့ဗျာ၊ အကုန်လုံးဟာ နိုင်ငံရေးအဖွဲ့အစည်း ဖြစ်တဲ့ ဒီနေ့ NUG က ကြိုးကြိုးစားစား လုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်မဟာ (၁) နယ်မြေအတွင်း အခြေစိုက်သည့် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်များ အလေးထား လိုက်နာဆောင်ရွက်ရန်ဟုဆိုကာ စည်းကမ်းချက် (၂၅) ချက်ကို KNU တပ်မဟာ (၁)မှ ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

တပ်မဟာ၊ ခရိုင်ခေါင်းဆောင်များမှ အခါအားလျှော်စွာ ချမှတ်သော လမ်းညွှန်ချက်နှင့် စည်းမျဉ်းစည်းကမ်းများ အား လေးစားလိုက်နာရန်၊ တာဝန်ခံယူ ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ တပ်ရင်း/ တပ်ဖွဲ့အလိုက်၊ တပ်မဟာမှ ထုတ်ပြန်သည့် စည်းကမ်းများအပြင် ဒေသန္တရ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်၍ တပ်ဖွဲ့ဝင်များ စည်းကမ်း စနစ်တကျ ရှိစေရေး ဆောင်ရွက်ရန် စသဖြင့် ပါရှိသည်။

NUG ၏ ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းနဲ့ PDF များကိုတွေ့ရစဉ်

KNU တပ်မဟာ ၁ ၏ ထုတ်ပြန်ချက်မှာ စစ်ရေးစည်းကမ်းများနှင့် ပတ်သက်၍ တစ်ညီတစ်ညာတည်းဖြစ်အောင် သတိပေးခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ဗျာ၊ ကျ‌နော်တို့ အခုကတော့ KNU နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေကလည်း အနှံ့အပြား ပါပဲ၊ KNU တပ်မဟာ ၇ ခုလုံးမှာ ဒေသဆိုင်ရာ PDF အဖွဲ့အစည်းတွေ ရှိတာပေါ့ဗျာ၊ အဲဒီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်တယ်၊ အဲဒီအထဲမှာ NUG ရဲ့ တိုက်ရိုက် ‌ခေါင်းဆောင်မှု အောက်မှာရှိတဲ့ အင်အားလည်း ရှိ တယ်၊ ဒါပေမဲ့ သီးခြား ကျနော်တို့ ရပ်တည်ပြီး KNU နဲ့ ပူးပေါင်း တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေ ရှိတယ်၊ အဲဒီ တော့ ဒီအင်အားစုတွေရဲ့ အတွင်းမှာ စစ်ရေးလုပ်ငန်းစဉ်နဲ့ စစ်ရေး စည်းကမ်းတွေနဲ့ ပတ်သက်လို့ တစ်ညီတစ်ညာ တည်းဖြစ်အောင် ဒီလို ကြေညာချက် ထုတ်ပြန်သတိပေးတာ ဖြစ်ပါတယ်ခင်ဗျ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ဆန့်ကျင်ဆန္ဒပြမှုများ နှင့်အတူ ပြည်မက လူငယ်များ၊ တော်လှန်ရေး အင်အားစုများက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံ ခိုလှုံ၍ လက်နက်ကိုင် တော်လှန်ရေး အပြင် ပုံစံမျိုးစုံဖြင့် ဆင်နွှဲလျက်ရှိသည်။