CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့ အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော် သား ကိုယ်စားလှယ် အဖွဲ့တို့ ယနေ့ (ဇူလိုင် ၁၄ ရက်) တွေ့ဆုံ ဆွေးနွေးကြသည်။

မိုင်းနောင်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်အတွင်းမှာပါဝင်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့နှင့် ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင် ဦးဆောင်သည့် SSPP ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှုတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်း ၃ ခုကို ပြန်ဆုတ်ခိုင်းရာမှာ အကျေလည် ဖြစ်နေသည့် အခြေအနေများကို ဆွေးနွေးနိုင်ခြေ ရှိကြောင်း နီးစပ်သူများက ပြောသည်။

တပ်မတော်က မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP တပ်စခန်း ၃ ခုကို ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာသွားရန် ဇွန်လ ၄ ရက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က SSPP ထံ စာပို့ခဲ့သည်။

သို့သော် အဆင်မပြေသည့်အတွက် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာရန် ဒုတိယအကြိမ် အကြောင်းကြား ခဲ့သော်လည်း ယနေ့အချိန်ထိ သဘောတူညီချက် မရသေးခြင်းပေ။

ထို့နောက် ယနေ့ (ဇူလိုင် ၁၄ ရက်)တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်မှာ SSPP နှင့် တပ်မတော် တို့ တွေ့ဆုံ ဆွေးနွေးနေကြခြင်း ဖြစ်သည်။