CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၈

ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုများကို လက်နက်ကိုင်ဆောင်ပြီး အင်အားသုံးဖြိုခွင်းကာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်လိမ့်မည်ဟု စစ်တပ်အနေနှင့် ယူဆပါက မှားသွားလိမ့်မည်ဟု ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

“တပ်ဘက်ကလည်းပဲ ၄၉ တုန်းကလည်း ငါတို့ ကျော်လွှားနိုင်တာပဲ။ ၈၈၈၈ တုန်းကလည်း ကျော်လွှားနိုင်တာပဲ။ အခုလည်း ကျော်လွှားနိုင်တယ်လို့ လွယ်လွယ်လေးတွက်ရင် သူတို့မှားလိမ့်မယ်။ တစ်ဘက်က လက်နက်ကိုင်ပြီးတော့ အင်အားသုံးပြီးတော့ ငါတို့ ဦးဆောင်သွားလိုက်ရင် သူတို့ဘာခံနိုင်မှာလဲ။ အနှေးနဲ့ အမြန်ပဲ။ ဒါ ငါတို့ ဖြေရှင်းနိုင်တယ်။ ငါတို့ နိုင်တယ်ဆိုတာမျိုး လုပ်ရင် ခုနက လူထုရဲ့၊ တကယ့် အရပ်သားရဲ့ စိတ်ခံစားမှုကို နားမလည်တဲ့ အတွက်ကြောင့်၊ ကျနော်တို့က စစ်တပ်ကို နားလည်ဖို့ မကြိုးစားဘူး။ အားနည်းတာတွေ ရှိတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ကို ကာကွယ် ရေးဆိုင်ရာ မူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ၌ တရားဝင် ဖွဲ့စည်းထူထောင်ခဲ့ပြီး လက်ရှိတွင် မြို့ပြတိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။

လက်ရှိ စစ်တပ်အနေဖြင့် အရပ်သားများ၏ ခံစားချက်ကို နားလည်ရန် မကြိုးစားကြောင်း၊ အဲဒီအတွက် ပြည်သူလူထု အများစုက ယုံကြည်အားကိုးသည့် စစ်တပ်ဖြစ်လာရန် ခက်သွားလိမ့်မည်ဟု ဦးကိုကိုကြီးက ဆိုသည်။

“ပြောရတာတော့ ပြည်သူလူထု အများစုက ယုံကြည်အားကိုးတဲ့ စစ်တပ်ဖြစ်လာဖို့အတွက် တော်တော်ခက်သွားလိမ့်မယ်လို့ မြင်တယ်။ ဒါကြောင့်မို့လို့ လက်နက်ကိုင်ပြီးတော့ အင်အားသုံးလုပ်ရင် ရတယ်ဆိုတဲ့ အယူအဆကြီး စစ်တပ်ခေါင်းဆောင်တွေထဲမှာ စွဲနေရင်လည်းပဲ စစ်တပ်လည်း ကောင်းမှာ မဟုတ်ဘူး။ တိုင်းပြည်လည်း ကောင်းမှာမဟုတ်ဘူး” ဟု ဦးကိုကိုကြီးက ပြောသည်။

ထို့အတွက်အကြောင့် စစ်တပ်က စစ်တပ်အလုပ်၊ နိုင်ငံရေးက နိုင်ငံရေးသမားလုပ်၊ ဆရာဝန်က ဆရာဝန်၊ အင်ဂျင်နီယာက အင်ဂျင်နီယာ မိမိတို့ ကျွမ်းကျင်မှုဆိုင်ရာ နယ်ပယ်များတွင် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်ရာ လုပ်ဆောင်ဖို့ ၎င်းက တိုက်တွန်းထားသည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ အိမ်နီးချင်းနိုင်ငံများအကြားတွင် နောက်ကျကျန်နေပြီး စစ်ခေါင်းဆောင်ဖြစ်ဖြစ်၊ အရပ်သားခေါင်းဆောင်ဖြစ်ဖြစ် ငါယုံကြည်ရာ ငါလုပ်မည်ဟူသော အယူအဆကို ပယ်ပြီး ပြည်သူ့အကျိုးကို ရှေ့ရှုကြရန် ၎င်းက တိုက်တွန်းပြောဆိုသည်။