CNI International news

ဘန်ကောက်၊ ဒီဇင်ဘာ ၈

ထိုင်းနိုင်ငံ တာ့ခ် (Tak) ပြည်နယ်တွင် မြန်မာနိုင်ငံဘက်မှ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သဖြင့် အရပ်သားများ ဒဏ်ရာရခဲ့ပြီးနောက် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယူကရစ် ဘွန်တန်နွန် (Ukrit Boontanon)က တင်းကျပ်သည့် အစီအမံများဖြင့် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း ဘန်ကောက်ပိုပစ်မှ ဖော်ပြခဲ့သည်။

မြန်မာအစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များသည် တာ့ခ်ပြည်နယ်၊ မဲဆောက် (Mae Sot)ဘက်သို့ ကျရောက်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ယူကရစ်က ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

နယ်စပ်ဒေသတစ်လျှောက် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စက်သေနတ်များနှင့် လက်နက်ကြီးများ ပါဝင်ခဲ့ ပြီး ထိုလက်နက်ကြီး ကျည်များထဲမှ အချို့သည် ပစ်မှတ်လမ်းကြောင်းလွဲပြီး ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်ခဲ့ သည်ဟု ၎င်းက ဆိုသည်။

နယ်စပ်ဒေသတွင် တပ်စွဲထားသည့် ထိုင်းစစ်တပ်၏ တပ်ဖွဲ့များက ထိုင်း-မြန်မာနယ်စပ် ညှိနှိုင်းဆောင်ရွက်ရေး ယန္တရားမှတစ်ဆင့် ဆက်သွယ်ပြောဆိုမှုများ၊ သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ထိတွေ့တိုက်ပွဲ၏ စံသတ်မှတ် ချက် စည်းကမ်းများအရ တုန့်ပြန်ခဲ့ကြောင်း ယူကရစ်က ပြောသည်။

 ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယူကရစ် ဘွန်တန်နွန်ကို တွေ့ရစဉ်

ထို့ပြင် ထိုကဲ့သို့ လက်နက်ကြီးကျည် ကျရောက်မှုများ နောက်တစ်ကြိမ် ထပ်မဖြစ်စေရန် မြန်မာအစိုးရအရာရှိများ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များကို တရားဝင် သတိပေးခဲ့သည်ဟု ဗိုလ်ချုပ်ကြီး ယူကရစ်က ပြောကြားခဲ့သည်။

အကယ်၍ ထိုဖြစ်စဉ်မျိုး နောက်တစ်ကြိမ် ဖြစ်ပွားလာပါက ထိုင်းဘက်က ပိုမိုပြင်းထန်စွာ ထိတွေ့ကိုင်တွယ်ရန် ပြင်ဆင်ထားသည်ဟုလည်း ၎င်းကဆိုသည်။

လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် လူသေဆုံးမှုများ မရှိခဲ့သော်လည်း နယ်စပ်ဒေသအနီး အန္တရာယ်များ သည့် နေရာများတွင် နေထိုင်သော ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန်အတွက် ကြိုတင်ပြင်ဆင်မှုများ  လုပ်ဆောင်နေသည်ဟုလည်း ယူကရစ်က ပြောသည်။

ဒီဇင်ဘာ ၅ ရက်က မြန်မာနိုင်ငံ မြဝတီမြို့၏ မင်းလက်ပံကျေးရွာတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းလုံခြုံရေးအရာရှိများက မဲဆောက်ခရိုင်ရှိ Mae Kon Ken နှင့် Huai Mahawong တို့တွင် နေထိုင်သည့် ကျေးရွာသူ၊ ကျေးရွာသားများကို ဘေးလွတ်ရာ ချက်ချင်းရွှေ့ပြောင်းရန် ညွှန်ကြားခဲ့သည်။

ထိုင်းတော်ဝင်ကြည်းတပ်၏ Naresuan တပ်ဖွဲ့မှ လက်ထောက်တပ်မှူးဖြစ်သူ ဗိုလ်မှူးကြီး နာရွန်ချိုင်း ချာရွန်ချိုင်း (Narongchai Charoenchai) သည် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ထိခိုက်ခဲ့သည့် မိသားစုများထံ သွားရောက်ခဲ့ပြီး ရိက္ခာအကူအညီများ ပေးအပ်ခဲ့သည်။

Source: ဘန်ကောက်ပို့စ်