CNI International News
ဂျေရုဆလင်၊ ဇွန်လ ၁၄
အစ္စရေးသည် ဇွန်လ ၁၃ ရက် နံနက်ပိုင်းက အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများနှင့် ဒုံးကျည်စက်ရုံများ အပါအဝင် ပစ်မှတ်ပေါင်း ၁၀၀ ကျော် လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့သည်။
ထို့နောက် အီရန်ထပ်သီး စစ်ဘက်ဆိုင်ရာ တပ်မှူးများ သေဆုံးခဲ့သည်။
ထိုကဲ့သို့ လေကြောင်း တိုက်ခိုက်မှုများကြောင့် အမေရိကန်နှင့် အီရန်ကြား နျူကလီးယားဆွေးနွေးမှုများ ပြုလုပ် မည့် ဇွန်လ ၁၅ ရက်မတိုင်မီ နျူကလီးယားလက်နက်များ ပိုင်ဆိုင်သည့် အီရန်နှင့် အစ္စရေးကြား တင်းမာမှုများ မြင့်တက်စေခဲ့သည်။
အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများသည် အီရန်၏ လက်ရွေးစင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)၏ ဌာနချုပ်ကို ထိမှန်ခဲ့ပြီး IRGC စစ်ဦးစီးချုပ် ဟော့စိန် ဆလာမီ (Hossein Salami) သေဆုံးခဲ့သည်။
ထို့ပြင် အီရန်ကြည်းတပ် စစ်ဦးစီးချုပ် မိုဟာမက် ဘာဂီရီ (Mohammad Bagheri) နှင့် ထိပ်သီး နျူကလီးယား သိပ္ပံပညာရှင် အချို့လည်း သေဆုံးခဲ့သည်ဟု အီရန်က ထုတ်ပြန်ခဲ့သည်။
အီရန်၏ အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ (Ali Khamanei) ကမူ အစ္စရေးကို ပြင်းထန်စွာ အပြစ်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံမှ တဆင့် ပြောကြားခဲ့သည်။
အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံအတွက် ထိခိုက်မှုကိုတွေ့ရစဉ်
ထို့ပြင် ခါမေနီသည် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် စစ်ဦးစီးချုပ်များ၏ နေရာတွင် ယာယီ စစ်ဦးစီးချုပ် အသစ်များ အစားထိုးခန့်အပ်ခဲ့သည်။
ခါမေနီသည် IRGC စစ်ဦးစီးချုပ် ဟော့စိန် ဆလာမီ၏ နေရာတွင် ဗိုလ်ချုပ်ကြီး အာမက် ဗာဟီဒီ (Ahmad Vahidi) ကို အစားထိုး ခန့်အပ်ခဲ့ပြီး အီရန်ကြည်းတပ်၏ စစ်ဦးစီးချုပ် ဘာဂီရီ၏ နေရာတွင်လည်း ဗိုလ်ချုပ်ကြီး ဟာဘီဘူ လာ ဆေယာရီ (Habibollah Sayyari) ကို အစားထိုး ခန့်အပ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြ ခဲ့သည်။
ထို့နောက် အီရန်က အစ္စရေးကို လက်တုန့်ပြန်သည့် အနေဖြင့် ဒရုန်းအစင်းရေး ၁၀၀ ခန့်ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည်။
အစ္စရေးလေတပ်၏ တိုက်လေယာဉ်များက အီရန်မှ ပျံသန်းလာသည့် ဒရုန်းများကို အစ္စရေးနယ်စပ်ထက် ကျော်လွန်ပြီး ကြားဖြတ်ပစ်ချခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ