CNI International News

နယူးယောက်၊ ဖေဖော်ဝါရီ ၂၃ 

မြန်မာနိုင်ငံမှ နျူကလီးယားနှင့် ဆက်နွှယ်သည့် ပစ္စည်းများကို ထိန်းချုပ်ပြီး တရားမဝင် ရောင်းချနိုင်ရေး အကျိုး ဆောင်ပေးမှုဖြင့် ဂျပန်ယာကူဇာ ဒုစရိုက်ဂိုဏ်းဝင်တစ်ဦးကို တရားစွဲဆိုခဲ့ကြောင်း အမေရိကန်အာဏာပိုင်များက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ထို ယာကူဇာခေါင်းဆောင်သည် တရားမဝင် လက်နက်များ ရောင်းချရေးကိုလည်း လုပ်ဆောင်သူ ဖြစ်စစ်သည်။

မန်ဟက်တန် (Manhattan) တရားရုံးတွင် စွပ်စွဲပြစ်တင်ခဲ့သည့် ထိုအမှုတွင် ယာကူဇာခေါင်းဆောင် တာကီရှီ အီဘီဆာဝါ (Takeshi Ebisawa) နှင့် ၎င်း၏ အမှုတွဲ ဆွမ်ဖို့ ဆင်ဟာသိရီ (Somphop Singhasiri) တို့ကို ၂၀၂၂ ခုနှစ်၊ ဧပြီလကတည်းက မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လက်နက်နှင့်ပတ်သက်သည့် ပြစ်မှုများဖြင့် တရားစွဲဆိုခဲ့ ခြင်းဖြစ်ကြောင်းနှင့် နှစ်ဦးစလုံးကို ရမန်ဖြင့် ထိန်းသိမ်းထားကြောင်း ဖော်ပြခဲ့သည်။

 အမေရိကန် DEA ကိုတွေ့ရစဉ်

“တရားစွဲဆို ခံထားရသူနှစ်ဦးဟာ မြန်မာနိုင်ငံက လက်နက်ပြုလုပ်နိုင်တဲ့ နျူကလီးယား ပစ္စည်းတွေနဲ့ မူးယစ် ဆေးဝါးတွေကို ရောင်းချဖို့နဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေကိုယ်စား စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူပေးဖို့ စွဲချက်တွေနဲ့ စွပ်စွဲခံထားရပါတယ်”ဟု အမေရိကန် တရားရေးဝန်ကြီးဌာန၏ အမျိုးသားလုံခြုံရေးဌာနမှ လက်ထောက်အစိုးရရှေ့နေချုပ် မက်သူး အိုလ်ဆန် (Matthew Olsen) က ပြောကြားခဲ့သည်။

“သူတို့ရဲ့ အစီအစဉ်တွေသာ အောင်မြင်ခဲ့မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို တွေးကြည့်ရုံနဲ့တင် တော်တော် စိုးရိမ်ဖို့ကောင်းပါတယ်။ တရားရေးဝန်ကြီးဌာနက အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာ တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ ဒီအမှုမှာ တာဝန်ရှိသူတွေကို အရေးယူသွားမှာဖြစ်ပါတယ်”ဟု အိုလ်ဆန်က ပြောကြားခဲ့သည်။

အီဘီဆာဝါနှင့် ဆင်ဟာသီရိတို့၏ လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်ထဲတွင် ပါဝင်သည့် လက်နက်များ အနက် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များလည်း ပါဝင်နေသည်ဟု အမေရိကန်အာဏာပိုင်များက စွပ်စွဲထားသည်။

အီဘီဆာဝါသည် မြန်မာနိုင်ငံမှ ယူရေနီယံပါဝင်သည့် ပစ္စည်းများနှင့် လက်နက် ထုတ်လုပ်နိုင်သော ပလူတိုနီယံ များကို မူးယစ်ဆေးဝါးများနှင့်အတူ ရွှေ့ပြောင်းသယ်ဆောင်ခဲ့ကြောင်း အမေရိကန် အစိုးရရှေ့နေများက စွပ်စွဲခဲ့ သည်။

ယာကူဇာခေါင်းဆောင် တာကီရှီ အီဘီဆာဝါကို တွေ့ရစဉ်

၂၀၂၀ ပြည့်နှစ်မှစပြီး အီဘီဆာဝါသည် နျူကလီးယား ဆက်စပ်ပစ္စည်းများကို ရောင်းချရန် အမေရိကန်၏ အသွင်ယူ ထောက်လှမ်းရေး အရာရှိတစ်ဦးနှင့် ဆက်သွယ်ခဲ့ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြခဲ့သည်။

၎င်းတို့နှစ်ဦး၏ အစီအစဉ်အား ဖော်ထုတ်သည့် စစ်ဆင်ရေးတွင် ထိုင်းအာဏာပိုင်များက အမေရိကန် စုံစမ်း စစ်ဆေးသူများကို အကူအညီပေးခဲ့ကြောင်း သိရသည်။

ထိုအမှုနှင့်ပတ်သက်ပြီး အီဘီဆာဝါနှင့် ဆင်ဟာသီရိတို့အား တရားရုံးတွင် စစ်ဆေးကြားနာမည့် နေ့ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

Source: Thai PBS World