CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄

ပုဂ္ဂိုလ်ရေးအရ လွန်ကဲစွာ ကိုးကွယ်ခြင်းက လူအဖွဲ့အစည်းများအတွင်း ကွဲပြားစွာဖြစ်ပေါ်စေပြီး အမျိုးသား စည်းလုံး ညီညွတ်မှုကို ထိခိုက်စေနိုင်သည့်အတွက် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား မှာ မိန့်ခွန်းပြောစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိနဲ့အယူအဆ ဆန္ဒမကိုက်ညီသူကို ရန်သူကဲ့သို့ သဘောထားပြီး ခွဲခြားဆက်ဆံ ဖယ်ချဉ်ထားခြင်းဟာလည်း ဒီမိုကရေစီစနစ်နဲ့ ဘယ်လိုမှ ကိုက်ညီမှု မရှိပါဘူး။ ပုဂ္ဂိုလ်ရေးအရ လွန်ကဲစွာ ကိုးကွယ်ခြင်းကလည်း လူအဖွဲ့ အစည်းများအတွင်း ကွဲပြားစွာ ဖြစ်ပေါ်စေပြီးတော့ အမျိုးသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သည့်အတွက် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက် ဖြစ်ကြောင်း တွေ့ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ထို့နောက် ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုး စံနှုန်းအမျိုးမျိုး ပြောနေကြသော်လည်း အနှစ်သာ ရ အနေဖြင့် ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုပဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီမိုကရေစီစနစ် ခိုင်မာဖို့အတွက် တရားဥပဒေစိုးမိုးအတွက် ဥပဒေ အထက် မှာ မည်သူမှ မရှိစေဘဲ တည်ဆဲဥပဒေများနဲ့အညီ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူ အားလုံး ဆန္ဒဖြစ်တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ ဒီမိုကရေစီနဲ့ပတ်သက်ပြီး လည်းကောင်း၊ ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့လည်းကောင်း ဘယ်လိုပင် အယူအဆ ကွဲလွဲနေကြပင်လည်း မိမိတို့ နိုင်ငံနဲ့ သဟဇာတဖြစ်တဲ့ စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီနဲ့ပတ်သက် ပြီး အများဆန္ဒအတိုင်း လိုက်နာရသလိုပဲ လူနည်းစု ဆန္ဒကိုလည်း အလေးထားရန် လိုအပ်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ဗြိတိသျှကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေး ရရှိခဲ့သည်။ ထို့ကြောင့် ၇၅ နှစ်မြောက် စိန်ရတုနေ့တိုင်ခဲ့ပြီ ဖြစ်သည်။

လွတ်လပ်ရေး ရပြီးနောက် သဘောထားများ ကွဲလွဲ၍ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။

အလားတူ ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာလည်း သဘောထားကွဲလွဲနေကြပြီး တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။