CNI International News

ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၂၉

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ခင်ပွန်းဖြစ်သူ ပေါလ်ပလိုစီသည် အောက်တိုဘာ ၂၈ ရက်၊ နံနက် အစောပိုင်းက အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ၎င်းတို့ဇနီးမောင်နှံ၏နေအိမ်၌ အမျိုးသားတစ်ဦး (စိစစ်နေဆဲ)၏ ရိုက်နှက်တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း ဥပဒေစိုးမိုးရေးသတင်းရင်းမြစ်များက CNN သို့ အတည်ပြု ပြောကြားခဲ့သည်။

အသက် ၈၂ နှစ်ရှိ ပေါလ်ပလိုစီသည် ဆေးရုံသို့ အရေးပေါ် တင်ပို့ ကုသထားရသော်လည်း အပြည့်အဝ ပြန်လည် ကောင်းမွန်လာရန် မျှော်လင့်ထားကြောင်း အာဏာရဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌရုံး၏ ထုတ်ပြန်ချက်အရ သိရ သည်။

ရဲတပ်ဖွဲ့က သံသယ တရားခံတစ်ဦးကို ဖမ်းဆီးထားပြီး ၎င်း၏ ကျူးလွန်မှု ဖြစ်နိုင်ခြေ အကြောင်းရင်းကို စုံစမ်း စစ်ဆေးလျက်ရှိသည်။

တိုက်ခိုက်သူသည် နေအိမ် နောက်ဘက်မှ Pelosi နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပုံ အသေးစိတ်ကို မသိရသေးကြောင်း ကနဦး သတင်းရင်းမြစ်နှစ်ခုက ပြောသည်။  

နန်စီပလိုစီရဲ့ ခင်ပွန်းကိုတွေ့ရစဉ်

အခင်းဖြစ်ပွားချိန်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌသည် အဝေးသို့ရောက်နေ၍ နေအိမ်၏ လုံခြုံရေး ဖြစ်စဉ် အသေး စိတ်ကိုတော့ သိရှိမည်မဟုတ်ကြောင်း ၎င်းနှင့် နီးစပ်သော ပရိုတိုကောနှင့်ရင်းနှီးသော သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ CNN က ဆက်လက်ရေးသားသည်။

အမေရိကန်လွှတ်တော် ရေးရာရဲတပ်ဖွဲ့မှ ကာလီဖိုးနီးယား နယ်မြေရုံးနှင့် အထူးအေးဂျင့်အဖွဲ့ အခင်းဖြစ်ပွားရာသို့ အဆောတလျင် ရောက်ရှိလာခဲ့သည်။

ခင်ပွန်းသည် ရိုက်နှက်တိုက်ခိုက်ခံရသဖြင့် နန်စီပလိုစီထံသို့ သမ္မတ ဂျိုးဘိုင်ဒန်က တယ်လီဖုန်းဆက်သွယ်၍ အားပေးစကား ပြောကြားခဲ့သည်။

“သမ္မတက ပေါလ်ပလိုစီနဲ့အတူ လွှတ်တော်ဥက္ကဋ္ဌ ပလိုစီ မိသားစုဝင် အားလုံးအတွက် ဆုတောင်းပေးနေပါတယ်။ ဒီလို ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုအပြီးမှာ သူ့ထောက်ခံမှုကို ပြသဖို့ ပလိုစီကို သမ္မတက ဒီမနက်မှာပဲ ဖုန်းခေါ်ခဲ့ပါတယ်” ဟု အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရင်းဂျင်းပီယာရီက သတင်းထောက်များကို ပြောကြားခဲ့သည်။

Source: CNN