CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂

ရှုံးပွဲမရှိ လက်ဝှေ့သမားဟောင်း မေဝယ်သာက UFC ဖိုက်တာ မက်ဂရီဂေါနဲ့ လာမယ့်နှစ်မှာ သရုပ်ပြပွဲ ထိုးသတ် ချင်တယ်လို့ ပြောလိုက်ပါတယ်။

မေဝယ်သာက “ဒါက သရုပ်ပြပွဲလား ဒါမှမဟုတ် တကယ်ထိုးသတ်ရမယ့် ပွဲလားဆိုတာ ကျနော်မသိပါဘူး။ ကျနော်ကတော့ သရုပ်ပြပွဲ ထိုးသတ်ရတာ ပိုပြီးကြိုက်နှစ်သက်တယ်လို့” ဒေးလီးမေးလ်နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

မက်ဂရီဂေါကတော့ ဒီပွဲကို စိတ်ဝင်စားခြင်း မရှိဘူးလို့ သူတို့ နှစ်ဦး အရင်ထိုးသတ်ခဲ့တဲ့ပုံကို အင်စတာဂရမ်မှာ တင်ပြီး စာရေးသားခဲ့တာ ဖြစ်ပါတယ်။

မေဝယ်သာနဲ့ မက်ဂရီဂေါတို့ဟာ ၂၀၁၇ က အမေရိကန်မှာ ထိုးသတ်ခဲ့ပြီး မေဝယ်သာက ၁၀ ချီမြောက်မှာ အနိုင်ရ ခဲ့တာပါ အမေရိကန် လက်ဝှေ့ သမားဟောင်းဟာ ဒီတစ်ပတ်ထဲ ဂျပန်မှာ ပြုလုပ်မယ့် သရုပ်ပြပွဲမှာ MMA ကြယ်ပွင့် အဆာကူရာနဲ့ ထိုးသတ်ဖို့ ရှိနေပါတယ်။

မေဝယ်သာနဲ့ မက်ဂရီဂေါကို တွေ့ရစဉ် (Sky Sports)

ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၅၀ ထိုးသတ်ထားတာမှာ ပွဲပေါင်း ၅၀ စလုံး အနိုင်ရခဲ့တဲ့ မေဝယ်သာဟာ ပြီးခဲ့တဲ့နှစ်က You Tube ကြယ်ပွင့် လိုဂန်ပေါလ်နဲ့ ပွဲစဉ်အပါအဝင် သရုပ်ပြပွဲ အများအပြား ထိုးသတ်ထားတာပါ။

မက်ဂရီဂေါကတော့ မေဝယ်သာကို အရေးနိမ့်တဲ့ ပွဲစဉ်အပြီးမှာ UFC ပြိုင်ပွဲတွေကို ပြန်လည် ယှဉ်ပြိုင်ခဲ့ပေမယ့် ရလဒ်ပိုင်း ဆိုးရွားခဲ့ပြီး နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။

အိုင်ယာလန်ဖိုက်တာဟာ ၂၀၂၁ က နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲမှာ ဒတ်စတင်ပိုရီရာကို အရေးနိမ့်ပြီး ခြေထောက် ကျိုး သွားခဲ့တာပါ။ အဲ့ဒါကြောင့် ခြေထောက်ကျိုးတာကနေ ပြန်လည် သက်သာ ကောင်းမွန်လာအောင် မက်ဂရီဂေါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

UFC ဝိတ်တန်း ၂ ခု ချန်ပီယံဟောင်း မက်ဂရီဂေါဟာ လာမယ့်နှစ် အစောပိုင်းမှာ ပြိုင်ပွဲတွေ ထိုးသတ်ဖို့ ရှိနေ တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ မက်ဂရီဂေါဟာ UFC ပြိုင်ပွဲကနေ အနားယူပြီးတာနဲ့ လက်ဝှေ့ကြိုး ဝိုင်းထဲ ဝင်ရောက်ဖို့ ရည်ရွယ်ထားကြောင်း ပြောထားတာ ဖြစ်ပါတယ်။

Source: BBC