CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

အသက် ၂၉ နှစ်အရွယ်ရှိ ပရီးမီးယားလိဂ်ဘောလုံးသမားတစ်ဦးဟာ မုဒိမ်းမှုသံသယနဲ့ လန်ဒန်မြောက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။

ဥပဒေအကြောင်းအရ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ လက်ရွေးစင်ကစားသမားတစ်ဦးရဲ့အမည်ကို ဖော်ပြလို့မရဘူးလို့ သိရပါတယ်။ပြီးခဲ့တဲ့လက ဖြစ်ပျက်ခဲ့တဲ့ ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ သူ့ကို ရဲစခန်းမှာ စစ်ဆေးမေးမြန်း နေတာပါ။Metropolitan ရဲတပ်ဖွဲ့ က “အသက် ၂၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း ဇူလိုင်လ ၄ ရက်က ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။ဒီ မုဒိမ်းမှုစွဲချက်ဟာ ၂၀၂၂ ခုနှစ် ဇွန်လမှာ ဖြစ်ပွားခဲ့တာလို့ သတင်းရထားကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားကို မုဒိမ်းမှုသံသယနဲ့ ဘားနတ်မှာရှိတဲ့လိပ်စာတစ်ခုမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို ချုပ်နှောင်ထားတာပါ။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။ တနင်္လာနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ပရီးမီးယားလိဂ် ဘောလုံးသမားဟာ အသက် ၂၉ နှစ် အရွယ်ရှိပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ နောက်ထပ်ထုတ်ပြန်ချက်မှာ အတည်ပြုခဲ့တာပါ။

The Telegraph ကတော့ ကစားသမားရဲ့အသင်းဟာ အခြေအနေကို သိရှိပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ တယ်လို့ ဖော်ပြခဲ့ပါတယ်။ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ကစားသမားဟာ နိုဝင်ဘာလမှာ စတင်မယ့် ကာတာ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ ရှိနေတယ်လို့ သတင်းတွေက အခိုင်အမာဖော်ပြခဲ့တာပါ။လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ရာသီသစ်မစတင်ခင် ရာသီကြိုခြေစမ်းပွဲခရီးတွေထွက်ဖို့ ပြုလုပ်နေကြပြီး ဒီကစားသမား ပါဝင်နိုင်မလားဆိုတာ မသေချာသေးပါဘူး။

လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ ၅ ရက်မှာ စတင်ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

Source:Metro