CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ခေါင်းဆောင် ခင်မာလာထွန်းဟာ ထိုင်းအမျိုးသမီးကလပ် အသင်းဖြစ်တဲ့ College of Asian Scholars အသင်းမှာ ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုဆိုရင် ခင်မာလာထွန်း ဟာ ထိုင်းကလပ်နဲ့ သြဂုတ်လအကုန်ထိ ၃ လ စာချုပ် ချုပ်ဆိုထားပါတယ်။ ကစားသမားရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး စာချုပ်သက်တမ်း ဆက်လက် တိုးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းခေါင်းဆောင် ခင်မာလာထွန်း ဟာ ကစားသမားဘဝ ပထမဆုံးအကြိမ် ပြည်ပထွက် ကစားတာလည်း ဖြစ်ပါတယ်။ ခင်မာလာထွန်း ဟာ လက်ရှိအချိန်မှာ အသင်းနဲ့အတူ ပူးပေါင်းပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပြီ လည်း ဖြစ်ပါတယ်။

ခင်မာလာထွန်းဟာ ဝင်းသိင်္ဂထွန်း နောက်ပိုင်း ပြည်ပကို ထွက်ကစားတဲ့ ဒုတိယမြောက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း က အမျိုးသမီး ဖြစ်ပါတယ်။

ခင်မာလာထွန်း ကတော့ ၂၀၀၉ ကတည်းက မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် ပွဲထွက်ခွင့် ရခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်နေသူ ဖြစ်ပါတယ်။

ခင်မာလာထွန်း ဟာ ပြီးခဲ့တဲ့ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာလည်း ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အခုလို ပြည်ပထွက်ကစားဖို့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲကလည်း ၂၀၁၈-၁၉ ရာသီအပြီးမှာ ရပ်နားထားခဲ့ရတာပါ။ အဲ့ဒီတုန်း က ပြိုင်ပွဲမှာ ISPE အသင်း ချန်ပီယံဖြစ်အောင် ခင်မာလာထွန်းက အဓိက စွမ်းဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

တခြား တစ်ဖက်မှာတော့ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း ကစားသမားဖြစ်တဲ့ ဝင်းသိင်္ဂထွန်း ဟာဆိုရင်လည်း အိန္ဒိယ ကလပ် ဂိုကူလမ် အသင်းမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက သွားရောက်ကစားနေပြီး ဂိုး အများအပြား သွင်းယူပြီးတော့ ခြေစွမ်း ပြသနေပါတယ်။