CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၀
ချယ်လ်ဆီးအသင်းဟာ စပို့တင်းလစ္စဘွန်းအသင်း ကစားသမား ၂ ဦးဖြစ်တဲ့ ကွမ်ဒါနဲ့ အက်စ်ဆူဂိုတို့ နှစ်ဦးကို ပေါင် ၆၂.၄ သန်းနဲ့ ခေါ်ယူမှု အပြီးသတ်ခဲ့တယ်လို့ ပေါ်တူဂီကလပ်က အတည်ပြုခဲ့ပါတယ်။
ယူနိုက်တက်အသင်း အပါအဝင် အသင်းအချို့ရဲ့ စိတ်ဝင်စားမှုခံခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ်ရှိ ကွမ်ဒါအတွက် ချယ်လ်ဆီးအသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းကို ပေါင် ၄၄ သန်းပေးရမှာပါ။
ပေါ်တူဂီကစားသမားဟာ ၂၀၂၅-၂၆ ရာသီကုန်မှသာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
ကွမ်ဒါဟာ ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းကြီးအတွက် စတင် ပါဝင်ခွင့်ရခဲ့ပြီး ၄၄ ပွဲ ကစားထားကာ ၂ ဂိုး သွင်းယူထားတာပါ။
ကွမ်ဒါဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ခြေစွမ်းပြသနေတာကြောင့် နေးရှင်းလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ ပေါ်တူဂီ အသင်း လူစာရင်းမှာ ရွေးချယ်ခံထားရပါတယ်။
လက်စ်ပါးမားစ်အသင်းမှာ အငှားနဲ့ ကစားနေတဲ့ အသက် ၂၀ နှစ်အရွယ်ရှိ ကွင်းလယ်ခံစစ် ကစားသမား အက်စ်ဆူဂိုဟာ ဒီနွေရာသီမှာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှာပါ။
အက်စ်ဆူဂိုကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ အက်စ်ဆူဂိုအတွက် စပို့တင်းလစ္စဘွန်းအသင်းကို ပေါင် ၁၈.၄ သန်းပေးချေရမှာ ဖြစ်ပါတယ်။
အက်စ်ဆူဂိုဟာ လက်စ်ပါးမားစ်အသင်းမှာ ခြေစွမ်းပြသနေပေမယ့် နောက်ဆုံး ကစားထားတဲ့ ၄ ပွဲမှာ အနီကတ် ၂ ကြိမ်အထိ ပြသခံထားရတာပါ။
ချယ်လ်ဆီးအသင်း ပရိသတ်တွေဟာ ကွမ်ဒါကို မြင်တွေ့ရဖို့ စောင့်ဆိုင်းရဦးမှာဖြစ်ပေမယ့် အက်စ်ဆူဂိုကိုတော့ လာမယ့်နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြင်တွေ့ရဖို့ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ အနာဂတ်အတွက် ရည်ရွယ်ကာ လူငယ်ကစားသမားတွေကို အားဖြည့်နေပြီး နွေရာသီမှာ လူငယ် ကစားသမားတွေဖြစ်တဲ့ ဘရာဇီးလ်က အီစတီဗာအိုနဲ့ အီကွေဒေါက ကန်ဒရီပက်ဇ်တို့ဟာ အသင်းထံ လာရောက်ပူးပေါင်းမှာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၄ နေရာ ရပ်တည်နေပြီး ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။
Source: BBC