CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂

မြန်မာနေရှင်နယ်လိဂ်လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ AFC Cup အုပ်စုအဖွင့်ပွဲစဉ်မှာ သြစတြေးလျကလပ် မက်အာသာအသင်းကို အရေးနိမ့်ခဲ့ပေမယ့် အုပ်စုတက်ဖို့ အခွင့်အရေးနည်းသွားပြီလို့ မထင်ကြောင်း နည်းပြချုပ် ဦးဟန်ဝင်းအောင်က ပြောလိုက်ပါတယ်။

ဦးဟန်ဝင်းအောင်က “ပြိုင်ဘက်အသင်းက ကောင်းမွန်ပြီး ပင်နယ်တီပေးရလို့ အခုရလဒ်ထွက်သလားဆိုရင်တော့ တစ်စိတ်တစ်ပိုင်းပဲမှန်ပါတယ်။ ကွာဟချက်တွေအများကြီးရှိတာတော့ ငြင်းလို့မရပါဘူး။ အခုပွဲရှုံးလို့ အုပ်စုတက်ဖို့ အခွင့်အရေးနည်းသွားပြီလို့ မထင်ပါဘူး။ မက်အာသာက ကျနော်တို့ အုပ်စုထဲမှာ အားအကောင်းဆုံးဖြစ်ပြီး ရှေ့ လာမယ့် အဝေးကွင်း ၂ ပွဲကို အကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒိုင်ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြောစရာမရှိပါဘူး” လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ရှမ်းယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် မက်အာသာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့် ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရှမ်းယူနိုက်တက်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု ၇ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၂ ကြိမ် ရှိခဲ့ပြီး မက်အာသာအသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၈ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၆ ကြိမ်အထိ ရှိခဲ့တာပါ။ မက်အာသာအသင်းအတွက်ဂိုးတွေကို ဂျာမိန်း၊ အူဂလက်ချ်နဲ့ ရို့စ်တို့က ၁ ဂိုးစီသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းခေါင်းဆောင် ဟိန်းသီဟဇော်ကတော့ ပရိသတ်တွေက တာဝန်ကျေခဲ့ပေမယ့် သူတို့ ဘက်က တာဝန်မကျေခဲ့ဘူးလို့ ပြောခဲ့တာပါ။

ဟိန်းသီဟဇော်က “တောင်ကြီးကနေ ရန်ကုန်အထိ လာကြည့်တဲ့ ပရိသတ်တွေ၊ ကွင်းတွင်း ကွင်းပြင်ကနေ ပုံစံမျိုးစုံနဲ့ အားပေးနေတဲ့ ပရိသတ်တွေက တာဝန်ကျေပါတယ်။ တာဝန်မကျေတာက ကျနော်တို့ပါ။ ရလဒ် အတွက် စိတ်မကောင်းပါဘူး”လို့ ပြောခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ AFC Cup ပြိုင်ပွဲရဲ့ အုပ်စု F မှာ မက်အာသာ၊ ဖနွမ်းပင်ခရောင်း၊ ဆီဘူးတို့နဲ့ တစ်အုပ်စုထဲကျရောက်နေတာပါ။ အုပ်စုတွင်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆီဘူးနဲ့ ဖနွမ်းပင်ခရောင်းအသင်းတို့ပွဲစဉ်မှာ ဖနွမ်းပင်ခရောင်းအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ အုပ်စုဒုတိယမြောက်ပွဲစဉ်အဖြစ် အောက်တိုဘာ ၅ ရက်မှာ ဖနွမ်းပင်ခရောင်း အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။