CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈

ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ မြင့်မားလာချိန်မှာ မင်းသားဝီလျံဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားပွဲတွေကြည့်ဖို့ အဆိုပါနိုင်ငံကို သွားရောက်မှာ မဟုတ်ဘူးလို့ မနေ့ညက သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အက်ဖ်အေဥက္ကဋ္ဌအဖြစ် မင်းသားဝီလျံဟာ နိုဝင်ဘာလ ၂၁ ရက် အီရန်နဲ့ ကစားမယ့် အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား ပွဲစဉ်ကို တက်ရောက်ကြည့်ရှုဖို့ မျှော်လင့်ထား ကြပါတယ်။

ဒါပေမယ့် အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့မယ်ဆိုရင်တောင် မင်းသား ဝီလျံက သွားရောက်ကြည့်ရှုဖို့ မဖြစ်နိုင်တော့ဘူးလို့ The Sun သတင်းမှာ ဖော်ပြခဲ့ပါတယ်။

မင်းသားဟာ အလုပ်များတဲ့ အခြေအနေကြောင့် ဒီပြိုင်ပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ကာတာနိုင်ငံဟာ အားကစားကွင်းရှိ အလုပ်သမားတွေရဲ့ အခြေအနေတွေ၊ နိုင်ငံရဲ့ လိင်တူဆက်ဆံမှုတွေ အပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကို ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြင်ဆင်မှုကိုတွေ့ရစဉ် (The New York Times)

ကာတာနိုင်ငံမှာ လိင်တူဆက်ဆံမှုဟာ တရားမဝင်ဘူးလို့ သိရပါတယ်။ မင်းသားဝီလျံဟာ LGBTQ+ အခွင့်အရေးတွေအတွက် ခိုင်မာတဲ့ ထောက်ခံသူအဖြစ် ကာလကြာရှည် ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ မင်းသား ဝီလျံဟာ လိင်တူချစ်သူမဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဖော်ပြခံရတဲ့ ပထမဆုံးတော်ဝင် ဖြစ်လာခဲ့တာပါ။

ဟာရီကိန်း အပါအဝင် အသင်းခေါင်းဆောင် အများအပြားဟာ ပြိုင်ပွဲကာလအတွင်းမှာ LGBTQ+ အခွင့်အရေးတွေ ကို ပံ့ပိုးပေးမယ့် လက်ပတ်တွေကို ဝတ်ဆင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် သြစတြေးလျ ကစားသမားတွေဟာ ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေအပေါ် ဝေဖန်တဲ့ ဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့တာပါ။ ဒီပြိုင်ပွဲအပေါ် သပိတ်မှောက်ဖို့ တောင်းဆို မှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။

မင်းသားဝီလျံဟာ ပြီးခဲ့တဲ့ နောက်ဆုံးကမ္ဘာ့ဖလား ၂ ကြိမ်ဖြစ်တဲ့ ဘရာဇီးလ်နဲ့ ရုရှားတို့ကိုလည်း သွားရောက်ခဲ့ခြင်း မရှိပါဘူး။ သူနောက်ဆုံး တက်ရောက်ကြည့်ရှုခဲ့တဲ့ ကမ္ဘာ့ဖလားကတော့ ၂၀၁၀ က တောင်အာဖရိကမှာ ကျင်းပခဲ့ တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲပဲ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်၊ အီရန်၊ ဝေးလ်စ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေတာ ဖြစ်ပါတယ်။

Source: Daily Mail