CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂

အမေရိကန်နိုင်ငံတွင် ဒီမိုကရက်တစ်များ ကြီးစိုးထားသော အောက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ၌ ရီပတ်ဘလီကန်များ အစားထိုး အနိုင်ရရှိလာလျှင်လည်း မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူထားသည့် အစီအစဉ်များ ဆက်လက် ရှိနေနိုင်ခြင်းကြောင့် မြန်မာ့စီးပွားရေးအတွက် မျှော်လင့်စရာမရှိဘူးဟု နိုင်ငံရေး လေ့လာသူများနှင့် မြန်မာ့စီးပွားရေး ပညာရှင်များက ပြောသည်။

အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၈ ရက်က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပလျက်ရှိပြီး အမေရိကန်သမ္မတဟောင်း ထရမ့် ဦးဆောင်နေသည့် ရီပတ်ဘလီကန်များ အသာစီးရနေသည့်အတွက် ရုရှားကျူးကျော်မှုကို ကန့်ကွက်၍ ယူကရိန်းအား စစ်ရေး အကူအညီပေးနေခြင်းများ ရပ်တန့်သွားမည်ကို ယူကရိန်းအစိုးရနှင့် ပြည်သူများက စိုးရိမ် နေကြသလို မြန်မာကလည်း လက်ရှိ စီးပွားရေး ပိတ်ဆို့ထားမှုများ ပြန်လည်ဖြေလျှော့လာနိုင်မလား စောင့်ကြည့် နေကြသည်။

မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ အမေရိကန်၏ ကြားဖြတ်ရွေး ကောက်ပွဲသည် အောက်လွှတ်တော်အတွက် ကျင်းပနေခြင်းဖြစ်သည့်အတွက် မြန်မာ့စီးပွားရေးအပေါ် အကျိုး သက်ရောက်မှု မရှိနိုင်ကြောင်း၊ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်သည့်အခါမှသာ အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

စီးပွားရေး ကျပ်တည်းကြားက ထမင်း-ဟင်းအလှူကို မြန်မာနိုင်ငံသားများ တန်းစီးစောင့်ဆိုင်းရယူနေစဉ်

၎င်းက “တိုက်ရိုက်ကြီးတော့ မမြင်ဘူး။ ဒီဟာလည်း သူတို့ဟာက အသေးလေးပါ။ သူတို့အနေနဲ့ဆိုရင်တော့ အောက်လွှတ်တော်ပေါ့။ Regional head တွေလောက်ပဲ အပြောင်းအလဲဖြစ်မှာ။ အဲလိုပဲ ၂ နှစ်တစ်ခါ၊ ၄ နှစ်တစ်ခါ ရှိနေကျပဲလေ။ မြန်မာပြည်အပေါ်တော့ သိပ်ပြီးတော့ ရိုက်ခတ်တာ မရှိနိုင်ပါဘူး။ အဲလို ခေါင်းဆောင် ပြောင်းသွား ရင်တော့ မသိဘူးပေါ့လေ။ ထရမ့်ကလည်း ၂၀၂၄ မှာ ဝင်အရွေးခံမယ်ဆိုတော့ အဲဒီဟာက ပြောင်းသွားရင်တော့ တစ်မျိုးပေါ့လေ။ သိပ်အများကြီး မရှိနိုင်ပါဘူး။ ၂၀၂၄ မှာပဲ တစ်ချက် ကြည့်ရမယ်။ အဲဒီမှာ ထရမ့် ရီပတ်ဘလီကန် ဘက် အရွေးခံရရင်တော့ မြန်မာပြည် ဖိအားလျော့သွားမှာပေါ့။ စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့ မပေးနိုင်တောင်မှ ထပ်တင်းဖို့တော့ မရှိဘူးပေါ့။ အခုက တစ်ရစ်ချင်း တင်းနေတာကိုး” ဟု ပြောသည်။

အမေရိကန် ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်များ အနိုင်ရရှိသွားပါက ရုရှား - ယူကရိန်း စစ်ပွဲများတွင် ထောက်ပံ့နေမှု လျော့ကျသွားနိုင်ကြောင်း၊ စေ့စပ်ညှိုနှိုင်းရေးဘက်သို့ ဦးတည်နိုင်ကြောင်း၊ ထို့နောက် ရေနံနှင့် ဒေါ်လာဈေးကွက် တည်ငြိမ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

ရန်ကုန်ကို အလုပ်လုပ်ပြီး တစ်ဖက်ကမ်း ဒလကို ပြန်ရန် လှေပေါ်တက်နေကြသူများ

လက်ရှိ မြန်မာနိုင်ငံသည် အရပ်သားအစိုးရကို ဖြုတ်ချ၍ မြန်မာ့တပ်မတော်က အုပ်ချုပ်နေခြင်းကြောင့် အမေရိကန်အစိုးရက စီးပွားရေး ပိတ်ဆို့လိုက်ရာ စီးပွားရေး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

အလားတူ လူသုံးကုန် ပစ္စည်းနှင့် ဆေးဝါးပစ္စည်း ဈေးနှုန်းများ မြင့်တက်လာသလို ဒေါ်လာဈေးနှုန်းနှင့် လောင်စာဆီ ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လျက်ရှိနေသည်။

ထို့ကြောင့် မြန်မာ့တပ်မတော်မှ ခေါင်းဆောင်များ ဦးဆောင် ဖွဲ့စည်းထားသည့် နစက-က ရုရှားထံမှ ရေနံဝယ် ယူ၍ ပြည်တွင်း လောင်စာဆီ ပြတ်လပ်မှု အခြေအနေနှင့် ဈေးနှုန်းကြီးမြင့်နေမှုကို လျှော့ချနိုင်ရန် ဆောင် ရွက် နေသည်။

သတင်းစာ ရောင်းချနေသူများကိုတွေ့ရစဉ်

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက “သူက ယူကရိန်းစစ်ပွဲ ဟိုဟာဖြစ်သွားပေမယ်လို့ အနောက် အုပ်စုက မြန်မာကို ဒဏ်ခတ်တာ လျော့သွားမှာမှ မဟုတ်တာ။ မြန်မာကို သူက ဆက်ပြီးတော့ ဒဏ်ခတ်ထားမယ်။ ဒေါ်လာ ကနေပြီးတော့ ဒေါ်လာသုံးခွင့်တွေ ဒေါ်လာကနေပြီးတော့ ကန့်သတ်ချုပ်ခြယ်မှုတွေ ထပ်လုပ်နေမယ် ဆိုလို့ရှိရင် မြန်မာက အခုလျှောက်နေတဲ့ လောင်စာဆီတို့ ဘာတို့မှာ ရုရှားကို မှီခိုတဲ့ လမ်းကြောင်းကိုပဲ ဆက်ပြီး တော့ ပိုကောင်းအောင် လုပ်ရမှာပေါ့။ အခု ရုရှားကနေ သယ်ယူတဲ့ လမ်းကြောင်းတို့က ပုံမှန် မဖြစ်သေးဘူး။ အဲဒီ ဟာတွေက ဥပမာ တရုတ်က ဆိုလို့ရှိရင် တရုတ်ကနေတဆင့် ဟိုဟာဖြစ်မလားပေါ့။ အခု ပင်လယ်ဘက်ကနေ သယ်တဲ့ အိန္ဒိယကနေတဆင့် ကဲ့တဲ့ဟာနဲ့ တရုတ်ကနေတဆင့် တရုတ်ကို ဖြတ်ပြီးတော့ လုပ်မလား အဲလို ပိုကောင်းတဲ့ဟာတွေ ဖြစ်လာနိုင်တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေသည် နိုင်ငံတကာအရေး အပြောင်းအလဲများထက် ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် အခင်းအကျင်းများ အပေါ်တွင်သာ မူတည်နေကြောင်း၊ ပြည်တွင်း၌ နယ်မြေတည်ငြိမ်မှု ရှိရန် လိုအပ်ကြောင်း၊ စီးပွားရေးနှင့် သက်ဆိုင်သည့် မူဝါဒများကို စနစ်တကျ ချမှတ်ရန် လိုအပ်ကြောင်း မြန်မာ့နိုင်ငံ ရေးလေ့လာသုံးသပ်သူများနှင့် စီးပွားရေး ပညာရှင်များက ထောက်ပြကြသည်။