CNI International News

ဆောပိုလို၊ မေလ ၂၇

ဘရာဇီးနိုင်ငံတွင် စားနပ်ရိက္ခာ ငတ်မွတ် ခေါင်းပါးလာနိုင်မှု အန္တရာယ်များ ယခင်ထက် ပိုများလာခဲ့ရာ ပြီးခဲ့သည့် ၁၂ လ အတွင်း ပြည်သူများအတွင်း အိမ်ထောင်စု အသီးသီး၏ အစားအသောက် မလုံလောက်မှု ရာခိုင်နှုန်းသည် ၃၆ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း သုတေသနလေ့လာမှုတစ်ခုကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြသည်။

၂၀၁၉ ခုနှစ်က ၃၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ယမန်နှစ် ၂၀၂၁ ခုနှစ်မှာတော့ ၃၆ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက် လာခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

လက်တင်အမေရိကဒေသတွင် တစ်ချိန်က စားနပ်ရိက္ခာအများဆုံးထုတ်လုပ်နေခဲ့သူဖြစ်သည့် ဘရာဇီးသည် ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် စားသောက်ကုန်မလုံလောက်မှုနှုန်းသည် ကမ္ဘာ့ပျမ်းမျှနှုန်းအထက်သို့ တက်လာခဲ့ကြောင်း ဂျီကျူလီယိုဗာဂက်ဖောင်ဒေးရှင်း (FGV) က မေလ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သော ဂေါလက် ကမ္ဘာ့စံနှုန်း အချက်အလက် (Gallup World Poll data) ၏ ဆန်းစစ်လေ့လာချက်အရ သိရသည်။

ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းလယ်ယာထွက်ကုန်ထုတ်လုပ်သူဖြစ်သော်လည်း ယခုအခါ လွန်စွာ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် ဘရာဇီးနိုင်ငံတွင်လည်း စားသောက် ကုန်ဈေးနှုန်းများ သိသာစွာ မြင့်တက်လာခဲ့ကြောင်း FGV မှ လူမှုရေးမူဝါဒရေးရာဌာန၊ ဒါရိုက်တာနှင့် သုတေသန ပြုစုသူ စီးပွားရေးပညာရှင် မာစီလိုနီရီက ပြောကြားခဲ့သည်။

“ဒါဟာ စိုးရိမ်စရာအခြေအနေပါ။ ဖြစ်စဉ်ဆိုးရွားမှုနှုန်းက အမြင့်ဆုံးတက်နေပါတယ်” ဟု နီရီက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း ဘရာဇီးရှီ အဆင်းရဲဆုံး ၂၀ ရာခိုင်နှုန်းအတွက် စားနပ်ရိက္ခာ ဖူလုံခြင်းမရှိသည့် နှုန်းမှာ ၂၀၁၉ ခုနှစ်တွင် ၅၃ ရာခိုင်နှုန်းရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းသို့ တိုးလာခဲ့သည်။ သို့ဖြစ်၍ ဘရာဇီး အခြေအနေသည် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံမှုအနည်းဆုံး ၈၀ ရာခိုင်နှုန်းရှိသည့် ဇင်ဘာဘွေနိုင်ငံအဆင့်သို့ ချဉ်းကပ် လာခဲ့ပြီဆိုခြင်းကို ပြသနေသည်။

သုတေသနပြုလေ့လာဆန်းစစ်ချက်များအရ ၂၀၂၁ ခုနှစ်တွင် အစားအသောက်မဝမလင်ဖြစ်ရသည့် ကျား/မ ကွာဟမှုအချိုးအစားတွင် ဘရာဇီးနိုင်ငံ၌ ကမ္ဘာ့လုံးဆိုင်ရာပျမ်းမျှနှုန်းထက် ၆ ဆ ပိုများနေကြောင်း ရိုက်တာ သတင်းအရ သိရသည်။

Source: Reuters