CNI Interview

၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၆

မြန်မာ့လက်မှုပညာများဖြစ်သော ပန်းချီ၊ ပန်းပု၊ ပန်းပွတ်၊ ပန်းတမော့၊ ပန်းရန်၊ ပန်းယွန်း၊ ပန်းတဉ်း၊ ပန်းတော့ စသည့် အနုပညာ ဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းပဲ (သံထည်ထုလုပ်ခြင်း အတတ်ပညာ) သည် တစ်ခုအပါအဝင်ဖြစ်သည်။

လက်ရှိတွင် ပန်းပဲလက်မှုပညာလုပ်ငန်းများ လုပ်ကိုင်နေရသည့် အခြေအနေများ၊ အခက်အခဲများ၊ တိုးတက်လာသော ခောတ်နှင့် ပြောင်းလဲလာသည့် ဈေးကွက်များအကြောင်းကို ပန်းပဲပညာရှင် တစ်ဦးဖြစ်သော ရန်ကုန်မြို့တွင် နေထိုင်သူ ပန်းပဲဖို ပိုင်ရှင် ဦးအောင်ထွန်းကို CNI က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ပန်းပဲလုပ်ငန်းကို ဘယ်လိုမျိုး စတင်လုပ်ကိုင်ဖြစ်တာပါလဲ။

ဖြေ။ ။ကျနော်ဇာတိက မကွေတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ပျဉ်သာရွာက ဖြစ်တယ်။ အသက်ငယ်ငယ်ပေါ့။ ၁၈ နှစ်သားလောက်စပြီး ပန်းပဲလုပ်ငန်းကို စိတ်ဝင်စားတော့ လုပ်ဖြစ်တာ။ တစ်ခါတစ်လေဆို အဆဲတွေ ဘာတွေတောင် ခံရတယ်။ ပန်းပဲဆရာ နောက်ဖေး ( အပေါ့အပါး) သွားတာဘာညာဆို ဖိုတက်ထိုင်ပြီး လုပ်ကြည့်ရတာပေါ့။ အိမ်ထောင် စကျတော့ စီးပွားရှာဖို့ဆိုပြီး ရန်ကုန်တက် အလုပ်လုပ်တာ။ ဒီပညာရပ်နဲ့ပဲပေါ့။ ပန်းပဲလုပ်ငန်းက မိရိုးဖလာအလုပ်လေ။ မိဘတွေလက်ထက်ထဲက လုပ်တာဆိုတော့ ကျနော်တို့လည်း ဒီအလုပ်ပဲ လုပ်တတ်တာဖြစ်တယ်။

မေး။ ။ပန်းပဲ လုပ်ငန်းကို လုပ်ရတဲ့အခါ ကာယလုပ်အားကို အဓိကထားပြီး လုပ်ရတာဖြစ်တော့ လုပ်ငန်းရဲ့ သဘောသဘာဝအကြောင်းကိုလည်း နည်းနည်းလောက်ရှင်းပြပေးပါအုံးရှင့်။

ဖြေ။ ။ဟုတ်ပါတယ်။ ဒီလုပ်ငန်းရဲ့ သဘောသဘာဝကို ရှင်းပြရမယ်ဆိုရင်တော့ လေးသံတို့ မီးသွေးတို့ ဝယ်ရတာ အခက်အခဲလေး နည်းနည်းရှိတာပေါ့။ လေးသံကဆိုရင် ဝယ်လို့ကို မလွယ်တော့ဘူး။ ဆိုင်တွေမှာ သိပ်မရှိဘူး။ သံကိုက အဟောင်းဆိုင်တွေက မရှိတာဖြစ်တယ်။ ပိတ်တဲ့ဆိုင်က ပိတ်တယ်။ ပစ္စည်းပြတ်လို့ မရတဲ့ဆိုင်က မရကိုမရဘူး။ ပန်းပဲ လုပ်တာကတော့ ဈေးမှာတော့ သွားသွင်းပြီး ရောင်းတာတွေ ဘာတွေတော့ မလုပ်ဘူး။ အိမ်မှာပဲ လာအပ်တဲ့သူတွေကို လိုချင်တဲ့ပုံစံမျိုး လုပ်ပြီး ရောင်းပေးတာ ဖြစ်တယ်။ ဖောက်သည်တွေ ဘာတွေလည်း မပေးဘူး။ တစ်နေ့မှ တစ်တွဲ၊ နှစ်တွဲ အဲလိုလေး လုပ်ပြီး ရောင်းတာဖြစ်တယ်။ တစ်တွဲဆိုရင်တော့ ဓါးက နှစ်ချောင်းပေါ့။ အများကြီးလည်း မလုပ်နိုင်ဘူး။

မေး။ ။ဓါးတစ်ချောင်းကို လုပ်ရတဲ့အခါ အချိန်ဘယ်လောက်ကြာပြီးတော့ ဘယ်အချက်တွေက အရေးကြီးပါသလဲ။ ဓါးတစ်ချောင်းကို ရောင်းရင်ဘယ်လောက်ရပြီး ကုန်ကျစရိတ်ကရော ဘယ်လောက်ရှိလဲ။

Photo - CNI

ဖြေ။ ။လုပ်ရတာက မီးသွေးကုန်တာနဲ့ ဘာနဲ့ဆိုတော့ လုပ်ရတာက သိပ်တော့အဆင်မပြေပါဘူး။ လုပ်နေကျ အလုပ်မို့သာ လုပ်နေရတာ။ ဒီပြင်အလုပ်လည်း မလုပ်တတ်ဘူးလေ။ ဓါးတစ်ချောင်းဖြစ်ဖို့အတွက် အချိန် နှစ်နာရီလောက် ပေးပြီး သေချာ လုပ်ရတယ်။ ဓါးတစ်ချောင်းဆိုရင် ကျပ် ၃၀၀၀ ကျော်ကနေ ၄၀၀၀ လောက်တော့ ရပါတယ်။ ဒါကလည်း ဝယ်သူရှိမှ ပိုက်ဆံက ရတာ။ ဝယ်သူမရှိရင် အိမ်မှာထိုင်နေရတာ။ ဓါးတစ်ချောင်းဆိုရင်တော့ လုပ်အားခမပါ ကျပ် ၂၀၀၀ လောက်တော့ ကျန်ပါတယ်။ လုပ်အားခပါ ထည့်တွက်ရင် သိပ်ပြီးတော့ အဆင်မပြေပါဘူး။ အလုပ်ကလည်း ဒါပဲ လုပ်တတ်တာဆိုတော့ ဒါပဲ လုပ်ကိုနေရတာပေါ့။

ဓါးကို အလေးချိန်နဲ့ လုပ်ပြီးတော့ ရောင်းတာပေါ့၊ အရင်တုန်းကတော့ တစ်ဆယ်သားကို ကျပ် ၆၀၀၊ ကျပ် ၇၀၀ လောက် ရောင်းရတယ်။ အခုကတော့ ကျပ် ၁၀၀၀ (တစ်ထောင်) ကျော် သွားပြီပေါ့။ မီးသွေးတစ်အိတ်ဆိုရင်ကျပ် ၆၀၀၀ (ခြောက်ထောင်) လောက်ပေးရတယ်။ အဲဒါက ဓါးသုံးချောင်းစာလောက်တော့ ဖိုထိုးလို့ ရတာပေါ့။ သံကျတော့ တစ်ပိဿာကို ကျပ် ၁၂၀၀ လောက် ပေးရတယ်။ အပ်တဲ့သူရဲ့ လိုချင်တဲ့အပေါ် မူတည်ပြီးတော့ သံထည်က အလေးချိန်အပေါ် ပေးရတာပေါ့။

မေး။ ။အဲဒီတော့ လက်ရှိမှာ အခက်အခဲတွေ ရှိနေတော့ စားဝတ်နေရေးအတွက် ဘယ်လိုမျိုး ဖြေရှင်းဆောင်ရွက်နေရပါ သလဲ။

ဖြေ။ ။ဒီလုပ်ငန်းနဲ့တော့ စားဝတ်နေရေးက ဖြေရှင်းလို့ မရပါဘူး။ မိသားစုက အမျိုးသမီးရယ်၊ သားသုံးယောက်ရယ်ဆိုရင် ငါးယောက်ရှိတယ်။ ကလေးတွေ ငယ်ငယ်ကတော့ လုပ် ငန်းက ကောင်းတော့ စားဖို့၊ သောက်ဖို့အပြင် ကလေးတွေ ကျောင်းထားဖို့တွေ၊ ဘာတွေအထိ ဝင်ငွေလေးက ရသေးတယ်။

အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုဖြစ်တဲ့အတွက် အထောက်အကူ ပြုပါတယ်။ အခုကတော့ ဘေးမှာ၊ အပြင်မှာ အလုပ်က ထွက်လုပ်ရသေးတယ်။ ကလေးနှစ်ယောက်က အပြင်မှာ ထွက်အလုပ်လုပ်တယ်။ အခုက ဝယ်တဲ့သူကလည်း သိပ်မရှိဘူးလေ။ ခြံစိုက်တဲ့သူတွေ၊ လယ်သမားတွေက စက်ပစ္စည်းတွေနဲ့ အသုံးပြုလာကြတော့ ပန်းပဲလုပ်ငန်းထွက်ဖြစ်တဲ့ ဓါးတွေ၊ သံဇဉ်တွေ၊ ဘာတွေက သိပ်မသုံးကြတော့ဘူး။

မေး။ ။ပန်းပဲလုပ်ငန်းတွေက ကိုဗစ်ကြောင့်ခက်ခဲသလို ဖေဖော်ဝါရီလနောက်ပိုင်းအာဏာသိမ်းပြီးမှာရော ထိခိုက်တာမျိုး တွေ ရှိပါသလား။ ရှိရင် ဘယ်လိုအခြေအနေဖြစ်ခဲ့ပါသလဲ။

Photo - CNI

ဖြေ။ ။နိုင်ငံရေးအပြောင်းအလဲဆိုတော့လည်း ဝယ်တဲ့သူတွေကလည်း မဝယ်။ ဓါးလာလုပ်မယ့် သူတွေကလည်း မလုပ်ရဲ ကြဘူး။ ကျနော်တို့ကလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှာ ပန်းပဲဖိုကို နှစ်လ သုံးလလောက်အထိ ပိတ်ထား လိုက်တယ်။ ကျနော်တို့ လုပ်ငန်းက ပန်းပဲ လုပ်ငန်းဖြစ်တော့ ဓါးတွေ ဘာတွေ လုပ်ရတော့ စိုးရိမ်မှုက ရှိတယ်လေ၊ အဲဒီတော့ သုံးလကျော်လောက်ကို ရပ်ထားလိုက်ရတာ။

မေး။ ။ဒါက မိဘကတစ်ဆင့် လက်ဆင့်ကမ်းပြီး လုပ်လာတဲ့ လုပ်ငန်းဆိုတော့ ဒါတွေကို သားသမီးတွေကို လက်ဆင့်ကမ်း သွားဖို့ ရှိလား။ လက်ရှိမှာ ဘယ်လိုမျိုးသင်ကြားပေးနေတာ ရှိပါသလဲ။

ဖြေ။ ။လက်ဆင့်ကမ်းပေးဖို့ ရှိပါတယ်။ ဒီအလုပ်က အပြင်ထွက်မလုပ်ရပဲနဲ့ ကိုယ့်အိမ်ကနေ ကိုယ်ဘာသာ လုပ်လို့ ရတဲ့ အလုပ် ဖြစ်တယ်။ ဒါပေမယ့် အခုကာလမှာတော့ အခြေအနေတွေကြောင့် လုပ်ဖို့က ဒီလုပ်ငန်းက သိပ်မလွယ်တော့ဘူး။ အခုလိုပုံစံမျိုးနဲ့ဆိုတော့ ဒီအလုပ်က အခု လွှဲလည်းလွှဲချင်တယ်။ လွှဲလည်း မလွှဲချင်ဘူးဖြစ်နေတယ်။ နိုင်ငံရေး အပြောင်းအလဲ တွေကြောင့် အခုအချိန်မှာက အန္တရာယ်ရှိတာကိုး။ အရင်တုန်းကတော့ ဘာမှ မဖြစ်ဘူး။ ဒီအလုပ်က အန္တရာယ်လည်း မရှိဘူး။ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ မိရိုးဖလာ လုပ်ငန်းတွေကို လုပ်ကိုင်နေရတယ်။

ကလေးတွေကတော့ အလုပ်မရှိတဲ့ရက် သူတို့အလုပ်နားတဲ့ ရက်တွေမှာတော့ ဝိုင်းပြီးလုပ်ပေးပါတယ်။ အားတဲ့အချိန်လေးမှာ ကူကြတယ်။ ကူရင်းနဲ့ သင်ပေးတယ်။ ပန်းပဲ လုပ်ရတာက ပထမဆုံး သင်မယ်ဆိုရင် ထုရိုက်ခိုင်းတာပေါ့။ အဲလို ရိုက်ခိုင်းတဲ့ နေရာမှာလည်း ဓါးအခြောက်ကို အရင်လုပ်ခိုင်းရတယ်။ နောက်မှ တဖြေးဖြေးနဲ့ မီးနဲ့ ဘာနဲ့ လုပ်ခိုင်းရတာဖြစ်တယ်။ ဓါးကို ထုတဲ့ နေရာမှာလည်း အရာတွေ ဘာတွေ မထင်အောင် ဇောင်းတွေ ဘာတွေမှာ မထုမိအောင် သေချာသင်ရတာ ဖြစ်တယ်။ ပန်းပဲ ပညာက ဖိုထိုးတာမှာရော၊ တူထုတဲ့ နေရာမှာရော သတိထားပြီး လုပ်ရတာဖြစ်တယ်။

Photo - CNI

မေး။ ။အခုလက်ရှိမှာရော ပန်းပဲပညာရပ်က ဘယ်လောက်ထိ လုပ်ကိုင်ဖို့ ဆိုးရွားလာတာလဲ။ ဘယ်လိုပုံစံမျိုးတွေကြောင့် လဲ။

ဖြေ။ ။အခုခေတ်က စက်ပစ္စည်းကိရိယာတွေကလည်းပေါတော့။ အလုပ်အပ်မယ့် သူတွေကလည်းမလာတော့၊ လုပ်ငန်းက လုပ်ရခက်လာတာပေါ့။ သီးနှံတွေ စိုက်ပျိုးတဲ့နေရာမှာ အသုံးပြုတဲ့ ဓါးတွေ၊ တံစဥ်တွေ၊ ဂေါ်ပြားတွေ ဘာတွေလုပ်တဲ့ လယ်သမား၊ ခြံသမားတွေက မလာကြတော့ဘူး။ သူတို့လည်း အရောင်းအဝယ်တွေက မကောင်းတော့ လယ်တွေ ခြံတွေ သိပ်မစိုက်ကြတော့ဘူး။ အခုလတ်တစ်လော လာနေတဲ့ အပ်ထည်တွေကတော့ မြက်ခုတ်ဓါးတို့ ဂေါ်ပြား (ငန်းပြား) တို့၊ ဒါတွေ လာအပ်တဲ့ သူပဲရှိတယ်။ ဒါက တစ်ချောင်းမှ ကျပ် ၃၅၀၀ (သုံးထောင့်ငါးရာ) သာသာတာရတာ။ အခုကတော့ လာမအပ်တဲ့သူများတယ်။ တစ်ချို့လည်း တစ်ချောင်း၊ နှစ်ချောင်း လာအပ်ထားတာရှိတယ်။ ဒါလေးတွေကိုပဲ လုပ်နေရတာ။

မေး။ ။ဓါးတစ်ချောင်းဖြစ်ဖို့ အတွက် ဘယ်အချက်က အရေးကြီးဆုံးလို့ ထင်ပါသလဲ။

ဖြေ။ ။ဓါးတစ်ချောင်းက မီးဖို ဖိုထိုးတဲ့နေရာမှာ အသက်ရှိတာဖြစ်သလို တူထုတဲ့နေရာမှာလည်း အရေးကြီးတယ်။ ပါးတဲ့နေရာကို အရမ်းထုမိရင် တွန့်လိမ်သွားမှာဖြစ်တယ်။ အဲလိုဆိုရင် ဓါးသွေးတဲ့အခါမှာလည်း မညီတော့ပဲနဲ့ ဘုတွေ ထစ်တွေ ဖြစ်သွားမှာ။ အခုကတော့ ခေါတ်ကာလအရ လက်မှုပညာကနေ စက်မှုပညာဖြစ်ကုန်ပြီပေါ့။ တစ်ချို့ပန်းပဲ ဆရာတွေက စက်နဲ့ ထုတာတွေ ရှိတယ်။ မြန်လည်းမြန်တာပေါ့။ လက်မှုပညာသည်ကတော့ ရှားသွားတာပေါ့။