CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်ကို တရုတ်အာဏာပိုင် များမှ ပိတ်ထားခဲ့ရာ လက်ရှိတွင် နှစ်လနီးပါးခန့် ကြာ မြင့်နေပြီသည်။
ထို့နောက် တရုတ်အာဏာပိုင်များနှင့် မြန်မာဘက်မှ တာဝန်ရှိသူများ ညှိနှိုင်းရာတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ ကုတင် ၁၀၀၀ (တစ်ထောင်)ဆံ့ ကိုဗစ်စင်တာဖွင့်ပေးရန်နှင့် ၁၀၅ မိုင်သို့ မရောက်ခင်မှာ ဂိတ်တစ်ခုဖွင့်ပေး၍ ကုန်ကား မောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရန်၊ အကယ်၍ ပိုးတွေ့ပါက ကိုဗစ်စင်တာတွင် ရောဂါ ကုသပေးရန် စသဖြင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် ပိတ်မိနေသည့် ဆန်၊ ဆန်ကွဲ၊ ပဲ အစရှိသည့် ကုန်ပစ္စည်းများ၏ အခြေအနေများ၊ နယ်စပ် ကုန်သွယ်ရေး ပြန်ဖွင့်နိုင်မည့် အခြေအနေ၊ ကုန် သွယ်ရေးကို မှီခိုနေသည့် လုပ်သားများ၏ အခြေအနေများနှင့် ပတ်သက်ပြီး မူဆယ်ဆန်ကုန်စည်ဒိုင် ဒုဉက္ကဋ္ဌ ဦးမင်းသိန်းကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ နယ်စပ်ကုန်သွယ်ရေးက လက်ရှိမှာ တရုတ်ဘက်က ပိတ်ထားတော့ ဘယ်လောက်ထိ ဆုံးရှုံးနစ်နာမှုတွေ ရှိနေပါ သလဲ၊ ကုန်သွယ်ရေးကရော ဘယ်အချိန်လောက်မှာ ပြန်စတင်နိုင်မလဲရှင့်။
ဖြေ ။ ။ ကျနော်တို့ အခုဆိုရင် ဇူလိုင် ၈ ရက်နေ့ကစပြီးတော့ တရုတ်ပြည်ကို ဝင်ပေါက် ထွက်ပေါက်ဖြစ်တဲ့ ကျင်စန်းကျော့၊ ဝမ်တိန်ဂိတ်ကို ပိတ်လိုက်တယ်။ နယ်စပ်တစ်လျှောက်မှာရှိတဲ့ ကုန်သွယ်ရေးဂိတ်အားလုံးကို ပိတ်လိုက်တာ ဖြစ်တဲ့အတွက် ဇူလိုင် ၈ ရက်ကနေ ဒီကနေ့အထိ ကျနော်တို့ မြန်မာပြည်ကနေ ဘာကား၊ ဘာပစ္စည်းမှ သွားလို့ မရသလို တရုတ်ကလည်း ဘာကားမှ ဘာပစ္စည်းမှ သွင်းလို့ မရဘူး။
ဒါပေမယ့် ခြွင်းချက်အနေနဲ့ တစ်ပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ သုံးရက်ကိုတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ ဆေးဝါး ပစ္စည်း ကိရိယာတွေတော့ တင်သွင်းခွင့် ပြုတယ်။ အများဆုံး တင်သွင်းတာတော့ အောက်ဆီဂျင်အိုးတွေ ဖြစ်တယ်။ ဒါတွေကိုတော့ ခွင့်ပြုထားပါတယ်။ အခြားပစ္စည်းတွေကို တရုတ်က မြန်မာပြည်ထဲ ဝင်ခွင့်မပေးသလို မြန်မာပြည်ထဲကလည်း မည်သည့် ပစ္စည်းကိုမှ တရုတ်ပြည်ကို သွားလို့မရဘူး။ ဒီအတွက်တော့ အများကြီး ဆုံးရှုံးနစ်နာတာတွေ့ရှိရတယ်။ ကျနော်တို့ စက်တင်ဘာလ ၈ ရက်ဆိုရင် ၂ လပြည့်ပြီ။
ဒီတစ်လခွဲ နှစ်လအတွင်းမှာ ဘာတွေဖြစ်ခဲ့လဲဆိုရင် ကျနော်တို့က အရင်တုန်းက ကီလို ၅၀ အိတ်၊ ဆန်အိတ်ရေ သုံးသောင်း လောက် နေ့စဉ် ပို့ရတယ်။ အခုပို့လို့ မရတော့ဘူး။ ဒီအတွက် ကျနော်တို့ ကုန်သည်တွေမှာလည်း နစ်နာ ဆုံးရှုံးမှုတွေ ဖြစ် တယ်။ နောက်ဘာတွေဖြစ်လဲရင် ဒီဆန်တွေကို ကျနော်တို့ ဂိုဒေါင် ပြန်ချရတယ်။ ကားခတွေ ကုန်တယ်။ ဂိုဒေါင်ခတွေ ကုန် တယ်။ ဒီအခက်အခဲတွေ တွေ့ရတယ်။
နောက်တစ်ခုက အဆိုးရွားဆုံး ခံလိုက်ရတာက ကျနော်တို့ကို မှီခိုပြီး လုပ်ကိုင် စားသောက်နေတဲ့ မူဆယ်မြို့မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ၆၀၀၀ (ခြောက်ထောင်) လောက်ရှိတယ်။ သူတို့က လုံးဝ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ စားဝတ်နေရေးကို အနိုင်နိုင် ဖြေရှင်းနေရတယ်။ သူတို့ကတော့ အဓိက နစ်နာကြတယ်။ ကျန်တာတွေကတော့ ဆန်တို့၊ ပဲတို့၊ ငရုတ်သီးတို့ ကြက်သွန်တို့ အခြားစသည်ဖြင့် ရေထွက်ပစ္စည်းတွေ သစ်သီးဝလံတို့ကအစ သွားလို့ မရတော့ဘူး။
မေး ။ ။ မူဆယ်နယ်စပ် ကုန်သွယ်ရေး ဘယ်တော့လောက် ဖွင့်မလဲရှင့်။ စက်တင်ဘာ ၁၀ ရက်နေ့လောက်ဖွင့်မယ်လို့ ကြား ရပါတယ် ဟုတ်ပါသလား။
ဖြေ ။ ။ ဒါတွေက ဘယ်တော့ ဖွင့်မလဲဆိုရင်တော့ နှစ်ဖက် တာဝန်ရှိသူတွေနဲ့ ကျနော်တို့ ညှိနှိုင်းလိုက်တော့ ခင်ဗျားတို့ မူဆယ် ၁၀၅ မိုင်မှာ ကုတင် ၁၀၀၀(တစ်ထောင်)ဆံ့တဲ့ ကိုဗစ်စင်တာကြီး ဖွင့်ပေးပါ။ ပြီးတော့ ၁၀၅ မိုင် မရောက်ခင်မှာ ဂိတ် တစ်ဂိတ် ဖွင့်ပေးပြီးတော့ ကားသမားတွေကို ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးပေးပါ။
ကိုဗစ်ရောဂါပိုးတွေ့ရင် ကိုဗစ်စင်တာမှာ ကုသ ပေးပါ။ မတွေ့ဘူးဆိုရင် ကားဆရာတွေကို ၁၀၅ မိုင်အထိ မောင်းနှင်ခွင့်ပြု မယ်။ ပြီးရင် ၁၀၅ မိုင်ကနေ ဒုတိယ ရှန်တိန်အဖြစ် ကျင်စန်းကျော့ ကားနားတဲ့ ကြားစခန်းမှာ သွားရမယ်။ အဲဒီကမှ တစ်ဆင့် ကုန်ချမယ်၊ တရုတ်က ကုန်ကားတွေက လာသယ်မယ်။ အဲဒီတော့ မြန်မာပြည်က ကုန်ကားတော့ တရုတ်ကို ဝင်စရာမရှိတော့ ဘူး။ တရုတ်က ကုန်ကားတွေကပဲ သူတို့ပစ္စည်းတွေ လာသယ်မယ်။ အဲလိုတော့ စီစဉ်ထားတယ်။
ကိုဗစ်စင်တာကလည်း ဘယ်လိုလဲဆိုတော့ အရှေ့မြောက်တံခါးနားမှာ နေရာ ပေးထားတယ်။ ယာဉ်စစ်တဲ့ ဂိုဒေါင်ကြီးတွေ ရှိ တယ်။ အဲဒီဂိုဒေါင်ကြီးတွေထဲမှာ အခုတော့ အမိုးတော့ရှိတယ်။ အကာတွေ ဘာတွေ မရှိတော့ အကာလုပ်ပေးပြီး ကုတင်တွေ ဘာတွေနဲ့ လုပ်တယ်။ နောက်ပြီးတော့ တရုတ်ကလည်း ဆေးဝါးပစ္စည်းတွေ ကူညီတယ်။ ကားတွေနဲ့ လာပို့ပေးတယ်။ ဒီအတွက် စက်တင်ဘာလ ၁၅ ရက်နေ့ မတိုင်ခင် အပြီးလုပ်ပေးပါတဲ့။ ဒါကြောင့် ၁၅ ရက်နေ့ မတိုင်မီတော့ ကိုဗစ်စင်တာကြီး က ပြီးသွားမယ်။ ကိုဗစ်စင်တာကြီး ပြီးသွားရင် နှစ်ဖက် တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးပြီးတော့ ကျင်စန်းကျော့ဂိတ်ကိုတော့ အရင်ဖွင့်မယ်လို့တော့ သတင်းရထာားပါတယ်။
မေး ။ ။ ပြန်ဖွင့်မယ့်အချိန်မှာ ကားတွေကို ရှန်တိန်စနစ်နဲ့ လဲလှယ် မောင်းနှင်ခွင့် ပေးမှာဆိုတော့လေ။ အခုပိတ်နေတဲ့ ဆန်နဲ့ ပဲမျိုးစုံတွေကို အရင်ကုန်သွယ်မှု ပေးပြီးတော့မှ တခြား ကုန်သွယ်မှုပစ္စည်းတွေကို ဘယ်လိုမျိုး လုပ်ပေးသွားမှာပါလဲ။
ဖြေ ။ ။ ဒီလိုတော့ စီစဉ်ထားတယ်။ ၁၀၅ မိုင် ကုန်စည်ဒိုင်ထဲမှာ ရှိတဲ့ ဆန်နဲ့ ပဲတွေနဲ့ မူဆယ်ဂိုဒေါင် အသီးသီးမှာရှိတဲ့ ကုန်တွေကိုလည်း ကားတွေနဲ့ တင်ပြီးတော့ သူတို့ကလည်း လမ်းကြောင်း တစ်ခု အနေနဲ့လာမယ်။ မြန်မာပြည် အောက်ပိုင်း က သယ်လာတဲ့ ဆန်ကွဲတို့၊ ပဲတို့၊ ပြောင်းတို့ကိုလည်း သူတို့က လမ်းကြောင်းတစ်ခုအနေနဲ့ မျှမျှတတ ချိန်ကိုက်ပြီးတော့ တရုတ်နိုင်ငံထဲ ၁၀၅ မိုင်ကနေ ထွက်ခွင့်ပြုမယ်လို့ စီစဉ်ထားပါတယ်။ မူဆယ်မှာ ချထားတဲ့ ကုန်ပစ္စည်းတွေလည်း မနစ်နာ အောင် ၁၀၅ မိုင်က ကုန်ပစ္စည်းတွေလည်း မနစ်နာအောင် ဆက်လက်ပြီး ကုန်စည်တွေ ပို့ဆောင်နိုင်အောင်တော့ စီစဉ်ထား ပါတယ်။
မေး ။ ။ ဆန်တို့ ၊ ဆန်ကွဲတို့က ဒီပိတ်ထားတဲ့ ကာလမှာ ဂိုဒေါင်တွေမှာ ချထားရတာ ဘယ်လောက် ပမာဏများများ ရှိနေပါသလဲ။
ဖြေ ။ ။ ပဲတော့ မသိဘူး။ ဆန်တော့ ပြောရမယ်ဆိုရင် အိတ်ရေ ခြောက်သိန်းလောက် ရှိတယ်။ ပဲမျိုးကျတော့ သိပ်မသိဘူး။ ဦးက ဆန်သမားဆိုတော့ ဆန်တော့ သိတယ်။ အခြားကုန်ပစ္စည်းတွေလည်း ရှိတယ်။ ကြက်သွန်တွေ ဘာတွေကျတော့ အထားမခံတော့ စောစောစီးစီး သူတို့က ရောင်းသင့်တာ ရောင်းပေါ့နော်။ ကြက်သွန်သမားတွေလည်း အရမ်းကို နစ်နာပါ တယ်။ ဒါတွေတော့ ရှိတယ်။
မေး ။ ။ ခုနက အန်ကယ်ပြောတဲ့အထဲမှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်ကို မှီခိုနေရတဲ့ လုပ်သားတွေ ၆၀၀၀ (ခြောက်ထောင်) လောက် အလုပ်လက်မဲ့ ဖြစ်တာရှိတယ်ပေါ့နော်။ လက်ရှိ လုပ်သားတွေရဲ့ အခြေအနေကရော ဘယ်လောက် ထိ ခက်ခဲနေလဲ၊ ဘယ်လို အခြေအနေရှိလဲ။
ဖြေ ။ ။ တချို့ဆိုရင် လနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်တာ မရပ်တည်နိုင်တော့ နေရပ်ဒေသကို ပြန်သွားတဲ့ သူတွေရှိတယ်။ တချို့ကလည်း ဒီမှာပေကပ်ပြီးတော့ နေရတာပေါ့လေ။ ရတဲ့ ဘေးက အလုပ်လေး ရှာကြံပြီးတော့ လုပ်စားနေရတာလေး ရှိတာပေါ့။ နေ့တိုင်းတော့ အလုပ်မဖြစ်ဘူးပေါ့။ အလုပ်ရတဲ့နေ့ လုပ်လိုက်၊ မရတဲ့နေ့ ပြန်လာလိုက်နဲ့ ဒီလိုပဲ ကျန်သေးတယ်။ မူဆယ်မှာရှိတဲ့ အလုပ်သမား တစ်ဝက်လောက်ကလည်း ကိုယ့်ဌာနေ ကိုယ်ပြန်သွားပြီ။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ဘာဖြစ်သွား လည်း ဆိုရင် ကိုဗစ်ကြောင့် ကျန်းမာရေး အ ခက်အခဲတွေ ကြုံတွေ့ရတာတွေလည်း ရှိတယ်။ သူတို့ကတော့ တော်တော်လေး အခက်အခဲဖြစ်နေပါတယ်။