၂၀၂၁ ခုနှစ်၊ ဩဂုတ် ၃၀
လက်ရှိအချိန်တွင် YBS ယာဉ်လိုင်းများအနေနှင့် ယာဉ်များ မောင်းနှင်ရာတွင် စပါယ်ယာများ တင်ဆောင်ခြင်း၊ ကိုဗစ်-၁၉ ကပ် ရောဂါကာလ ဖြစ်သော်လည်း နှာခေါင်းစည်း (Mask) မတပ်ဘဲ ယာဉ်စီးခ ကောက်ခံနေခြင်း၊ ယာဉ်စီးခများ ပိုမို တောင်းခံ ခြင်းနှင့် မီးနီများ ဖြတ်မောင်းခြင်း အစရှိသည့် ယာဉ်စည်းကမ်း ချိုးဖောက်မှုများကို တွေ့နေရသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် (Lian Cin Mang) ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ လက်ရှိ YBS တွေက ယာဉ်လိုင်း ဘယ်လောက်လောက် ပြေးဆွဲနေပြီးတော့ ပြည်သူတွေကို ဘယ်လို ဝန်ဆောင်မှု ပေးနေပါသလဲ။
ဖြေ ။ ။ ယာဉ်လိုင်းကတော့ ကျနော်တို့ အလုပ်ပိတ်ရက် မတိုင်ခင် ၁၆ ရက်နေ့လောက်အထိဆိုရင် ယာဉ်လိုင်းပေါင်း ၉၁ လိုင်းပြေးတယ်။ ယာဉ်အစီးရေ ၁၉၀၀ ကျော်လောက်ပြေးပြီးတော့ ခရီးသည်က ၃၀၀၀၀၀(သုံးသိန်း)ကျော်၊ ၃၅၀၀၀၀ (သုံးသိန်းခွဲ) လောက်ထိ ရှိပါတယ်။ ဇူလိုင်လဆန်းလောက်ကဆိုရင် ခရီးသည် ၄၅၀၀၀၀(လေးသိန်းခွဲ)ကနေ ၅၅၀၀၀၀ (ငါးသိန်းခွဲ) လောက်ထိ ပြေးဆွဲပေးတာ ရှိတယ်။ အလုပ် ပိတ်ရက်ဆိုရင် ဇူလိုင်လ ၁၇ ရက်က စပြီး ကိုဗစ်-၁၉ ကြောင့် အလုပ်စပိတ်တော့ စီးတဲ့အား ကျသွားပါတယ်။ ယာဉ်လိုင်း ၆၁ လိုင်းလောက်ပဲ ပြေးတယ်။ ယာဉ်အစီးရေကလည်း ၈၀၀ ကျော်လောက်ပဲ ပြေးတယ်။ ခရီးသည်ကလည်း ၁၀၀၀၀၀(တစ်သိန်း) လောက်ပဲ ရှိတယ်။
ဒီ ဩဂုတ်လဆန်းပိုင်းဆိုရင်တော့ ယာဉ်လိုင်းပေါင်း ၅၆ လိုင်း၊ ယာဉ်အစီးရေက ၁၀၀၀ ကျော်နဲ့ ခရီးသည်က ၁၁၀၀၀၀ (တစ်သိန်းတစ်သောင်း)လောက်ပဲ ရှိပါတယ်။ ဒီလိုမျိုး ပိတ်ရက်တွေ ကြာလာလို့ ထင်ပါတယ်။ မဖြစ်မနေ သွားလာဖို့ လိုအပ် မှုတွေ ပိုများလာတာပေါ့နော်။ နောက်ပိုင်းကျတော့ ဩဂုတ်လလယ်လောက်ဆိုရင် ယာဉ်လိုင်းပေါင်း ၈၀၊ ၉၀ လောက် ပြေး တယ်။ ယာဉ်အစီးရေကလည်း ၁၉၀၀ ကျော်လောက်နဲ့ ခရီးသည်ကလည်း ၂၃၀၀၀၀(နှစ်သိန်း သုံးသောင်း) ကျော် လောက် အထိ တက်လာပါတယ်။
ဩဂုတ် ၂၅ နဲ့ ၂၆ ရက်လောက်ဆိုရင် စီးတဲ့လူတွေက ပြန်တက်လာတယ်။ ယာဉ်လိုင်းပေါင်းကလည်း ၉၀ လောက်ပြေး လာ တယ်။ ယာဉ်အစီးရေကလည်း ၂၀၀၀(နှစ်ထောင်)ကျော်လာတယ်။ ခရီးသည်ကလည်း ၂၈၀၀၀၀(နှစ်သိန်းရှစ်သောင်း)၊ ၃၀၀၀၀၀(သုံးသိန်း) နီးပါးလောက်ထိ ပြန်တက်လာတယ်။ အဓိကတော့ ပထမ စပိတ်ပိတ်ချင်းတော့ နည်းတာပေါ့နော်။ ၁၀၀၀၀၀(တစ်သိန်း)လောက် အဲဒီကနေ တဖြေးဖြေး ပြန်များလာတယ်။ မဖြစ်မနေ သွားလာရတဲ့ သူတွေက များလာတာကိုး။ ပုံမှန်ကာလဆိုရင်တော့ ကိုဗစ်-၁၉ မဖြစ်ခင်ကဆိုရင် တစ်ရက်ကို ခရီးသည်က နှစ်သန်းနီးပါးရှိတယ်။ အဲလောက် ဝန်းကျင် လောက်မှာရှိတော့ နှိုင်းယှဉ်ရင်တော့ တော်တော် လျော့နည်းတာ တွေ့ရပါတယ်။
မေး ။ ။ YBS ယာဉ်လိုင်းတွေ ပြေးဆွဲနေမှုကို စည်းကမ်းထိန်းသိမ်းရေး အပိုင်းတွေမှာ YRTC အနေနဲ့ ဘယ်လိုမျိုး ကိုင်တွယ် ဆောင်ရွက်နေတာ ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ဆီမှာ စည်းကမ်းထိန်းသိမ်းရေးနဲ့ စစ်ဆေးရေးအဖွဲ့ဆိုတာ ရှိတယ်။ အဲဒီကနေပြီးတော့ ကျနော်တို့ စည်းကမ်းထိန်းသိမ်းရေးပိုင်းမှာ အဖွဲ့ဖွဲ့ပြီး စစ်ဆေးတာတွေ ရှိတယ်။ အခု အလုပ်ပိတ်ရက် မတိုင်ခင် အထိတော့ လုပ်ထား ပါတယ်။ ကျနော်တို့ စစ်ဆေးတဲ့ အပိုင်းတွေမှာပေါ့။ အခုဆိုရင် ယာဉ်စီးခ ပိုတောင်းတာတွေ ဘာတွေပေါ့။ အခုဩဂုတ်လ ပိုင်းမှာဆိုရင် ယာဉ်စီးခ ပိုမိုတောင်းခံမှု မရှိစေရေးအတွက် ပိုမိုကြပ်မတ် ဆောင်ရွက်သွားရန် ဆိုပြီးတော့ YBS ယာဉ်လိုင်းတွေ၊ ကုမ္ပဏီတွေ အားလုံးကို စာပို့ထားပါတယ်။ အဲဒီတော့ ဘယ်လိုထုတ်ထားလည်းဆိုရင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲ လျက်ရှိသော YBS ခရီးသည် ယာဉ်များသည် ရုံးပိတ်ရက်ရှည်များတွင် ပြေးဆွဲရသည့် ခရီးသွားပြည်သူလူထုထံမှ ပုံမှန်ယာဉ်စီး ခ ၂၀၀ ကျပ်အစား ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်အထိ တောင်းခံနေကြောင်း၊ ယာဉ်များပေါ်တွင် စပါယ်ယာများ လိုက်ပါပြီး မချေ မငံ ရိုင်းပြစွာ ဆက်ဆံလျက်ရှိကြောင်း လူမှုကွန်ယက်စာမျက်နှာများနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားမှုများ ရှိပါ တယ်။
သို့ဖြစ်ပါ၍ YBS ယာဉ်လိုင်း ကုမ္ပဏီများနဲ့ ပုဂ္ဂလိက ကြီးကြပ် ယာဉ်လိုင်းတာဝန်ခံများ အနေနဲ့ ယာဉ်စီးခ ပိုမိုကောက်ခံမှု မရှိ စေရေး၊ တာဝန်ရှိသူ အဆင့်ဆင့်မှ အထူးသတိပြု ကြပ်မတ်ဆောင်ရွက်သွားရန် ဆိုပြီးတော့ စာလည်း ထုတ်ထားပါတယ်။ ညွှန်ကြားချက်လည်း ထုတ်ထားပါတယ်။
မေး ။ ။ အခုက စာလည်း ထုတ်ထားတယ်ဆိုတော့ စည်းကမ်းသတ်မှတ်ချက်အနေနဲ့ ဘယ်လိုမျိုး ဖောက်ဖျက်တဲ့သူကို အရေးယူ ဆောင်ရွက်သွားမှာပါလဲ။ လက်ရှိမှာလည်း ယာဉ်ပေါ်မှာ စပါယ်ယာတွေ ပါနေတာတွေ့ရတယ်ပေါ့နော်။
ဖြေ ။ ။ ဟုတ်တယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်း တိုင်ကြားမှုတွေ ရှိတယ်။ တိုင်ကြားမှုတွေ စုစုပေါင်း ဇူလိုင်လအထိ ဆိုရင် ၂၀၃ ခုရှိတယ်။ ဆောင်ရွက်ပြီးစီးမှုက ၁၀၂ ခု၊ ကျန်တဲ့ဟာတွေလည်း ကျန်သေးတယ်။ တိုင်ကြားမှုဟာတွေတော့ ယာဉ်စီးခ ပိုကောက်တာတွေကိုတော့ ယာဉ်မောင်းကို ရက်သတ္တပတ် ၂ ပတ်ပိတ်တာတို့၊ တစ်လ ပိတ်တာတို့၊ တစ်ခါတစ်လေ ဆိုရင် နှစ်လအထိ ပိတ်တာတို့ လုပ်တယ်။ ဒဏ်ကြေးအနေနဲ့လည်း ကျပ် ၃၀၀၀၀(သုံးသောင်း)ကောက်တာတွေ ရှိပါတယ်။
မေး ။ ။ တချို့ YBS ကားတွေက မီးပွိုင့်တွေ ဖြတ်တဲ့အခါမှာ စည်းကမ်းပျက်ကွက်တာတွေ ရှိတယ်ပေါ့။ အခုက သူတို့ အနေနဲ့ ဘေး ဘယ်ညာ ကြည့်လိုက်တယ်။ ကားရှင်းတယ်ဆိုရင် မစောင့်တော့ပဲနဲ့ ကားကို ဒီအတိုင်းမောင်းသွားတာမျိုးတွေ ရှိတယ်ဆိုတော့ အန်ကယ်တို့ ဒါတွေကိုရော ဘယ်လိုမျိုး ဆောင်ရွက်နေတာ ရှိပါသလဲ။
ဖြေ ။ ။ အဲဒါတွေကတော့ ယာဉ်ထိန်းရဲ အပိုင်းပေါ့နော်။ ကျနော်တို့ ဒီဟာတွေကိုတော့ အရင်ကလည်း အရေးယူတဲ့ဟာ တွေ ရှိပါတယ်။ ဒါတွေက မလုပ်ရဘူး။ စည်းကမ်းနဲ့အညီ အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။ အခုကတော့ လုံခြုံရေး အခြေအနေအရ သော်လည်းကောင်း၊ အလုပ်ပိတ်ရက်တွေရဲ့ အခြေအနေအရ သော်လည်းကောင်း ဒါတွေကိုတော့ အလုပ် ပြန်ဖွင့်တဲ့အခါ၊ ရုံးပြန်ဖွင့်တဲ့အခါမှာ ဖိဖိစီးစီး ဆောင်ရွက်ဖို့ ရှိပါတယ်။ ကားမှတ်တိုင်တွေမှာ ကားစာရင်း အချိန်မှတ်ပြီး မောင်း တာတွေ၊ အကြာကြီးတွေရပ်ပြီး လုပ်တာတွေလည်း ဆက်အရေးယူဖို့ ရှိပါတယ်။
အခုက အလုပ်ပိတ်ရက်ဆိုတော့ ကျနော်တို့လည်း စစ်ဆေးတဲ့အဖွဲ့တွေကို မလွှတ်ထားဘူးပေါ့လေ။ ကျနော်တို့ အလုပ်ပိတ် ရက် ပြီးလို့ ပြန်တက်တဲ့ အချိန်ကျရင် ဒါတွေကို အဖွဲ့ဖွဲ့ စစ်ဆေးပြီး အရေးယူဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
မေး ။ ။ YBS ယာဉ်လိုင်းတွေနဲ့ ပတ်သက်ပြီးတော့ YRTC ကို ခရီးသွားပြည်သူတွေက တိုင်ကြားချင်တာမျိုးရှိရင် ဘယ်လို မျိုး ဆက်သွယ် တိုင်ကြားလို့ ရပါသလဲ။
ဖြေ ။ ။ တိုင်ကြားလို့ရတယ်။ ဖုန်းနံပါတ်တွေ ကျနော်တို့ ပေးလိုက်မယ်လေ။ YRTC call center phone နံပါတ်တွေ ပေးလိုက်မယ်။ ၀၉-၄၄၈၁၄၇၁၄၉၊ ၀၉-၄၄၈၁၄၇၁၅၃၊ ၀၉-၄၄၈၁၄၇၁၅၄ ဒီဖုန်းတွေကို ဆက်သွယ် တိုင်ကြားနိုင်ပါတယ်။
မေး ။ ။ လက်ရှိက အစိုးရ အပြောင်းအလဲတွေလည်းရှိတော့ ယာဉ်လိုင်းတွေကို ထိန်းသိမ်းကြီးကြပ်တဲ့နေရာမှာ စည်းကမ်း တကျဖြစ်ဖို့အတွက် YRTC အနေနဲ့ ဘယ်လိုမျိုး ထိန်းသိမ်းသွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့အဖွဲ့က ဖွဲ့စည်းပုံနဲ့ ဖွဲ့ထားတယ်။ အဲ့ဒါလည်း ကျလာပြီ။ အရင်တုန်းက YRTA မှာ အဲလိုဖွဲ့စည်းပုံလည်း မရှိဘူး။ အခု ဝန်ထမ်းတွေကိုလည်း ရန်ကုန်တိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့ရဲ့ ဖွဲ့စည်းပုံနဲ့ ကျနော်တို့ဆီမှာ ဖွဲ့ဖို့ ချပေးပါ တယ်။ အဲဒါကို ကျနော်တို့က ယခင်ထက်ပိုပြီးတော့ စနစ်တကျနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားဖို့ ရှိပါတယ်။
မေး ။ ။ ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသေးလားရှင့်။
ဖြေ ။ ။ YRTC အနေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ စနစ်တကျဖြစ်လာဖို့ ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်ဖို့ ကြိုးစားနေလျက်ရှိပါကြောင်း ကျနော်အနေနဲ့ တင်ပြချင်ပါတယ်။ ပြီးတော့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို စနစ်တကျ လိုက်နာပေးကြဖို့ တင်ပြချင်ပါတယ်။