CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၂
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ စစ်တပ်က မဲအငြင်းပွားမှု မဖြေရှင်းပေးသည်ဟုဆိုကာ NLD အစိုးရကို ဖြုတ်ချမှု မတိုင်ခင်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ သို့သော် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် တိုက်ပွဲများ ရပ်တန့်သွားခဲ့သလို ရခိုင်ပြည်နယ်သည်လည်း တည်ငြိမ် အေးချမ်းသွားခဲ့သည်။
ယခင်က ရခိုင်ပြည်နယ်သည် နိုင်ငံရေး-စစ်ရေး မတည်ငြိမ်ဖြစ်ကာ လူထုသည် ကျီးလန့်စာစား ဘဝများဖြင့် နေ့စဉ်ဖြတ်သန်းနေရသည့်တိုင်း ပြည်မနိုင်ငံရေးသည် တည်ငြိမ်အေးချမ်းခဲ့သည်။သို့သော် ဖေဖော်ဝါရီ ၁ ရက် နေ့ နောက်ပိုင်းမှာတော့ ပြောင်းပြန် ဖြစ်သွားခဲ့သလို AA ကို ဆန့်ကျင်၍ ဝေဖန်တိုက်ခိုက်ခဲ့သည့် ပြည်မရှိ လူထု သည် ယခုအခါ AA ကို ၎င်းတို့အား ကူညီ၍ စစ်တပ်ကို တိုက်ခိုက်ပေးရန် တောင်းဆိုလျက်ရှိနေသည်။
NLD အစိုးရ ဖြုတ်ချခံရပြီး အာဏာပြန်လည် ရရှိရေးအတွက် ကြိုးစားနေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း AA ကို ၎င်းတို့ဖြင့် ပူးပေါင်းရန် ဆွေးနွေးခဲ့သော်လည်း AA ဘက်က ပူးပေါင်းမှုမရှိပေ၊စစ်တပ် ကို အပြုတ်တိုက်၍ မြန်မာနိုင်ငံရှိ စနစ်အားလုံးကို ဖျက်စီးကာ အသစ်က စတင်ပြီး နိုင်ငံသစ်ကို ထူထောင်ရန် ကြိုးပမ်းမည်ဟု ဆိုထားသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ တပ်မှူးချုပ်လည်းဖြစ် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)ဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို CNI သတင်းဌာနက အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ သာလီစွပါ ဗိုလ်ချုပ်. အခုဆိုရင် ရခိုင်ပြည်နယ်မှာ ဗိုလ်ချုပ်တို့ တော်တော်လေး ထိန်းချုပ်ထား နိုင်တဲ့ အနေအထားမှာ တွေ့ရတယ်ပေါ့နော်။ တရားရေးမဏ္ဍိုင်တောင် မကြာခင်က ထူထောင်လိုက်တာတွေ့ ရတယ်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ဆောင်ရွက်နေတာလည်း တွေ့ရတယ်။ ဆိုတော့ ဗိုလ်ချုပ်တို့ ဒီလိုမျိုး အခြေ အနေ ဖြစ်တည်လာအောင် ဘယ်လိုမျိုး ဦးဆောင်မှုကို တည်ဆောက်လာခဲ့ရတာလဲ၊ ဘာကြောင့် ဒီလောက် အချိန်အတိုလေး အတွင်းမှာ ရခိုင်လူထုနဲ့ တစ်သားတည်း နီးပါးဖြစ်အောင် တည်ဆောက်နိုင်ခဲ့တာလဲ။
ဖြေ ။ ။ ကျနော်တို့ အခြေအနေကတော့ အချိန်တိုလို့တော့ ပြောလို့မရဘူးဗျာ။ ကျနော်တို့လည်း တည်ဆောက်လာတာ ၁၀ နှစ်လောက်ရှိပြီး။ ဒီကြားထဲမှာ ပြည်သူတွေ စည်းရုံးရေး၊ ထိုးဖောက်မှု၊ စုဖွဲ့မှုတွေ ကျနော်တို့ အများကြီး ကြိုးစားလာခဲ့ပါတယ်။ အခု အခြေအနေကလည်း ကျနော်တို့ အင်အား အတိုင်းအတာ တစ်ခုထိ ရှိလာတာ တစ်ပိုင်း၊ နောက်ပြီးမှ ပြင်ဆင်ထားတဲ့ အနေအထားနဲ့ စောင့်ဆိုင်းနေတဲ့ အခြေအနေတွေ တိုက်ဆိုင်လာတာနဲ့လည်း ထပ်တူဖြစ်ပါတယ်။
အဲဒါကြောင့် တည်ငြိမ်မှုကို အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းထားတယ်၊ တရားရေး လုပ်ငန်းတွေ ဆောင်ရွက် နေတာကတော့ တစ်နှစ်ဝန်းကျင်လောက်တော့ ရှိပြီး။ အခု ကြေညာတာကလည်း ကျနော်တို့ အခြေအနေတစ်ခု ရဲ့ လိုအပ်ချက်ထက်ကို တစ်ဆင့် တိုးပြီးမှ ဆောင်ရွက်ဖို့လိုလို့ ကြေညာရင် လူတွေက သိလာတာဖြစ်ပါတယ်။ ရခိုင်ပြည်တွင်းမှာတော့ လူအများကတော့ ဒီစနစ်နဲ့ နည်းနည်း ကျယ်ပြန့်ပြီးတော့မှ တဖြေးဖြေးလုပ်လာခဲ့တာ တော့ မကြာသေးလို့ပါ။
ကိုဗစ်ထိန်းချုပ်ရေးအနေနဲ့ကတော့ ကျနော်တို့အနေနဲ့ အများကြီးလုပ်နိုင်တာကတော့ မဟုတ်ပါဘူး၊ သို့သော် ဒီအခြေအနေမှာ ဒီအလုပ်တွေက လုပ်ကိုလုပ်ရမယ်ဆိုတဲ့ တာဝန် တစ်ရပ်လိုဖြစ်လာတော့ ကျနော်တို့က အကုန်လုံး လူတွေနဲ့ပူးပေါင်းပြီး လုပ်မယ်ဆိုတဲ့ မူဝါဒချထားပြီး ပြည်သူကို ကူညီဖို့ ကြိုးစားနေတာပေါ့။ အဲဒါပါပဲ ရိုးရိုးလေးပါ။
မေး ။ ။ အရင်က တပ်မတော်နဲ့ AA ကြားမှာ ၂၀၁၈ ကနေ တပ်မတော်အာဏာမသိမ်းခင်အထိ တိုက်ပွဲ တွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာ မရှိသလောက် ဖြစ်သွားတယ်ပေါ့လေ။ အဲမှာ ရခိုင်ပြည်နယ်ကို တည်ငြိမ်အောင် ဗိုလ်ချုပ်တို့လုပ်ထားနိုင်တယ်ပေါ့လေ။ ဒီလိုမျိုး အခြေအနေကို ဗိုလ်ချုပ် ဘယ်လိုမျိုး ဖန်တီး တည်ဆောက် ထားတာလဲ။
ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့ရဲ့ လမ်းစဉ်ပေါ့။ ရခိုင်ပြည်သူတွေ သွားချင်တဲ့ နေရာကို သွားသင့်တဲ့ လမ်းကြောင်းကို ကျနော်တို့က ဖောက်ပေးတာပေါ့။ ဆိုတော့ ပြည်သူနဲ့ကျနော်တို့ကြားမှာ ပူးပေါင်းဆောင်ရွက် မှုနဲ့ နားလည်မှုက တော်တော်လေး ခိုင်ခိုင်မာမာရှိပါတယ်။ အဲဒီအပိုင်းက အဓိက ဖြစ်လိမ့်မယ်။
နောက်တစ်ချက်ကတော့ ယာယီအပစ်အခတ်ရက်စဲရေးဆိုပေမယ့် အပစ်အခတ်တွေ မရှိဘူး၊ ထိန်းထားနိုင်တဲ့ အနေအထားနဲ့လည်း သက်ရောက်မှု အများကြီးရှိပါတယ်။ ဆိုလိုတာက ကျနော်တို့ တပ်ဖွဲ့ဝင်တွေရဲ့အမိန့် နာခံမှုပေါ့၊ အပေါ်က ညွှန်ကြားထားတဲ့ဟာတွေကို သေသေချာချာ လိုက်နာတဲ့အပိုင်းတွေလည်း ရှိတယ်။ ပုံမှန် စစ်သားတွေ စည်းကမ်းချိုးဖောက်မှုတွေတော့ ပုံမှန်အသေးစားတွေတော့ ရှိတယ်။ အဲဒါက တပ်တိုင်းမှာရှိတယ်။
အဓိကတော့ အမိန့်နာခံမှု ၊ ပြည်သူတွေနဲ့ ကျနော်တို့ကြားမှာ တသားတည်းကျအောင် စည်းရုံး တည်ဆောက် ထားနိုင်မှုတွေက ဒီအခြေအနေတွေကို ဦးတည်စေပါတယ်။
မေး ။ ။ ဒါဆို ဗိုလ်ချုပ်၊ စစ်တပ်နဲ့ ဗိုလ်ချုပ်တို့ကြားမှာ Gentlmen’s Agreement ပုံစံမျိုးနဲ့ တည် ဆောက်ထားတာလား၊ ဒါမှမဟုတ် စာချုပ် စာတမ်းနဲ့ လုပ်ထားတာလား၊ ဘယ်လိုပုံစံမျိုးတည်ဆောက်ထား တာလဲ။
ဖြေ ။ ။ စာချုပ်စာတမ်းမရှိပါဘူး၊ ကျနော်တို့က ပုံမှန် Online ကနေ ၂ လ တစ်ခါလောက်၊ ၃ လ တစ်ခါ လောက်မျိုးပေါ့လေ၊ တစ်ခေါက်တစ်ခေါက်ပေါ့လေ။ သူတို့(တပ်မတော်) က ကျနော်တို့လုပ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီး အခြေအနေတွေကို ပြောစရာရှိရင်လည်း ပြောတာပေါ့၊ သဘောက သူတို့ မကြိုက်တာဆိုရင် လည်း ကန့်ကွက်တာပေါ့။ နောက်ပြီးတော့ ယုံကြည်မှု တည်ဆောက်မယ်ဆိုတဲ့ အပိုင်းနဲ့ ပြောဆိုတာလည်း ရှိပါတယ်။ ကတိကဝတ်လို ပုံစံမျိုးတော့ မဟုတ်ပါဘူး၊ အပစ်အခတ် ရပ်စဲလိုက်တယ်ဆိုတဲ့ ပုံစံမျိုးပဲ၊ အဲဒီ အတိုင်းအတာပဲ ရှိပါတယ်။
မေး ။ ။ ဟုတ်ကဲ့ပါ အခုဆိုရင် စစ်တပ်ကို အပြုတ်တိုက်ရေးဆိုပြီးတော့ ကြိုးပမ်းနေကြတဲ့ အင်အားစု တွေလည်း ရှိတာပေါ့နော်။ ဒီထဲမှာ AA ကို NUG ကနေ ပါဝင်လာဖို့ ကမ်းလှမ်းတာတွေလည်း ရှိခဲ့တယ်ပေါ့လေ၊ ဒါပေမယ့် AA က မပါဝင်ခဲ့ဘဲနဲ့ ကိုယ့်နည်း ကိုယ့်လမ်းကြောင်းနဲ့ပဲ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်လူထု တည်ငြိမ် အေးချမ်းရေးကို ဆောင်ရွက်နေတယ်ပေါ့။ အဓိက မေးချင်တာကတော့ NUG ရဲ့ ကမ်းလှမ်းချက်ကို AA အနေနဲ့ပေါ့လေ၊ လက်မခံခဲ့တာ ဘယ်လိုကြောင့်လဲ။ မူဝါဒနဲ့ရည်မှန်းချက်တွေ မတူညီလို့လား။
ဖြေ ။ ။ ကျနော်တို့ရဲ့ မူဝါဒ လမ်းစဉ်နဲ့ အမျိုးသား အကျိုးစီးပွား အစစအရာရာကို ချင့်ချိန်ပြီးမှ ကျနော် တို့ အဲ့ဒီမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့က NUG မှာ မပါဝင်သော်လည်းဘဲ သူတို့ကို ရန်သူလိုတော့ သဘောမထား ပါဘူး၊ ကျနော်တို့က သူတို့ကို အစစအရာရာ ချင့်ချိန်တယ်ဆိုတာက NUG ရဲ့ လာရာ လမ်း ကြောင်း၊ သူရဲ့ ရပ်တည်ချက်၊ နောက်သူသွားချင်တဲ့ နေရာပေါ့။ ကျနော်တို့က ချိန်ဆ ကြည့်တာပေါ့။
ဒီကြားထဲမှာ ကျနော်တို့ရဲ့ ရက္ခိတလမ်းစဉ် ရခိုင်နိုင်ငံရေး၊ အမျိုးသားရေး ဝါဒပေါ့၊ ကျနော်တို့ မျှော်မှန်းထားတဲ့ ပန်းတိုင်၊ ဒါတွေကို ချိန်ဆပြီးတော့ ဆုံးဖြတ်ပြီး လုပ်ကိုင်တာဖြစ်ပါတယ်။ ကျနော်တို့ အမျိုးသားအကျိုးစီးပွားနဲ့ strategic autonomy focus(မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ရေး အာရုံစိုက်ထားမှု) လုပ်တာပေါ့၊ ကျနော်တို့ အမျိုးသားအကျိုးစီးပွားနဲ့ သင့်တော်တဲ့ ရေရှည်လုပ် ဆောင်ချက်တွေကို ကျနော်တို့က လွတ်လွတ် လပ်လပ် လုပ်ဆောင်ဖို့လိုတယ်။ UNG မှာ မပါဝင်ပေမယ့် ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ လက်တွဲပြီးမှ ကျနော် တို့ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကို ပူးပေါင်းဆောင်ရွက်လျက်ရှိနေတုန်းပါပဲ။
စောစောက မေးခွန်းမှာပါတဲ့ အပြုတ်တိုက်ရေးဆိုတဲ့ ကိစ္စကတော့ တော်တော်လေး အရည်အချင်းရှိမှ ဖြစ်နိုင် မယ့် အနေအထားတစ်ခုလို့ ကျနော်မြင်တယ်၊ တော်တော်လေး အရည်အချင်းရှိပြီးမှ လုပ်ဆောင်နိုင်မယ့် အရာ တစ်ခုလို့တော့ ကျနော်မြင်တယ်။ ဒါက လွယ်တဲ့ အလုပ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုပြီး တော့လည်း မပြောလိုပါဘူး။
ဒီကိစ္စက ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့လည်း အခြေအနေကို စောင့်ကြည့် တာပေါ့၊ ဒီအခြေအနေကို ထိန်းကျောင်းပြီးမှ ငြိမ်သွားမလားဆိုပြီးတော့ပေါ့။ မြန်မာပြည်သူတွေရဲ့ တကယ့် ပြင်း ပြတဲ့ လှုပ်ရှားမှုတွေ၊ တကယ့် စွန့်စားမှုတွေကို ကျနော်တို့လည်း မြင်ရတော့ တော်တော်အံ့သြသင့်မိတာပေါ့။ ဆိုတော့ အခြေအနေတွေ ဆိုးဆိုးရွားရွားတော့ ဖြစ်လာခဲ့ပြီး ဒါပေမယ့် ဆိုးရွားတဲ့ အခြေအနေတိုင်းမှာ အခွင့် အလမ်းတွေတော့ ရှိပါတယ်ပေါ့။ ဒီဟာတွေကို မထိုးဖောက်နိုင်ရင်တော့ ဒီသံသရာထဲမှာပဲ တဝဲဝဲလည်နေမှာ ပေါ့လေ၊ ကျနော်တို့လည်း ကျနော်တို့ အကျိုးစီးပွားနဲ့ကိုက်ညီမယ့် လမ်းကိုရွေးတာပဲ ဖြစ်ပါတယ်။
မေး ။ ။ NUG ကတော့ အပြုတ်တိုက်ရေးလို့ ကြွေးကြော်ထားတာပေါ့လေ၊ UNG ရဲ့ အခြေအနေနဲ့ ဒီဘက် စစ်တပ်ကို အပြုတ်တိုက်ရေး အခြေအနေမှာရော ဗိုလ်ချုပ် ဘယ်လိုသုံးသပ်မိလဲ၊ ဗိုလ်ချုပ်ပြောသလို ပေါ့ NUG ရဲ့လားရာနဲ့ သူ့ရဲ့ ရည်ရွယ်ချက်အပေါ်မှာရော ဘယ်လိုသုံးသပ်မိလဲ။
ဖြေ ။ ။ ဒါကတော့ ကျနော်တို့ရဲ့ ကိုယ်တွေ့ ဖြစ်စဉ်ပေါ့၊ NUG မဖြစ်လာခင် ဒါက NLD အစိုးရပဲလေ။ လွန်ခဲ့တဲ့ တစ်နှစ် နှစ်ပတ်လည် အခြေအနေလောက်ပဲ ပြန်ကြည့်ရင် ရတယ်။ ဒီလို အခြေအနေမှာ ကျနော်တို့ ရခိုင်ပြည်သူတွေကို တိုက်ခိုက်တဲ့အချိန်ပေါ့နော်။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ဘယ်လို အနေအထား ရှိခဲ့လဲပေါ့။
စစ်တပ်နဲ့ ကျနော်တို့ တိုက်နေတဲ့အချိန် NLD အစိုးရကနေ အမိန့်ပေးနေတယ်၊ ထောက်ခံသူတွေကလည်း ကျနော်တို့ကို ဝိုင်းပြီးတိုက်ခဲ့တယ်၊ ကျဉ်းထဲကျပ်ထဲရောက်အောင် တွန်းပို့နေတဲ့ အခြေအနေတစ်ခုပဲ၊ ဒါပေမယ့် ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာ အခြေအနေတွေက အကုန်ပြောင်းလဲသွားတယ်၊ ပြီးရင် သူတို့က အနာဂတ် အတွက် ပုံဖော်ဖို့ ကြိုးစားတာပေါ့။ ဒီလို အခြေအနေမှာ ကျနော်တို့က လတ်တလော အခြေအနေ တစ်ခုထဲကို ကြည့်ပြီးမှ အကုန်လုံးကို ရောထွေးပြီးတော့ မစဉ်းစားဘူး။
ဒီမှာ သင်ခန်းစာ ယူစရာလည်း ရှိတယ်၊ သတိထားပြီးတော့ ကိုင်တွယ်စရာလိုတာတွေလည်း အများကြီး ရှိ တယ်။ မကျေနပ်ချက်ကို အတင်းပြန်ပြောတာ နာစရာကို ပြန်ပြီးတော့ ပြောတာတော့ မဟုတ်ပါဘူး။ ဥပမာ ပြောမယ်ဆိုရင် ဗိုလ်အိမ်က ကျားကြီးတစ်ကောင်က ရပ်ကွက်ထဲက လူဆိုးတွေကို လိုက်ကိုက်နေတဲ့ အချိန်မှာ ဒါက သူရဲကောင်း ကျားကြီးပေါ့။ ဒီကျားကြီးမရှိရင် ဘာဖြစ်သွားမလဲပေါ့၊ ပြည်ထောင်စု ကာကွယ်သူပေါ့။ ကိုယ့် အလှည့်ရောက်တော့ ကျားဆိုးကြီးမှန်း သိသွားတဲ့အခါကျတော့ ခါးသီးစရာအမှန်တရားကြီး တစ်ခုပေါ့။ ဒီလိုမျိုး အခြေအနေ ဖြစ်တယ် ကျနော်တို့ နိုင်ငံက။
ဒီနိုင်ငံရဲ့ အခြေအနေက နဂိုကတည်းကလည်း ကောင်းနေတာတော့ မဟုတ်ဘူး၊ အာဏာသိမ်းလိုက်တော့ ပိုဆိုးသွားတာပေါ့၊ အမှောင်ထဲကို ရောက်သွားတယ်၊ အခုဆို ကိုဗစ်ရောဂါလည်း ဖိစီးတယ်။ တခြားတခြားပေါ့ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ပြဿနာတွေတော့ အများကြီးတက်လာတာပေါ့။ ကျနော် စောစောကပြောသလိုပဲ အဆိုးဆုံးလို့ ပြောပေမယ့်လည်း အဆိုးဆုံးထဲကနေ အကောင်းဆုံးကို ရအောင်တော့ ထိုးဖောက်နိုင်မယ်ဆိုရင် အကောင်းဆုံးကိုလည်း ပြောင်းလဲသွားနိုင်ပါတယ်။
NUG ရဲ့ စောစောကပြောသလို တကယ်ပဲ သူလမ်းကြောင်းအမှန်ကို ဆက်ပြီးလုပ်မယ်ဆိုရင်တော့ မြန်မာပြည် သူတွေ လိုလားတောင့်တနေတဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံလည်း ရောက်ချင်လည်း ရောက်လာနိုင်တာပဲ လေ။
မေး ။ ။ အခုဆို ကျနော်တို့ နိုင်ငံက နိုင်ငံရေး အကျပ်အတည်းက တော်တော်လေး ဆိုးဝါးလာနေတယ်၊ တချို့ကလည်း ဒုတိယ ဆီးရီးယားဖြစ်နိုင်တယ်ပေါ့၊ တချို့ကလည်း ဒုတိယအာဖဂန်နစ္စတန်ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတယ်။ ဒီအပေါ်မှာရော ဗိုလ်ချုပ် အနေနဲ့ ဘယ်လိုသုံးသပ်မိလဲ။ မြန်မာနိုင်ငံကြုံတွေ့နေရတဲ့ နိုင်ငံ ရေး အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် မဟာဗျူဟာများ ဗိုလ်ချုပ်မှာ တွေ့မိတာရှိသလား။
ဖြေ ။ ။ ကျနော်က အဲ့လောက်ထိ ဉာဏ်ကြီးရှင်တော့ မဟုတ်ပါဘူးဗျာ၊ ဒီပြဿနာကို ဖြေရှင်းမယ်ဆိုရင် တော့ အကောင်းဆုံး နည်းလမ်းကတော့ ငြိမ်ချမ်းစွာ ဖြေရှင်းတဲ့ နည်းလမ်းက အကောင်းဆုံးပဲ၊ ဒါပေမယ့် ဒီလို အခြေအနေမှာ ဒါကလက်ခံနိုင်ကြမှာ မဟုတ်ဘူးပေါ့၊ ဆေးခါးကြီးလိုပဲ။ ဒါကြောင့် ဒါကို အပြုတ်ချကျမယ်ဆိုရင် တော့ ဒီအခက်အခဲတွေကို ဖြတ်သန်းရမှာပဲ၊ ဒီအခက်အခဲတွေကို ဖြတ်သန်းဖို့ကတော့ စနစ်ကျတဲ့ ဦးဆောင်မှု တို့၊ စုစည်းညီညွတ်မှုတို့ အဲတာတွေ ပြင်ဆင်ပြီးမှပဲ ဒီအခက်အခဲတွေကို ဖြတ်သန်းကျော်လွှားနိုင်မယ်။
ဒါကတော့ လူတိုင်း ပြောဆိုနေကြတဲ့ အပြုတ်တိုက်ပြီး အကုန်လုံး ပြောင်းလဲမယ်ဆိုတာကတော့ တော်တော် တော့ ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းရလိမ့်မယ်။ ဒါမဖြစ်နိုင်တာတော့ မရှိပါဘူး၊ ကျနော်က တော်လှန်ရေးသမားဆို တော့ တော်လှန်ရေးကိုတော့ ယုံကြည်ပါတယ်။ သို့သော်လည်း သွေးထွက်သံယိုနည်းတဲ့ လမ်းကိုရွေးမလား၊ ဒီဘက်ကနေ လုံးဝ အပြုတ်ချတဲ့လမ်းကို ရွေးမလားဆိုတာတော့ မြန်မာပြည်သူတွေ ရွေးချယ်တဲ့အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။
မေး ။ ။ နစက နဲ့ NUG ဟာ အခုဆိုရင် ကုလသမဂ္ဂမှာ ကိုယ်စားလှယ် ခန့်အပ်ခွင့် ရရှိနိုင်ရေးနဲ့ ပတ် သက်ပြီး အကြိတ်အနယ် ကြိုးပမ်းနေကြတာရှိတယ်။ ပြည်တွင်းမှာလည်း တစ်ဖက်နဲ့တစ်ဖက် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြတာ ရှိတယ်။ ဆိုတော့ ဒီအခင်းအကျင်းကြီးက ဘယ်လိုပုံစံနဲ့ ဆက်သွားနေနိုင်သလဲပေါ့၊ ကမ္ဘာ့ နိုင်ငံတွေကရော ဒီအခင်းအကျင်းထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်လာနိုင်ခြေ ရှိလဲပေါ့။
ဖြေ ။ ။ ဒါလည်း စိတ်ဝင်စားစရာ နိုင်ငံတကာ အခင်းအကျင်းမှာ နိုင်ငံရေး အားပြိုင်မှု တစ်ခုပါပဲ၊ ပုံမှန် အားဖြင့်တော့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ လုပ်ပုံ ကိုင်ပုံက အားတော့ အားပေးတယ်၊ ဒါပေမယ့် အရေးကြုံ လာတဲ့အခါတိုင်းမှာ ဝမ်းနည်းပါတယ်၊ စိတ်မကောင်းပါဘူး၊ ရှုံ့ချပါတယ်ဆိုပြီး ကြေညာချက် တစ်စောင်နဲ့ပဲ နိဂုံး ချုပ်သွားတာ များတယ်။
ဒီအခြေအနေမှာလည်း အရမ်းစိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတယ်။ ကျနော့်ရဲ့ ခန့်မှန်းချက်ကတော့ ၄၀/၆၀ လောက်လို့ ခန့်မှန်းတယ်။ သေသေချာချာတော့ မပြောနိုင်ဘူး။ ၄၀/၆၀ ဆိုတာက နိုင်ငံရဲ့ အရင်းအမြစ်တွေနဲ့ တကယ့် ရုပ်ပိုင်းဆိုင်ရာတွေကို ထိန်းချုပ်ထားတဲ့ အခြမ်းမှာ ၆၀ (ရာခိုင်နှုန်း)လောက်ရှိပြီးမှ တစ်ဖက်က တော် လှန်ဖို့ ကြိုးစားနေတဲ့ဘက်က ၄၀ (ရာခိုင်နှုန်း)လောက်ပဲ ရှိတယ်လို့ မြင်ပါတယ်။ ဒါကတော့ ကိုယ့်နေရာကနေ ချိန်ဆပြီးတော့ ခန့်မှန်းကြည့်တာပါ။
မေး ။ ။ နောက်ဆုံး မေးချင်တာကတော့ ဗိုလ်ချုပ်တို့ ရည်မှန်းချက်က ကွန်ဖက်ဒေးရှင်း သို့မဟုတ် “ဝ” လို အခြေအနေမျိုးပေါ့လေ၊ ဆိုတော့ ဗိုလ်ချုပ်တို့ ရည်မှန်းချက်အတိုင်းဆိုရင် လက်ရှိ အခင်းအကျင်း နိုင်ငံရေး အကျပ်အတည်းအရဆိုရင် ဘယ်လိုပုံစံမျိုးဖော်ဆောင်မလဲ၊ ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ဆို ရင် စစ်တပ်ဘက်က ပိုပြီး လိုက်လျောပေးနိုင်တဲ့ အခင်းအကျင်းရှိသလား သို့မဟုတ် NUG ဘက်က ပိုပြီးလိုက် လျောပေးနိုင်တဲ့ အခင်းအကျင်းရှိသလား ဒါမှမဟုတ် ကိုယ်တိုင်လုပ်ယူမှ ရနိုင်မယ်လို့ မြင်သလား။ ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အတွေးအခေါ်အပေါ့။ သူ့ရဲ့ လမ်းကြောင်းအရဆိုရင် ဖက်ဒရယ်ဒီမိုကရေစီလို့ပဲ ပြောနေကြတာ ကျနော်တို့က ရခိုင်အမျိုးသားရေး လက္ခာနဲ့ သမိုင်းကြောင်းနဲ့ သူ့ရဲ့ မျှော်မှန်းချက်နဲ့ ကိုက်ညီတဲ့ နိုင်ငံရေးအဆင့်အတန်းကို ကျနော်တို့က ပြောနေတာ ဖြစ်တယ်။ သူတို့ ပြောနေ တာနဲ့ ကျနော်တို့လိုချင်တဲ့ဟာက အန်ဝင်ဂွင်ကျတော့ မဖြစ်ဘူးပေါ့။ ဒီအပေါ်မှာ မြန်မာ့တပ်မတော်ဘက်က လည်း ဒါကို ပေးလာမှာလည်း မဟုတ်ဘူး။ ပေးလည်းမပေးနိုင်ပါဘူး။
NUG ဘက်ကလည်း တကယ်တမ်းသာ သူအစိုးရနေရာမှာ အာဏာရနေဦးမယ်ဆိုရင် ဒီ Position မှာပဲ ပြောပါလိမ့်မယ်။ ဒါကြောင့် ဒီကိစ္စက ကျနော်တို့ကလည်း ဘယ်သူ့ဆီကမှ တောင်းနေမှာ မဟုတ်ပါဘူး၊ ကိုယ့် ဘာသာ ကိုယ့်စွမ်းအားနဲ့ကိုယ် တည်ဆောက်ပြီးသွားမှာပါ။
အစပိုင်းမှာတော့ ဒါကို လူရဲ့သဘော သဘာဝအရ အတွေးအခေါ် အသစ်လို့ ထင်မှာပဲလေ၊ လက်ခံနိုင်ကြမှာ မဟုတ်ဘူး။ တကယ်ဆိုရင် ဒါက ကျနော်တို့ ရသင့်ရထိုက်တဲ့ ကျနော်တို့ရဲ့နေရာမှန်ကို ရအောင် လုပ်ဖို့က ကျနော်တို့ရဲ့တာဝန် ကျနော်တို့ရဲ့ အလုပ်ပါပဲ။ဒါလိုပဲ ကျနော် ခံယူထားပါတယ်။
မေး ။ ။ ကျနော် မေးတာတွေနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ ။ ။ မြန်မာပြည်သူတွေကို စည်းစည်းလုံးလုံးနဲ့ ငြိမ်းချမ်းတိုးတက်တဲ့ ဘဝနဲ့ မြင်ချင်ပါတယ်၊ ဒါပေမယ့် အဲဒါကို ရောက်ဖို့ဆိုရင်တော့ အများကြီး ကြိုးစားရဦးမယ်ပေါ့လေ။ အကုန်လုံး ကံကောင်းကျ ပါစေပေါ့။ ကျေးဇူးတင်ပါတယ်။
#ဗိုလ်ချုပ် #ထွန်းမြတ်နိုင် #AA #NUG #တပ်မတော် #ရခိုင်နိုင်ငံရေး #ပြည်မနိုင်ငံရေး #မြန်မာနိုင်ငံ #အပြုတ်တိုက်ရေး #အင်တာဗျူး #အတွေးအမြင် #နိုင်ငံတကာ #တိုက်ပွဲ #CNImyanmar #cninews #ChannelNewsIndependent