CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၉
သမ္မတဟောင်းဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်၊သြဂုတ် ၁၈ ရက်က တစ်နိုင်ငံလုံးသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းခဲ့သည်။ ထို့နောက် တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်- ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး (Bilateral) ရေးထိုးနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် တိုင်းရင်းသား လက်နက်ကိုင် (၈)ဖြင့် လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်နိုင်ခဲ့သည်။ ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပ ကာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထံသို့ အစိုးရတာဝန်များ လွှဲအပ်ပေးခဲ့သလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လွှဲအပ်ပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ သို့သော် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပြန်လည်အနိုင် ရရှိခဲ့သော်လည်း မဲစာရင်း အငြင်း ပွားမှုကို ဖြေရှင်းပေးရန် တပ်မတော်က တင်ပြ တောင်းဆိုခဲ့သော်လည်း ဖြေရှင်းမပေးဘဲ လွှတ်တော်ခေါ် အစိုးရဖွဲ့စည်း နိုင်ရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာရယူလိုက်သည်။
ထို့ကြောင့် လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်က နိုင်ငံတော် အာဏာကို ရယူလိုက် သည့်ကာလ သြဂုတ် ၁၈ ရက်တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ၁၀ နှစ်ပြည့်ခဲ့ပြီး ဖြစ်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မည်သို့ ဖြစ်တည်နေသလဲဆိုသည့်အပေါ် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူများကို CNI သတင်းဌာနက ဆက်သွယ်၍ မေးမြန်းထားပါသည်။
ပဒိုစောတောနီး
နိုင်ငံခြားရေးတာ၀န်ခံ၊ ကရင်အမျိုးသားအစည်းအရုံး-KNU
မေး ။ ။ ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၈ ရက်က ဦးသိန်းစိန်အစိုးရကနေပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကို ကမ်းလှမ်းခဲ့တယ်။ အခုဆို ၁၀ နှစ်ပြည့်ပြီ ပေါ့ လေ။ ဆိုတော့ ဦးသိန်းစိန်အစိုးရတုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လောက်တိုးတက်ခဲ့လဲ။ ဘယ်အတိုင်း အတာအထိ လုပ်ဆောင်နိုင်ခဲ့လဲ။
ဖြေ ။ ။ အဲတာကတော့ ပြောရမယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင် ရုန်းကန်လာတဲ့ တစ်လျှောက်လုံးမှာ တော့ ဒီလိုမျိုး ဆွေးနွေးခဲ့တာတော့ မရှိဘူးပေါ့။ ပထမဦးဆုံးအကြိမ်လို့ ပြောမယ်ဆိုရင်တော့ ပြောလို့ရတာပေါ့။ မတူညီ ကွဲပြားနေတဲ့ အနေအထား တစ်ခုကနေပြီးတော့ ကျနော်တို့ ဒီလိုထိုင်ပြီး ဆွေးနွေးနိုင်တဲ့ အနေအထား တစ်ခုကို ရောက်လာတယ်။ အောင်မြင်တယ် မအောင်မြင်တယ်ကတော့ တစ်ပိုင်းပေါ့လေ။
ဒီလို အခင်းအကျင်းမျိုးကတော့ လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းဘဲနဲ့ ငြိမ်းချမ်းစွာ နိုင်ငံရေးပြဿနာကို ဖြေ ရှင်း မယ်ဆိုတဲ့ အနေအထား တစ်ခုကို ဒါဟာစနိုင်တဲ့ အနေအထားလေးမှာပဲ ရှိနေတာ။
ပုံ-သမ္မတဟောင်း ဦးသိန်းစိန်ကို တွေ့ရစဉ်
မေး ။ ။ NLD အစိုးရ လက်ထက်မှာရော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်လောက်တိုးတက်ခဲ့လဲ။ ဘယ် အတိုင်းအတာအထိ လုပ်ဆောင်နိုင်ခဲ့လဲ။
ဖြေ ။ ။ ဦးသိန်းစိန်ကာလမှာတော့ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး ကာလတစ်ခုတော့ ကျနော်တို့ လက်မှတ်ထိုးနိုင်ခဲ့တယ်။ သို့သော်ငြားလည်းပဲ အပစ်အခတ်ရပ်စဲရေးထဲမှာ ဘာတွေ ပြဿနာဆက်ပါလာသလဲ ဆိုတော့ လက်မှတ်ထိုးပြီးတဲ့နောက်မှာ အကောင်အထည်ဖော်ရေးပိုင်းမှာ ကျနော်တို့ အများကြီး လုပ်ဆောင် စရာလေး တွေက လစ်ဟာမှုရှိခဲ့ပါတယ်။
ဒါကြောင့်မို့ ဦးသိန်းစိန် ကာလပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရတက်လာတဲ့ အခါကြတော့ ကျနော်တို့မှာ လက်မှတ်ထိုးထားတဲ့ အပိုင်းကနေပြီးတော့ ထိုးထားတဲ့ အချက်အလက်ပေါ် မူတည် ပြီးတော့ အကောင်အထည်ဖော်မှု အပိုင်းတွေ အများကြီးရှိလာပါတယ်။ လက်မှတ်ထိုးတာကတော့ သမ္မတ ဦးသိန်းစိန်ခေတ်မှာပေါ့နော်။
သို့သော်ငြားလည်းပဲ အကောင်အထည်ဖော်တဲ့ အချိန်ကာလ NLD အစိုးရတက်လာတဲ့အခါကြတော့ အဆင် မပြေမှုတွေ အများကြီး တွေ့မြင်ရပါတယ်။ အထူးသဖြင့် အကောင်အထည်ဖော်မှုပိုင်းမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စ တွေ၊ နိုင်ငံရေးပိုင်းဆိုင်ရာ ကိစ္စတွေလည်း အများကြီး ပြဿနာရှိပါတယ်။ အထူးသဖြင့် တစ်ပြည်လုံး အပစ်ခတ် ရပ်စဲရေးမှာရှိတဲ့ အချက်တွေက တပ်ပိုင်းဆိုင်ရာရယ်၊ နိုင်ငံရေးရယ် နောက်ပြီးတော့ ကြားကာလ စီမံခန့်ခွဲမှုက အဲတာတွေ အကုန်လုံးပြောရရင် အကောင်အထည်ဖော်နိုင်တာ မရှိပါဘူး။ ဆွေးတော့ ဆွေးနွေးကြပါတယ် သို့သော်လည်း အောင်မြင်တယ်လို့ ပြောလို့မရပါဘူး။
ပုံ-ပင်လုံညီလာခံတွင် တွေ့ရသော ငြိမ်းချမ်းရေးဖော်ဆောင်သည့် ခေါင်းဆောင်များကိုတွေ့ရစဉ်(NCA-S EAO/fb)
မေး ။ ။ အခုလက်ရှိမှာရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လိုအခြေအနေဖြစ်နေပြီလဲ။
ဖြေ ။ ။ အခုအခြေအနေကတော့ အားလုံးသိတဲ့ အတိုင်းပေါ့နော်။ ကျနော်တို့ တော်လှန်ရေးကာလ သမိုင်း တလျှောက် နှစ်ပေါင်း ၆၀၊ ၇၀ မှာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ အစိုးရနှစ် ဆက်မှာ ကျနော်တို့ ကြိုးစားခဲ့တယ်။ တတ်နိုင်သလောက်ကြိုးစားခဲ့တယ်။
ဟိုးအရင်ကလည်း သိတဲ့အတိုင်းဘဲ ကျနော်တို့ တော်လှန်ရေးက ဘာကို ဆန့်ကျင်သလဲဆိုတော့ မဟာလူမျိုးကြီး ဝါဒရယ်၊ စစ်အာဏာရှင် ဘယ်အာဏာရှင်ဖြစ်ဖြစ် ကျနော်တို့က ဆန့်ကျင်မှာ။ အဲတာကြောင့်မို့ ဒီခက်ခဲနေတဲ့ ဒီယုံကြည်မှု ကင်းမဲ့နေတဲ့ အနေအထားကနေ ကြိုးစားခဲ့သော်ငြားလဲ အခုက ပြန်ပြီးတော့ ရှင်းရှင်းပြောရရင် ကျနော်တို့ ကြိုးစားထားသမျှ အကုန်လုံး ဆန့်ကျင်ပြီးတော့ ရထားတဲ့ သဘောတူညီချက်တွေ ရှိစုမဲ့စု ရှိထားခဲ့တဲ့ ယုံကြည်မှုလေးတွေက မြောင်းထဲ ကန်ချခံရတယ်လို့ဘဲ ခံစားရတယ်။
အဲတာကြောင့်မို့လည်း ဒီစစ်အာဏာသိမ်းတာကို ကျနော်တို့ လုံးလုံးဆန့်ကျင်တယ်။ လက်လည်း လက်မခံနိုင် ဘူး။ ဒီအချိန် ဒီကာလမှာတော့ ငြိမ်းချမ်ရေးဆိုတာ ဘယ်လိုမှ ဆွေးနွေးလို့ မရဘူး။ ကျနော်တို့က ဒီအကြမ်းဖက် တဲ့ နည်းနဲ့ ပြဿနာကို ဖြေရှင်းတဲ့ လူတွေနဲ့ ရင်ဆိုင်လို့မရပါဘူး။ ရင်ဆိုင်လို့ မရဘူးဆိုတာက စားပွဲဝိုင်းထဲ တွေ့ဆုံ ဆွေးနွေးတာကို ပြောတာပါ။
ကျနော်တို့က ရှိတဲ့ အင်အားနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပြည်သူလူထုနဲ့ ပူပေါင်းသွားပြီး အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ အခုလည်း လုပ်နေပါတယ်လို့။ ဒါကြောင့်မို့လို့ ကျနော်တို့ စစ်အာဏာသိမ်းပြီးတာနဲ့ နှစ်ပေါင်း ၁၀ နှစ်နီးပါး ကျနော်တို့ ကြိုးစားခဲ့တယ်။ အပစ်အခတ်ရပ်စဲရေးကနေတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုံးဝ လက်ခံလို့ မရတော့လို့ ကျနော်တို့ ပြည်သူလူထုတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေပါတယ်။
ပုံ-တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များကို နှုတ်ဆက်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတွေ့ရစဉ်
မေး ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဖြည်စွက်ပြောပေးပါဦးဗျ။
ဖြေ ။ ။ ကျနော်တို့ရဲ့ ထူးခြားမှု နှစ် ၆၀၊ ၇၀ အတွင်းမှာ ဒီလိုမျိုး သေချာထိုင်ပြီး စကားပြောရမယ့် အနေ အထား မရှိခဲ့ဘူး။ သို့သော်ငြားလည်းပဲ အဲမှာ ပြီးခဲ့တဲ့ ၂၀၁၁ ကနေပြီးတော့ အပစ်အခတ်ရပ်စဲရေး Bilateral အဆင့်ကနေ တစ်ပြည်လုံးအဆင့် ဒါတွေလည်း အခက်အခဲ အများကြီး ကြုံခဲ့ရပါတယ်။
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ထိုးနိုင်ဖို့ကိုလည်း ၂ နှစ်နီးပါး ဆွေးနွေးခဲ့ရတယ်။ အဲတာလည်း အားလုံး လည်း မပါလာခဲ့ပါဘူး။ သို့သော်ငြားလည်းပဲ ဖြစ်နိုင်တဲ့ အနေအထားကနေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားနိုင် မယ်ဆိုပြီး ယုံကြည်လို့ လုပ်တယ်။ သို့သော်လည်း ကျနော်တို့ ယုံကြည်ချက်ကို လုံးဝဖျက်ဆီးခံရတဲ့ အနေ အထားက ဒီစစ်အာဏာသိမ်းမှုပါပဲ။ တွေ့ဆုံဆွေးနွေးမှု အဓိအားဖြင့် NLD ဗဟိုအုပ်ချုပ်တဲ့ ၄၊ ၅ နှစ်အတွင်းမှာ တော့ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတော့ ၃၊ ၄ ကြိမ်ပေါ့နော်။ ၂၁ ရာစု ပင်လုံခေါ်တဲ့ အဲတာပေါ့နော်။
အဲလို အနေအထားမှာ အခက်အခဲတွေ အများကြီး တွေ့ရပါတယ်။ နိုင်ငံရေးစိတ်ဆန္ဒ မရှိတာကို သွားတွေ့ရ တယ်။ အထူးအဖြင့် စစ်တပ်ပိုင်းကပေါ့။ စစ်တပ်ပိုင်းကရယ် အထူးသဖြင့် ဒါက သိသိသာသာကြီးပါ။ ဘာပဲ ဆွေးနွေးဆွေးနွေး ဘာသွားတွေ့ရလဲဆိုတော့ အဖြေတစ်ခုကို ရဖို့ထက် ၂၀၀၈ အခြေခံဥပဒေကနေပြီးတော့ အဲထဲကနေပြီးတော့ ခေါင်းမပြူထွက်ပဲနဲ့ အဲကနေပဲ ကုတ်ကတ်နေတော့ လာသမျှ ဆွေးနွေးမှုကို ပယ်ချတဲ့ ဟာကိုလည်း ကျနော်တို့ ကြုံခဲ့ရပါတယ်။
အဲတာကြောင့်မို့ ကျနော်တို့က ဘာဘဲဖြစ်ဖြစ် အဆိုးထဲက အကောင်းပေါ့ဗျာ။ အခုလက်ရှိအခြေအနေက အဆိုး ဆုံးကို တစ်ပြည်လုံး ကြုံနေရတယ်။ ကျနော်တို့မှ မဟုတ်ပါဘူး။ လူထုလည်း အလူးအလဲ ခံနေရတယ်။ ဒီစစ် အာဏာသိမ်းတဲ့ နောက်ဆက်တွဲအနေနဲ့ ရောဂါဘရဘေးတွေ၊ စီးပွားရေး ကျပ်တည်းမှုတွေရော၊ စစ်ရေးတွေရော အကုန်လုံး ကြုံဆုံနေရတယ်ဆိုတော့ ဒါတွေက ဘာပဲပြောပြော အဆိုးထဲက အကောင်းလို့ မြင်တယ်။
ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူတစ်ရပ်လုံးနဲ့ ကျနော်တို့ တော်လှန်ရေး အဖွဲ့အစည်းအားလုံးက ဒီအချိန်မှာက တစ်သားတည်းကျပြီးတော့ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကောင်းတဲ့အခွင့်အရေးလို့ပဲ ကျနော်တို့ မြင်ပါတယ်။ ဒါတွေ ကျနော်တို့ ပြောခြင်းအားဖြင့် တွေ့ဆုံဆွေးနွေးရေးကို ကျနော်တို့ ငြင်းတာလည်း မဟုတ်ဘူး။ သို့သော်ငြား လည်းဘဲ ဒီနေ့ ဒီအချိန် ဒီကာလဟာ ကျနော်တို့နဲ့ အလျော်ကန်ဆုံးအချိန်က ဒီမတရားမှုကို လက်တွဲပြီးတော့ ဆန့် ကျင်တာ အကောင်းဆုံးပဲလို့ ကျနော်ယူဆပါတယ်။
ဒါကြောင့်မို့လို့ ၁၀ နှစ်ပြည့်လာတဲ့ အပစ်အခတ်ရပ်စဲရေးကနေ ငြိမ်းချမ်းရေးနည်းလမ်းကို ရှာကြတဲ့အခါ ကျနော်တို့ကတော့ ဒါအောင်မြင်မှုရတယ်လို့ ပြောလို့မရဘူးဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒါဖြစ်ပေါ်လာတဲ့ အခြေအနေအရကို အဆိုးထဲက အကောင်းဆိုပြီး မြင်ပြီးတော့ ကျနော်တို့က အကောင်းဆုံးကြိုးစားသွားမှာပါ။
ပုံ- ဗိုလ်မှူးကြီး ခွန်ဥက္ကာကိုတွေ့ရစဉ် (NCA-S EAO/fb)
ဗိုလ်မှူးကြီးခွန်ဥက္ကာ
ဉီးဆောင်နာယက၊ ပအို၀့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO
မေး ။ ။ ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၈ ရက်က ဦးသိန်းစိန်အစိုးရကနေပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကို ကမ်းလှမ်းခဲ့တယ်။ အခုဆို ၁၀ နှစ်ပြည့်ပြီပေါ့ လေ။ ဆိုတော့ ဦးသိန်းစိန်အစိုးရတုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လောက်တိုးတက်ခဲ့လဲ။ ဘယ်အတိုင်း အတာအထိ လုပ်ဆောင်နိုင်ခဲ့လဲ။
ဖြေ ။ ။ ကျနော်တို့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ကျနော်တို့လည်း အမှတ်တရရှိပါတယ်။ ဒါပေမယ့် ပွဲတွေ ဘာတွေတော့ မလုပ်ဖြစ်ဘူး။ သို့သော်လည်းပဲ ကျနော်တို့ အစည်းအဝေးကြားမှာပဲ ၁၀ ပြည့်တာဆိုတာကို အသိအမှတ်ပြုကြပါတယ်။ ဒီ ၁၀ ပြည့် ဩဂုတ် ၁၈ ရက်ကနေစပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ် ခြင်းကနေ စပြီးတော့ ဗမာပြည်ရဲ့ အပြောင်းအလဲက တော်တော်လေး ကြီးကြီးမားမားဖြစ်သွားတယ်ပေါ့။ ၂၀၂၁ အထိပေါ့။
၂၀၁၁ ကနေ ၂၀၂၁ အထိ ၁၀ အတွင်းမှာတော့ ကြီးကြီးမားမားဖြစ်ပေါ် ပြောင်းလဲမှုတွေ တွေ့ရတာပေါ့။ အဲတာ က ဦးသိန်းစိန်က စလိုက်တဲ့ ပြောင်းလဲမှုပါပဲ။ သို့သော်လည်းပဲ ဦးသိန်းစိန်အနေနဲ့ တပ်က ပုဂ္ဂိုလ်တစ်ဦး။ တပ်ဖက်ရဲ့ မူရင်းပေါ်လစီတွေကို လက်မလွတ်ဘူးဆိုပေမယ့် သူ့ခေတ်သူ့အခါမှာ အတတ်နိုင်ဆုံး လိုက်လျော့ပြီး တော့ ဖြစ်နိုင်ချေရှိတာကို သူစွန့်စားပြီးတော့ လုပ်ပေးလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။
ဒါကြောင့် တပ်ထဲက ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင် ဦးသိန်းစိန်က လက်ဖွာတယ်။ နည်းနည်း သဘောကောင်းလွန်း တယ်ဆိုတာတွေ ဝေဖန်တာတွေ ကြားရပါတယ်။ သို့သော်လည်း အဲလို လက်ဖွာလို့ သဘောကောင်းလို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် အများကြီး အကျိုးရှိပါတယ်ခင်ဗျ။
ပုံ- ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ်ရေးထိုးကြစဉ်
မေး ။ ။ NLD အစိုးရလက်ထက်မှာရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လောက်တိုးတက်ခဲ့လဲ။ ဘယ် အတိုင်းအတာအထိ လုပ်ဆောင်နိုင်ခဲ့လဲ။
ဖြေ ။ ။ NLD လက်ထက်မှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ထင်သလောက်မပေါက်ဘူး။ ဘာကြောင့် လဲ ဆိုတော့ ဦးသိန်းစိန် အစိုးရတုန်းက အစိုးရပါတီနဲ့ တပ်နဲ့က တစ်သားတည်းဖြစ်နေတော့ နည်းနည်းလေး ဘာလုပ်လုပ် တက်ညီလက်ညီ ရှိတာပေါ့ဗျာ။ NLD အစိုးရလက်ထက်ရောက်တော့ တက်ညီလက်ညီမရှိဘူး။ NLD က တစ်ခုခုလုပ်ချင်တယ်ဆိုရင် တပ်က ကပ်ပျက်ရပ်ပျက်ပြောရမလား မဖြစ်ဘူးပေါ့ဗျာ။ အဲဒီကြားထဲမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သွားနေတဲ့ကြားထဲမှာမှ တစ်ခါ ကျနော်တို့ EAO တွေထဲမှာလည်း အဲဒီလို သဘောမျိုး ပေါ့။ နှောင်းနှေးစေတဲ့ သဘောမျိုးတွေ။ ထွက်လုပ်တာတွေ ရှိတယ်။
ဥပမာ ၂၀၁၉ မှာ နိုင်ငံရေးဆွေးနွေးပွဲကနေ ယာယီထွက်တယ်ဆိုတဲ့ အဖွဲ့မျိုး။ ကျနော်တို့ JMC လို့ခေါ်တဲ့ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကနေ ယာယီထွက်တယ်ဆိုတဲ့ အဖွဲ့အစည်းမျိုး။ အဲယာယီတွေက နိုင်ငံရေးဆွေးနွေး ပွဲကနေ တစ်နှစ်၊ တစ်နှစ်ခွဲအထိ ဖြစ်ပေါ်တိုးတက်မှု မရှိတော့ NLD အစိုးရကနေပြီးတော့ ထိထိရောက်ရောက် ဦးဆောင်ပြီးတော့ တွန်းတွန်းတိုက်တိုက် မလုပ်နိုင်ဘူးပေါ့ဗျာ။ လုပ်နိုင်သလောက်တော့ လုပ်တယ်။
ဒါပေမယ့် တပ်မတော်ဘက်နဲ့ ကျနော်တို့ EAO တွေဘက်က တိုတိုပြောရရင်တော့ လွယ်လွယ်ကူကူ မဖြစ်ဘူး ပေါ့၊ ဒီအခက်အခဲတွေကို ဖြစ်လာတယ်ပေါ့ဗျာ။ ဒါကြောင့် NLD ကတော့ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဦးဆောင်နိုင်တဲ့ အဆင့်ရောက်ဘူးပေါ့။ ဒါကိုတော့ ပြောနိုင်ပါတယ်။
ပုံ- ပင်လုံညီလာခံတွင် တွေ့ရသော ငြိမ်းချမ်းရေးဖော်ဆောင်သည့် ခေါင်းဆောင်များ (NCA-S EAO/fb)
မေး ။ ။ အခုလက်ရှိမှာရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လိုအခြေအနေ ဖြစ်နေပြီလဲ
ဖြေ ။ ။ အခုလက်ရှိ အခြေအနေတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က မှောင်သွားပြီ အလင်းရောင်ကို မမြင်ရတော့ပါဘူး။ စောစောတုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အလင်းရောင်လေးကို ဖြတ်ခနဲ တွေ့ရတယ် ဆိုပြီး အိုဘားမားပြောသလိုပေါ့။
အဲဒီ ဖြတ်ခနဲတွေ့ရတဲ့ အလင်းရောင်ဟာ ပြန်မှောင်သွားတဲ့အတွက် အမှောင်ခေတ် တစ်ခေတ်ကိုတော့ ပြန် ရောက်တာပေါ့ဗျာ။ ပြန်ရောက်ပေမယ့် ဒီအမှောင်ခေတ်ကို အတိုဆုံးဖြစ်အောင်တော့ ကြိုးစာရမှာပေါ့ ကျနော် တို့။ အကောင်းဆုံး အခြေအနေ ပြန်ချည်းကပ်နိုင်အောင်ပေါ့။
အနည်းဆုံးတော့ ဦးသိန်းစိန်ခေတ်၊ ဒေါ်အောင်ဆန်းစုကြည်ခေတ် အပြည့်ပြန်မရောက်ရင်တောင်မှ အဲဒီခေတ်ကို ဦးတည်ပြီးတော့ တစ်ဝက်လောက် အဲဒီခေတ်ရဲ့ အခွင့်အရေး တစ်ဝက်လောက် ပြန်ကျန်အောင်တော့ လုပ်ရမယ် လို့ ကျနော်ယူဆတာပေါ့။
မေး ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဖြည်စွက်ပြောပေးပါဦးဗျ။
ဖြေ ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကျနော်တို့ ရှင်းရှင်းပြောရရင်တော့ ဗမာပြည်ရဲ့ အစဉ်အလာပေါ့ ဗျာ။ ကောင်းတာဖြစ်စေ၊ မကောင်းတာဖြစ်စေ၊ အမှောင်ခေတ်ကြီးက ဖြတ်သန်းလာခဲ့တာ ၁၉၅၈ ကတည်းကဆို တော့ အဲဒီကနေရလာတဲ့ အယူအဆအဟောင်းတွေ၊ အတွေးအခေါ်အဟာင်းတွေ၊ လက်နက်ကိုင် အင်အားစု ကနေ ပြီးတော့ နိုင်ငံတော်အာဏာယူတဲ့ အလေ့အထားတွေက တော်တော်နဲ့ မပျောက်တဲ့အခါကြတော့ (၁၀)နှစ် ဦးသိန်းစိန်က ဖွင့်ပေးတယ်။ Reform(ပြုပြင်ပြောင်းလဲရေး) လုပ်ပေးတဲ့ ၁၀ နှစ်မှာ ထိုက်သင့်သလောက် တိုးတက်ပေမယ့် ဒါတွေအားလုံးက တစ်သက်လုံး မွေးလာတဲ့ကြက်ကို တစ်မနက်နဲ့ ရိုက်ချဆိုသလိုပေါ့။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး အဲဟာတွေ အားလုံး သုညအဆင့်ကို ပြန်ဆင်းသွားပြီပေါ့။ ပြန်ဆင်း သွားပြီး တော့ သုံးလ၊ ခြောက်လမှာ တစ်စ တစ်စ ပြန်လည်တည်ဆောက်မယ်ဆိုတဲ့ ပုံမျိုးကို လက်ရှိ စစ်ကောင်စီက စဉ်းစား နေတာနဲ့ တူပါတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် ဒီအတိုင်း အမှောင်ထဲမှာတော့ မရဘူး။ အလင်းရောင်ကိုတော့ ပြရမယ်ဆိုတဲ့ အနေနဲ့ တတ်နိုင်သလောက်တော့ တပ်မတော်နည်း၊ တပ်မတော်ဟန်နဲ့ပေါ့ဗျာ ဆက်သွားမယ် လို့တော့ ကျနော်ယူဆတယ်ဗျ။
ဦးအောင်နိုင်ဦး
မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါ၀င်ခဲ့သူ
မေး ။ ။ အခုလက်ရှိမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လို အခြေအနေ ဖြစ်နေပြီလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ လက်ရှိ အခြေအနေကို ကြည့်ရတာ စိတ်မကောင်းစရာပါ။ ဒါပေမယ့် ပဋိပက္ခတွေအားလုံး အဆုံးသတ်ဖို့ သော့ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေး အရယူခြင်းဟာ ပြီးခဲ့တဲ့အနှစ် ၇၀ က ဒဏ်ရာ ကုစား ပေးနိုင်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ဒါကြောင့် ကျနော်တို့ မျှော်လင့်ချက်ကို မစွန့်လွှတ်ဘူး။
#ပဒိုစောတောနီး #ဗိုလ်မှူးကြီးခွန်ဥက္ကာ #ဦးအောင်နိုင်ဦး #KNU #PNLO #ဉီးသိန်းစိန် #တပ်မတော် #အစိုးရ #DawAungSanSuKyi #၁၀နှစ်ပြည့် #ငြိမ်းချမ်းရေး #လုပ်ငန်းစဉ် #CNImyanmar #cninews #ChannelNewsIndependent