CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၅ ရက်

 

ကိုဗစ်တတိယလှိုင်းမှာ ပြည်တွင်းလိုအပ်ချက်မြင့်တက်နေတဲ့ အောက်ဆီဂျင်နဲ့ ဆက်စပ်ပစ္စည်းတွေကို ပြည်သူတွေစရိတ်သက်သာစွာနဲ့ရဖို့ အတွက် မြန်မာမူဆလင်အသင်းကရောင်းချပေးဖို့ရှိနေပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အောက်ဆီဂျင်တင်သွင်းတဲ့နေရာမှာ ဘယ်လိုတွေ အခက်အခဲရှိနေလဲ၊ စရိတ်သက်သက်သာသာနဲ့ အများပြည်သူကို ဘယ်လိုရောင်းသွားမလဲ စတဲ့ အကြောင်းကို Myanmar Muslim Aid (MMAID) မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၏ ပံ့ပိုးကူညီရေးကော်မတီ ဥက္ကဌ ဦးတင်မောင်သန်း ကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

 

မေး။ ။အောက်ဆီဂျင်အိုးတွေကို စရိတ်သက်သက်သာသာနဲ့ ထားပြီး ရောင်းချပေးမယ်ဆိုတာက ဘယ်လောက် ဈေးနှုန်းတွေထားပြီး ဘယ်လို ပုံစံမျိုးနဲ့ ရောင်းချပေးမှာလဲရှင့်။

 

ဖြေ။ ။အခုကတော့ ပထမအဆင့်က နှစ်မျိုးလုပ်တာပေါ့။ အောက်ဆီဂျင်အိုးတွေကို နယ်စပ်ကနေ သွင်းပြီးတော့ ၄၀ လီတာ အိုးတစ်အိုး အပြည့်အစုံပေါ့၊ အရည်ရော ဘာရော အကုန်ဝမ်းဆက်ပေါ့၊ အဲ့ဒါကို ကျနော် ကျပ် ၂ သိန်းနဲ့ ရောင်းပေးတယ်။ နောက်တစ်ခါ အောက်ဆီဂျင် အိုး ၁၀၀၀ ထားပြီးတော့ မရှိတဲ့သူတွေကို ကျနော်တို့က ငှားပေးမယ်။ နောက် အောက်ဆီဂျင် ထုတ်တဲ့စက်ရော Plant ရောပေါ့ နှစ်လုံးမှာထားတယ်။ ဒါတွေကို ထိုင်ပြီးတော့ အောက်ဆီဂျင်ကို ကိုယ်တိုင် ကိုယ့်အိုးနဲ့ ကိုယ်ထည့် ပြီးတော့ မရှိတဲ့သူတွေ လိုအပ်တဲ့ သူတွေကို ငှားမယ်ပေါ့။ ပထမတော့ အဲ့လိုရည်ရွယ်ထားတာ။ ဒါပေမယ့် နောက်ပိုင်းဈေးကွက်မှာ အန်ကယ်တို့ကိုယ်တိုင် ဈေးကြီးကြီးတွေ ပေးဝယ်နေရတယ်။ တစ်ချို့ ခရစ်ယာန်အသင်းတစ်ခုဆိုရင် ဆက်သွယ်လာတာ သူတို့အသင်းမှာ အောက်ဆီဂျင် တစ်အိုးလိုလို့ ဝယ်ရတာ အိုးကြီးပဲကို ကျပ် ၇ သိန်းတောင် ပေးရတယ်တဲ့။ Flowmeter ကို ကျပ် ၁ သိန်းခွဲ ပေးရတယ်တဲ့။ အဲ့ဒါနဲ့ ကျနော် က ကျပ် ၂ သိန်းနဲ့ ဖြတ်မယ်ဆိုပြီးတော့ နယ်စပ်ကနေ သွင်းမယ်ဆိုပြီး စကြေညာပြီး လုပ်တယ်။

မန္တလေးမှာ ဇူလိုင်လ ၂ ရက် အောက်ဆီဂျင်အိုး ၃၆၀ အိုး စဖြန့်တယ်။ အခု ဇူလိုင်လ ၃ ရက်မှာ ရန်ကုန်မှာ စဖြန့်တယ်။ အဲ့မှာမှ အိုး ၆၀ ကို ငွေကြေးမတတ်နိုင်တဲ့သူတွေ ငွေကြေးချို့တဲ့သူတွေအတွက် သပ်သပ်ဖယ်ပြီးတော့ ဒီနေ့ကနေ နံပါတ်စဉ်အလိုက်နဲ့ ကျွန်တော် ထုတ်ရောင်းပေးနေပြီ။ ပြီးတော့ ပထမ စစချင်းကတော့ ကျနော့ပို့စ်အောက်မှာ မန့်ပြီးတော့ လျှောက်ခိုင်းတယ်။ အရမ်းများလာတော့ Google form ထားပြီးတော့ ဖြည့်လျှောက်ခိုင်းတယ်။အခုကတော့ ကျနော်တို့ ကားတစ်စီးစာပဲ ဝင်သေးတယ်။ တရုတ်နယ်စပ်မှာက ကားတန်းစီရတာ ၆ ရက်၊ တစ်ပတ်ကြာတယ်။ အရမ်းကြာနေတဲ့အတွက်ကြောင့် အခု နောက်အစီးတွေကို ကွန်တိန်နာဘက်ကို သွားခိုင်းပြီးတော့ သင်္ဘောနဲ့ တင်နေတယ်။ ဇူလိုင်လ ၃ သုံးရက်နေ့မှာ သင်္ဘောတစ်စင်း ထွက်တယ်။ ထွက်တဲ့သင်္ဘောပေါ်မှာ အပိုပစ္စည်းအစုံအပါဆိုရင် ၄၀ လီတာအိုး ၈၇၀ ပါတယ်။ အခုအိုး ၇၂၀ က ဝင်ပြီးသွားပြီ။ ရန်ကုန်မှာ ၃၀၀ ရောင်းမယ်။ အိုး ၆၀ က ငှားမယ်။ ဩဂုတ်လ ၁၀ ရက်နေ့ သင်္ဘောမှာ ၄၀ လီတာအိုးရော၊ ၁၅ လီတာရှိတဲ့ အိုးရော အားလုံးအလုံးရေ ၆ ထောင်ကျော်ပါမယ်။ ဩဂုတ်လ ၃ ရက်နေ့ ထွက်တဲ့ သင်္ဘောက လာမယ့် ၁၁ ရက်နေ့မှာ ရောက်မယ်။

 

မေး။ ။အခုလို စရိတ်သက်သက်သာသာနဲ့ ပြည်သူတွေကိုရောင်းချပေးတယ်ဆိုတာက ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ရောင်းချပေးတာပါသလဲရှင့်။

 

ဖြေ။ ။အဓိကရည်ရွယ်ချက်ကတော့ ဈေးကွက်မှာ ပစ္စည်းရှားပါးတဲ့အပေါ်မှာ သမ္မာအာဇီဝနဲ့ ရောင်းချတာမျိုး မဟုတ်ဘဲနဲ့ တကယ့်ကို လောဘတကြီးနဲ့ လူတွေဒုက္ခရောက်တုန်း အတင်းစီးပွား ရှာမယ်ဆိုတဲ့ ပုံစံမျိုး ၅ သိန်း၊ ၇ သိန်း၊ ကျပ် ၁၀ သိန်း ပေါ့၊ ရောင်းရင်ရောင်းတယ်ပေါ့။ အခု ကျွန်တော် ကျပ် ၂ သောင်းခွဲနဲ့ ရောင်းတဲ့ အောက်ဆီမီတာကိုတောင် ကျပ်တစ်သိန်းခွဲ၊ နှစ်သိန်းလောက် လူတွေ အရေးပေါ်လိုရင်လိုသလို အမြတ်ထုတ်ပြီးရောင်းတာတွေကို ပျောက်စေချင်တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လေးလေးနက်နက် ကျွန်တော်ရည်ရွယ်တာက ဥပမာ တစ်ဦးချင်း ဝယ်သုံးနိုင်တဲ့ သူတွေရှိတယ်။ ဒါပေမယ့် ပစ္စည်းရှားပါးတာရယ်၊ ဈေးအဆမတန်များတာရယ်ကြောင့်မို့ ဝယ်မသုံး နိုင်ကြဘူး။ ပရဟိတတွေဆီကပဲ ငှားသုံးတဲ့အတွက် ဆင်းရဲသားတွေက တော်တော် နစ်နာတယ်။ နောက်တခါ ပရဟိတတွေက ဝယ်ဖို့အတွက်ကျတော့လည်း ဈေးကြီးတဲ့အတွက်ကြောင့် များများမလှူ နိုင်ဘူး။ အဲဒီအခါကျတော့ ပရဟိတတွေ မနိုင်မနင်းဖြစ်လာတယ်။ အောက်ဆီဂျင်ပြတ်လို့ သေတာကလည်း ပိုဆိုးပက်စက်ပဲ။ အောက်ဆီဂျင်အိုးဈေးတွေ မတော်မတရားတက်နေတာက တကြောင်း၊ ပရဟိတတွေ ဝန်ထုပ်ဝန်ပိုးဖြစ်နေတာက တကြောင်း၊ နောက်တစ်ခါ တသီးပုဂ္ဂလတွေက ကိုယ်တိုင်ဝယ်မရဘဲ ပရဟိတကိုပဲ မှီခိုနေရတာက တကြောင်း၊ အလှူရှင်တွေကလည်း လှူတဲ့နေရာမှာ များများစားစားမလှူနိုင်တာက တကြောင်း၊ ဒီပြဿနာတွေ အားလုံးကို အမြန်ဆုံးပျောက်သွားစေချင် တယ်။ ဈေးကွက်မှာ မှန်မှန်ကန်ကန်ပေါ့နော်။ ဥပမာ နှစ်သိန်းခွဲလောက်ဝန်းကျင်ဖြစ်တယ်ဆိုရင် ဒီ ဈေးကွက်ကို ပစ္စည်းတောက်လျှောက်သွင်းပြီးတော့ ဖြန့်မယ်ပေါ့နော်။

ကျနော် ဘယ်လောက်ထိ ဖြန့်မလဲဆိုရင် ရောင်းသူကိုတောင် ၂၀ ရာခိုင်နှုန်းထက်အမြတ် ပိုမယူဘဲ ရောင်းမယ်ဆိုရင် ဒီလူတွေအထိပါ ကျနော်သွင်းပေးတယ်။ အလှူရှင်တွေကိုလည်း သွင်းပေးတယ်။ မန္တလေးက သူဆိုရင် အိုးအကြီး ၈၀၀ နဲ့ အိုးအသေး ၄၀၀ မှာတယ်။ သူ့ကိုဆိုရင် ကျနော်အရင်းအတိုင်းပဲ သွင်းပေးတယ်။ တခြားပြန်ရောင်းမယ့်သူတွေကိုလည်း ၂၀ ရာခိုင်နှုန်းပဲ အမြတ်ယူမယ်ဆိုရင် ကျနော်ရောင်းတဲ့ထဲကနေ သူတို့ဟာပါထည့်ပြီးတော့ သွင်းပေးတယ်။ အဓိကတော့ လူတွေဒုက္ခ မရောက်စေချင်တာပဲ။ မရှိတဲ့သူရော ရှိတဲ့သူရော အားလုံး အဆင်ပြေစေချင်တယ်။

 

မေး။ ။အောက်ဆီဂျင်အိုးတွေကို တင်သွင်းတာက တရုတ်နိုင်ငံ တစ်ခုထဲက တင်သွင်းတာလား။ တခြား အိမ်နီးချင်း ဘယ်နိုင်ငံတွေကရော တင်သွင်းတာ ရှိပါသေးလဲ။

 

ဖြေ။ ။ကျနော် ထိုင်းတို့ အိန္ဒိယတို့ဘက်ကလည်းတင်သွင်းဖို့ ကြိုးစားကြည့်သေးတယ်။ ဒါပေမယ့် ထိုင်းက ပစ္စည်းအထွက်ကို လုံးဝ၊ သူ့ဆီမှာလည်း ရောဂါဖြစ်နေတဲ့အတွက် အောက်ဆီဂျင်ထုတ်တဲ့စက် အသေးစားလေးတွေပေါ့နော်။ ဒါတွေကို ကိုဗစ်နဲ့ ပတ်သက်တာ အားလုံးကို နယ်စပ်ကို ပိတ်ထားတယ်။ မဲဆောက်ကနေ ဒီဘက်ကို သွင်းလို့ မရဘူး။ အများဆုံးသွင်းလို့ရရင် ၄ လုံး၊ ၅ လုံးပဲ အများကြီးသွင်းလို့ မရဘူး။ ဈေးကလည်း ဘတ် ၇၀၀၀ လောက်ဖြစ်နေတော့ မြန်မာငွေနဲ့ဆိုရင် ကျပ် ၃ သိန်းခွဲလောက် ကျတယ်။ အဲဒီတော့ ထိုင်းက ကျွန်တော်တို့ တင်သွင်းဖို့ ကြိုးစားတာ မအောင်မြင်ဘူး။ ပိတ်ထားတာက တကြောင်း၊ ဈေးက အဆမတန်များနေတဲ့ အတွက်ကြောင့် ဖြစ်တယ်။ အိန္ဒိယကကျတော့ သူ့ဆီမှာ ရောဂါဖြစ်နေတာ မလုံလောက်တဲ့အတွက် တရုတ်က ပြန်မှာနေရတယ်။ အခုက အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ တစ်ကမ္ဘာလုံးက တရုတ်ဆီကနေပဲပြန်မှာနေရတယ်။ တရုတ်က နေ့စဉ်နဲ့အမျှ ဈေးက တက်နေတယ်။

 

မေး။ ။ဒီအောက်ဆီဂျင်အိုးတွေကို လူတစ်ဦးက ဘယ်နှစ်အိုး ဝယ်လို့ရပြီးတော့ ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာပဲ ရောင်းချမှာလား။ တစ်ခြား ဘယ်မြို့နယ်တွေမှာ ရောင်းချသွားဖို့ ထပ်ပြီး ရှိပါသလဲ။

 

ဖြေ။ ။ ကျနော် အခုရောင်းတာကိုက ကားတစ်စီးလုံးရောင်းချတာဖြစ်တယ်။ ကျနော် မန္တလေးမှာ ပစ္စည်းချပြီးတော့ ကလေးက အော်ဒါမှာရင် ကလေးမြို့ကို ပို့တယ်။ လားရိူး၊ တောင်ကြီး၊ မန္တလေး တစ်တိုင်းလုံး စသည်ဖြင့် ပို့တယ်။ အော်ဒါ ၃၄၀၀ မှာ၊ ကျွန်တော်က ၄၀၀ ကို အောက်ဆီဂျင်အိုး မဝယ်နိုင်တဲ့သူတွေ လတ်တလော လိုအပ်နေတဲ့သူတွေကို ငှားဖို့ နောက် ၃၀၀၀ ကိုကျတော့ ကျနော့်ဆီမှာ စာရင်းတင်တာက ကော်မန့်မှာ အော်ဒါတင်တာမပါဘဲနဲ့ Google form မှာ တင်တာ ၂ သောင်းကျော်တယ်။ ဒီလျှောက်တဲ့သူတောင်းဆိုတဲ့ အိုးကတင် အောက်ဆီဂျင်အိုးပေါင်း ၇ သောင်းကျော် ရှိတယ်။ အဲဒီတော့ ဖြည့်စိုက်ပြီးတော့ သွင်းရတာပေါ့နော်။ ဆေးရုံငါးလုံး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယန်အသင်းတော်၊ ဗလီတွေ ၅ လုံးဆီနဲ့ ပြီးတဲ့အခါကျတော့ ပရဟိတနာမည်နဲ့ လျှောက်ရင် ၂ လုံး လူပုဂ္ဂိုလ်နာမည်နဲ့ လျှောက်ရင် ၁ လုံး၊ အဲလို ခွဲထားတယ်။ အခု ရောက်မယ့် အိုး ၃၀၀၀ ကို ရောင်းပေးမယ်။ နောက်ဟာတွေကျတော့ အိုးက ၇ သောင်းကျော်ဆိုတော့၊ ဒါကို ကျွန်တော် အကြိမ် ၂၀ လောက် အပြန်ပြန်အလှန်လှန် သွင်းရမယ့် အနေအထားရှိတယ်။ ဒါကြောင့် ဒုတိယအစီစဉ်တစ်ခု ထပ်ဆွဲလိုက်တယ်။ ငွေကြိုသွင်းစနစ်နဲ့ တောက်လျှောက်မှာပေးနေတယ်။ ပထမအသုတ်ရဲ့ အိုး ၃၀၀၀ ကိုတော့ ကန့်သတ်လိုက်တယ်။ နောက်အသုတ်တွေတော့ ငွေကြိုသွင်းစနစ်နဲ့ ရောင်းပေးနေပါတယ်။ ဒီမှာတော့ ကန့်သတ်ချက်မရှိဘူး။ အိုး ၁၀ လုံးလိုချင်လည်း ငွေသွင်းလိုက် သွင်းပေးမယ်။ အလုံး ၁၀၀ လိုချင်လည်း ၁၀၀ ရမယ်။ ပရဟိတတွေ ဘုန်းကြီးကျောင်းတွေဆိုရင် အနည်းဆုံး အိုး ၅၀ စီ လောက်အထိ ရတယ်။ ကျွန်တော် ဒီဟာတွေကို အခု ဩဂုတ်လ ၁၀ ရက်နေ့ ရောက်မယ့် သင်္ဘောကနေ မှာသလောက် ငွေသွင်းသလောက်ကို ရောင်းပေးနေပါတယ်။ မနေ့က ဩဂုတ် ၃ ရက်မှာ ထွက်တဲ့ သင်္ဘောအထိကတော့ ရှေ့က အိုး ၃၀၀၀ မှာထားတဲ့ သူတွေအတွက်ပဲ ဖြစ်တယ်။ ဩဂုတ်လ ၁၀ ရက်နေ့ သင်္ဘောမှာ ပါမယ့်ဟာက အောက်ဆီဂျင်အိုးပေါင်း အလုံးရေ ၆ ထောင်ကျော်မှာ အိုး အလုံးရေ ၁၅၀၀ နဲ့ ၂၀၀၀ လောက်က ၄၀ လီတာအိုးတွေ ဖြစ်တယ်။ ကျန်တဲ့ဟာက ၁၅ လီတာဖြစ်တယ်။

 

မေး။ ။ငွေကြိုသွင်းရတယ်ဆိုတာက ယူမယ့် အောက်ဆီဂျင် အိုးအလုံးရေအလိုက် အပြည့် ငွေသွင်းရတာလား။ ဒါမှမဟုတ် ဘယ်လို သွင်းရတာလဲ။

 

ဖြေ။ ။အစောပိုင်း စက်ရုံက အော်ဒါတင်နေတဲ့ အချိန်တုန်းကတော့ တရုတ်စက်ရုံတွေကို အော်ဒါတင်ရင် ကျွန်တော်တို့ ၃၀ ရာခိုင်နှုန်း စာရင်းသွင်းရတယ်။ အဲ့အချိန်ကတော့ အော်ဒါတင်မယ့် သူတွေကို ၃၀ ရာခိုင်နှုန်းပဲ စာရင်းသွင်းခိုင်းတယ်။ အခုပစ္စည်းဆိပ်ကမ်းမှာဝင်ပြီ ဆိုတဲ့အတွက်ကျတော့ ကျန်တဲ့ပိုက်ဆံအားလုံး သွင်းခိုင်းတယ်။ အခု အဲဒီအတိုင်းပဲ ပရဟိတအသင်းတွေရော တခြားသူတွေရော စီစဉ်ထားတာက ကျပ် ၂ သိန်းတန်အိုးမှာရင် ကျပ် ၁ သိန်း ၄ သောင်း ကျနော်ကို ကြိုသွင်းရမယ်။ ကျန်တဲ့ ကျပ် ၆ သောင်းကို ပစ္စည်းရမှ သွင်းရမယ်။ နောက်တစ်ခါ ကျပ် ၁ သိန်း ၄ သောင်းတန် မှာတဲ့သူက အခု ကျပ် ၉ သောင်း သွင်းရမယ်။ ရောက်မှ ကျပ် ၅ သောင်းသွင်း။ အဲ့ဒီပုံစံမျိုး အခုနောက်ဆုံးလုပ်နေတယ်။ အော်ဒါအသစ်တွေကို ဩဂုတ်လ ၁၇ ရက်နေ့မှာ ထည့်ပေးမယ်။ အော်ဒါအသစ်က ကွန်တိန်နာ တစ်လုံးစာလောက်တော့ ရနေပြီ။

အခု ဩဂုတ်လ ၃ ရက်နေ့ တစ်ရက်ထဲတင် အော်ဒါအမှာက လူဦိးရေ ၁ ထောင်လောက် တက်လာတယ်။ စရံတော့မဟုတ်ဘူး အကျေပေးတယ်။ တစ်ချို့အသင်းတွေကျတော့လည်း စောစောက ကျနော် ပြောသလို ပေးတယ်ပေါ့။

 

မေး။ ။အောက်ဆီဂျင်အိုးတွေကို တင်သွင်းတဲ့နေရာမှာ အခက်အခဲတွေ ရှိလားရှင့်။

 

ဖြေ။ ။နယ်စပ်က တင်သွင်းရတဲ့ အချိန်မှာ တော်တော်အခက်အခဲ ဖြစ်လိုက်တယ်။ စက်ရုံကနေ တရုတ်နယ်စပ်အထိကို ကားက ၃ ရက်ပဲ ကြာတယ်။ တရုတ်နယ်စပ်မှာ ဖြတ်ဖို့အတွက် အစစအရာရာ လုပ်ပေးနေတဲ့ ဆားဗစ်တွေက အရမ်းခက်ခဲအောင် လုပ်နေတဲ့အတွက် ကျန်းမာရေးပစ္စည်းတွေ ကိုတောင် ဘာမှ ဦးစားပေး လုပ်ပေးတာ မရှိတဲ့အတွက်ကြောင့် အဲ့ဒီမှာ ၆ ရက် ကြာသွားတယ်။ အဲ့ဒီတော့ တရုတ်ပြည်က အထွက်မှာတင် ၉ ရက်လောက် ကြာသွားတယ်။ တခါ ရန်ကုန် အရောက် ကျတော့ ၄ ရက်လောက် ထပ်ကြာသွားတယ်။ အဲ့တော့ ၁၃ ရက်လောက် ကြာပြီးတော်တော် အခက်အခဲ ဖြစ်သွားတော့ ကုန်းလမ်းက မတင်တော့ဘဲ ကျန်တဲ့ကားတွေ အားလုံးဖြတ်ပြီးတော့ ဆိပ်ကမ်းက သွားတင်တာ ဆိပ်ကမ်းကတော့ အခက်အခဲမရှိဘူး။ ကားလမ်းကတော့ အခက်အခဲရှိတယ်။

 

မေး။ ။ဖြည့်စွက်ပြောကြားချင်တာများရှိပါသေးလားရှင့်။

 

ဖြေ။ ။ကျနော် အဓိကပြောချင်တာကတော့ လူတွေကိုလည်း မလိုအပ်ဘဲနဲ့ ဈေးတွေ အများကြီး တင်ပြီးတော့ မဝယ်စေချင်ဘူးဗျာ။ ဒါက တနည်းအားဖြင့် ဝိသမလောဘသမားတွေကို ပိုပြီးတော့ အခွင့်အရေးပေးတာ ဖြစ်တယ်။ တကယ်သေရေး ရှင်ရေးလိုတယ်ဆိုရင်တော့ ဘယ်လောက်နဲ့ဝယ်ဝယ် မပြောလိုဘူး။ နောက်တစ်ခုက ကျနော်ဆီကနေ တောက်လျှောက်ဖြန့်ပေးမယ်။ သိပ်အရေးမကြီးဘူး ဆိုတဲ့ သူတွေကိုတော့ အမှာတင်ပြီးတော့ပဲ ဝယ်စေချင်တယ်။ နောက်တစ်ခုက ပြန်ရောင်းမယ့် လုပ်ငန်းရှင်တွေကိုလည်း ရောင်းပေးနေတယ်။ အမြတ်ကို ၂၀ ရာခိုင်နှုန်းထက် ပိုမယူပါဘူး ဆိုတဲ့ အာမခံတဲ့ သူကိုပဲ ကျွန်တော်သွင်းပေးတယ်။ ယေဘုယျ ခြုံပြီးတော့ ပြောချင်တာကတော့ အခုလို လူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ကပ်ဆိုက်နေတဲ့အချိန်မှာ တတ်နိုင်သလောက်ဖေးမဖို့ မတရား အခွင့်အရေးယူတာ မလုပ်ဖို့ မေတ္တာရပ်ခံချင်တာ။

နောက်တစ်ခု ကျနော် ပြောချင်တာက အောက်ဆီဂျင်ထုတ်တဲ့စက် ၂ လုံးမှာထားတယ်။ ဩဂုတ်လ ၂ ရက်က တစ်လုံးပါတယ်။ ဒါကို သင်္ဃန်းကျွန်းကပညာဒါန သင်တန်းကျောင်းဝန်းခြံထဲမှာ ထိုင်မယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ဩဂုတ်လ ၁၅ ရက်နေ့လောက်ကစပြီးတော့ အောက်ဆီဂျင် အခမဲ့ထည့်ပေးမယ်။ ပိုက်ဆံတတ်နိုင်တဲ့သူက အလှူငွေထည့် မတတ်နိုင်တဲ့သူက အခမဲ့ပေါ့။ ဒါကိုလည်း တိုက်ရိုက် တစ်ဦးချင်းကို ထည့်ပေးမှာ မဟုတ်ဘူး။ Myanmar Muslim Aid (MMAID) က အလုံးတွေရယ်၊ ဘုန်းကြီးကျောင်းတို့ ချက်ကျောင်းတို့ ဗလီတို့ အသင်းတော်တို့လိုဟာမျိုးက အောက်ဆီဂျင်အိုးတွေကို ဖြည့်ပေးမယ်။ တန်းမစီရဘူး။ ကျနော်ကိုယ်တိုင် Delivery လုပ်ပေးမယ်။ လကုန်ရင် အခုထက် ၃ ဆကြီးတဲ့ ပိုထွက်တဲ့စက်ရောက်မယ်။ ဒါကို ဒဂုံဆိပ်ကမ်းမှာထိုင်မယ်။ ဒါကိုလည်း တတ်နိုင်တဲ့ဘက်က အောက်ဆီဂျင် ဖြည့်ပေးမယ်။

#CNINews

#CNIMyanmar

#ChannelNewsIndependent

#MyanmarMuslimAid

#MMAID

#Oxygen

#TinMgThan

#Covid

#Donation